သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတည်ပြုပြီးဒုက္ခသည် ၆ ထောင်ထဲ နှစ်ထောင်ကျော် စတင်ခေါ်ယူမည်


ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်သွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ဘယ်လိုပဲရှိရှိ နှစ်နိုင်ငံ သဘောတူညီချက်နဲ့ အညီ အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတဦးက VOA ကို ပြောပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ပထမအသုတ် ပြန်ပို့ရေး နိုဝင်ဘာ လလယ်မှာ စတင်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူ ထားပေမယ့်၊ အချိန်မတန်သေးဘူးလို့ ယူဆတဲ့အကြောင်း ကုသလမဂ္ဂဘက်က ပြောဆိုဒါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို တုံ့ပြန်ပြော ဆိုတာပါ။ VOA သတင်းထောက် မမေခက သတင်းပေးပို့ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တတိယအကြိမ် နေရပ်စွန့်ခွာသူတွေ ပြန်လည် လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေး မနေ့က ဒက်ကာမြို့မှာ ကျင်းပပြီး ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းကျော်ထဲက ပထမသုတ် ပြန်ပို့ရေးကို နိုဝင်ဘာလလယ်မှာ စတင်မှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

တချိန်တည်းမှာ ဒီ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ အချိန်မတန်သေးဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကယူဆကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံးပြောခွင့်ရ Stephane Dujarric က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို အလောသုံးဆယ် လုပ်တာ ဒါမှမဟုတ် အချိန်မတန်သေးပဲ လုပ်တာမျိုး မဖြစ်စေချင်ဘူးလို့ UNHCR ဘက်က ပြောဆိုထားတာပါ။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်ကတော့ မြန်မာနိုင်ငံအနေနဲ့ ပြန်လည်လက်ခံရေးနဲ့ နေရာချထားရေး လုပ်ငန်းစဉ် အောင်မြင်ဖို့က အဓိကလို့ VOA ကို ပြောပါတယ်။

“ ကျွန်တော် တု့ိဘက်က ဒီပြဿနာကို ပြန်လည် ဖြေရှင်းနိုင်ရေး ကျွန်တော်တို့ဘက်က အဆင့်အလိုက်ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်ခဲ့တယ် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက် တဲ့အဆင့်တိုင်း အဆင့်တိုင်းမှာလည်း ဝေဖန်မှုတွေက ကျွန်တော်တို့ မလွတ်ခဲ့ပါဘူး အခုအချိန်အထိလည်း ဝေဖန်မှုတွေ ရှိနေပါတယ် နောင်တစ်ချိန်မှာ ကျွန်တော်တို့ ဒီလက်ခံရေး လုပ်ငန်းစဉ်တွေ အောင်မြင်သွားပြီးတဲ့ အချိန်မှာလည်း ဝေဖန်မှုတွေဟာ ရှိနေမှာပဲ ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ် ဘာလို့ဆိုတော့ ဒီဝေဖန်ဖို့ လုပ်နေတဲ့ လူတွေက အများကြီးရှိပါတယ် ဒါနဲ့ပတ်သတ်ပြီးတော့လည်း အခုမဟုတ်ဘူး နောင်လည်းရှိနေအုန်းမှာပဲ ကျွန်တော်တို့ ဘက်က အဓိက လုပ်တာကတော့ ဒီလူပြန်လည် လက်ခံရေးလုပ်ငန်း ဆိုတဲ့ အောင်မြင်ဖို့ရယ် ပြန်လည်နေရာချထားရေး လုပ်ငန်းဆိုတဲ့ အောင်မြင်မှုရယ် အဓိက ကိုပဲ ကျွန်တော်တို့ အာရုံစိုက်ပြီးလုပ်နေတယ်”

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ရိုဟင်ဂျာလို့ ခေါ်ပေမယ့် မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတာ မြန်မာပြည်မှာ မရှိတဲ့အကြောင်း ငြင်းဆိုထားပါတယ်။ ဒုက္ခသည်တွေ ပြန်လည် လက်ခံရေးနဲ့ပတ်သက်လို့တော့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ ဦးဆောင်တဲ့အဖွဲ့ ဟာ ဒက်ကာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။ ဒီနေ့ အောက်တိုဘာ ၃၁ ရက်နေ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ကော့စ်ဘဆာ မှာရှိတဲ့ ဒုက္ခသည်စခန်းကို သွားရောက်မယ့်အကြောင်း သတင်းတွေမှာ ဖေါ်ပြပါတယ်။ အခု ဒုက္ခသည်တွေ စတင်လက်ခံမယ့်အစီအစဉ်ဟာ မြန်မာနိုင်ငံဘက်က အတည်ပြုထားတဲ့ ဒုက္ခသည် ခြောက်ထောင်ထဲက ၂၆၀၀ လောက်ကို တသုတ်ပြီး တသုတ် လက်ခံဖို့ သဘောတူတာလို့လည်း ဦးစိုးဟန်က ပြောပါတယ်။

“repatriation process ကိုလုပ်နေတာက အဓိကအားဖြင့်ပေါ့နော် ကျွန်တော်တို့ မြန်မာ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ bilateral MOU နဲ့ ကျွန်တော်တို့ လုပ်နေတာပါ ကုလသမဂ္ဂဘက်ကလည်း ကျွန်တော်တို့ကို ဒါ ဟို ဒီပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေ စတင်နိုင်ဖို့ဆိုပြီး သူတို့ပြောထားတာ ရှိပါတယ်ခင်ဗျ ကျွန်တော်တို့ဘက်ကလည်း ဒီလူတွေကို ပြန်ပြီးတော့ လက်ခံနိုင်ဖို့ ဒီဘက်မှာ သူတို့ကို ပြန်လည်နေရာချထားရေး ပြီးရင်သူတို့ ရေရှည် နော် လူမှုဘဝပေါ့နော် စီးပွားရေးလုပ်ကိုင်စားသောက်နိုင်အောင် ကျွန်တော်တို့ဒါ ဒီဥစ္စာ ကျွန်တော်တို့ အပေါ်မှာ ကြိုးပမ်းဆောင်ရွက်နေတာရှိပါတယ် သို့သော်လည်း ကျွန်တော်တို့ဘက်က ဒီလိုဆောင်ရွက်နေပေမယ့် ဘင်္ဂလားဒေရှ့် ဘက်ကနေပြီးတော့ ကျွန်တော်တို့ ပို့ထားတဲ့စာရင်းတွေပေါ့နော် ဒီလို clarified လုပ်ပြီးသား ကျွန်တော်တို့ဘက်မှာ ဒီလိုနေထိုင်တာ မှန်ကန်တဲ့လူစာရင်း ပို့ထားတာ ကြာပြီ အဲ့ဒါတွေက ကျွန်တော်တို့ စပြီးပို့ထားတာက ဒီနှစ်မတ်လလောက်ကတည်းက ဒီဖြစ်လို့ရတဲ့စာရင်းအလိုက်ကျွန်တော်တို့ ပို့ထားတာ အဲ ၁၈ သုတ်လောက်ရှိပြီပေါ့နော် အဲတော့ အခု လက်ရှိနောက်ဆုံးအနေအထားအရ ဆိုရင်တော့ ခြောက်ထောင်ကျော်ရှိတယ် အခုအဲဒီထဲကမှ ဘင်္ဂလားဒေရှ့်က နှစ်ထောင့်ခြောက်ရာကို သူတို့ ပို့ပါမယ်ဆိုပြီး စပြီးတော့ သူတို့စပြောလာတာပေါ့နော် ဒါညှိနှိုင်းနေဆဲရှိပါတယ် ဘင်္ဂလားဒေရှ့်က နိုဝင်ဘာလထဲမှာ စပြီးပို့မယ်လို့ ကျွန်တော်တို့ပြောပါတယ် သို့သော်လည်း ဒါ နှစ်ဘက်ညှိနှိုင်းရအုန်းမယ် ကျွန်တော်တို့ လက်တွေ့မှာ မြေပြင်အခြေအနေတွေပေါ့နော် ဒီဒေသမှာ လုပ်နေတဲ့ လူတွေနဲ့ အားလုံးညှိနှိုင်း တိုင်ပင်ပြီးမှ ကျွန်တော်တို့ ဒါကို သတ်မှတ်လို့ရမှာပါ”

ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေးအတွက် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အပြင် ကုလသမဂ္ဂအဖွဲ့ ၂ ခုဖြစ်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးး UNHCR နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP တို့နဲ့လည်း မြန်မာအစိုးရက နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပါတယ်။ ဒီ ကုလအဖွဲ့ ၂ ဖွဲ့က တာဝန်ရှိသူတွေဟာ ဘူးသီးတောင်နဲ့ မောင်တောက ကျေးရွာ ၂၃ ရွာကို စက်တင်ဘာလမှာတကြိမ် အောက်တိုဘာလဆန်းမှာတကြိမ် သွားရောက် လေ့လာ ခဲ့ကြပါတယ်။ ဒုက္ခသည်တွေနေရပ်ပြန်ရေး လွယ်ကူအဆင်ပြေစေဖို့၊ ပြန်လာရင် ဝင်ငွေရအောင် အလုပ်စီစဉ်ပေးတာနဲ့ ရောက်ရောက်ချင်း အစားအသောက် အနေအထိုင် အသွားအလာ အဆင်ပြေအောင် အားလုံး အသင့်စီစဉ်ထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက VOA ကို ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG