သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေအနက် ၂ သိန်းခွဲကို ကုလအသိအမှတ်ပြုကပ်ပြားထုတ်ပေးပြီ


ရိုဟင်ဂျာ မိသားစုတစု
ရိုဟင်ဂျာ မိသားစုတစု

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၂ သိန်း ခွဲလောက်ကို ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂက အထောက်အထား ကဒ်ပြားတွေ ထုတ်ပေးလိုက်ပါတယ်။

တချိန်ကျရင် မြန်မာနိုင်ငံကို ကိုယ့်သဘောဆန္ဒအရ ပြန်ကြတဲ့အခါ ဒုက္ခသည်တွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးနိုင်ဖို့ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေ၊ အာဏာပိုင်တွေ အနေနဲ့ လိုအပ်တဲ့ အချက်အလက်တွေ ရနိုင်ဖို့ ၂၀၁၈ ဇွန်လကတည်းက စာရင်းကောက်ယူတဲ့ အစီအစဉ်ကို စတင်ခဲ့ကြောင်းလည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

အသက် ၁၂ နှစ်အထက် ဒုက္ခသည်တွေကို ထုတ်ပေးတဲ့ အထောက်အထား ကဒ်ပြားတွေမှာတော့ အမည်၊ မိသားစု၊ လက်ဗွေ၊ မျက်စေ့သူငယ်အိမ်မှတ်တမ်း စတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။

UNHCR ကြေညာချက်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မှာ ရိုဟင်ဂျာ ဒုက္ခသည် ၉ သိန်းကျော် ရှိနေပြီး ဒီအထဲက ၇၄၁,၀၀၀ ဟာ ၂၀၁၇ သြဂုတ်လနောက်ပိုင်း မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

၂၀၁၇ သြဂုတ်လတုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းတဲ့ စစ်ဆင်ရေးတွေရဲ့ နောက်ဆက်တွဲအဖြစ် သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြတာပါ။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားပေမဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည် လက်ခံမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့အတွက် UNHCR ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နဲ့လည်း သီးခြားလက်မှတ်ရေးထိုး သဘောတူထားပေမယ့် လက်တွေ့ အစီအစဉ်တွေကတော့ အခုအထိ အကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG