သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတွေ သေဆုံးခဲ့တဲ့ ရုရှားလေယာဉ် ပျက်ကျမှု စတင်စုံစမ်း


ပျက်ကျသွားသည့် လေယာဉ်အား ရုရှားမီးသတ်သမားများ မီးငြှိမ်းသတ်နေစဉ်။ မတ် ၅၊ ၂၀၁၁။
ပျက်ကျသွားသည့် လေယာဉ်အား ရုရှားမီးသတ်သမားများ မီးငြှိမ်းသတ်နေစဉ်။ မတ် ၅၊ ၂၀၁၁။

မြန်မာနိုင်ငံက စစ်တပ်အရာရှိ ၂ ယောက် သေဆုံးသွားတဲ့ ရုရှားလေယာဉ် ပျက်ကျမှု ဘာကြောင့်ဖြစ်တယ် ဆိုတာကို စတင် စုံစမ်းနေပြီလို့ ရုရှား တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

ရုရှားနိုင်ငံ ဂယ်လ်ဂိုရော့ဒ် (Gelgorod) ဒေသမှာ စနေနေ့က စမ်းသပ်မောင်းနှင်စဉ် ပျက်ကျသွားတဲ့ လေယာဉ်ရဲ့ လေယာဉ်ခရီးစဉ် ပျံသန်းမှု မှတ်တမ်းတင် Black Box ထဲကနေ နောက်ဆုံးအချိန်မှာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာကို သိနိုင်ဖို့ စုံစမ်းနေပြီဆိုတဲ့ ရုရှား ဒေသတွင်း စုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲရဲ့ အပြောကို Kyiv Post သတင်းထဲမှာ ကိုးကား ဖော်ပြထားပါတယ်။

Black Box ဟာ အရမ်းကြီး ပျက်စီးမှုမရှိဘဲ အထဲမှာ မှတ်တမ်းတင်ထားတာတွေကို ဖော်ထုတ်နိုင်ဖို့ ရက်ပိုင်း အချိန်ပေးရမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

လေယာဉ်ပျက်ကျမှုဟာ အကြမ်းဖက် တိုက်ခိုက်ခံရတာတော့ မဟုတ်ဘူးဆိုတဲ့ အပြောကိုလည်း Itar Tass သတင်းမှာ ဖော်ပြထားပါတယ်။

ရုရှားလုပ် Antonov An-148 လေယာဉ် စနေနေ့က စမ်းသပ်ပျံသန်းစဉ်မှာ ပျက်ကျသွားတာ ဖြစ်ပါတယ်။ လေယာဉ်ပေါ် ပါသွားတဲ့ မြန်မာနိုင်ငံက ဒုတိယဗိုလ်မှူးကြီး ထိန်လင်းအောင်နဲ့ ဗိုလ်မှူး ဇော်ထွန်းအောင်တို့ အပါအဝင် ရုရှားနိုင်ငံက လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူ ၄ ယောက် သေဆုံးသွားခဲ့ပါတယ်။

ရုရှားကလာတဲ့ သတင်းတွေထဲမှာ မြန်မာစစ်အရာရှိ ၂ ယောက်ကို လေယာဉ်မှူးတွေ ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။

အခုပျက်ကျသွားတဲ့ Antonov-An148 အမျိုးအစား လေယာဉ်မျိုးတွေ မြန်မာနိုင်ငံကို တင်ပို့ဖို့ရှိနေပြီး စမ်းသပ်မောင်းစဉ်မှာ ပျက်ကျခဲ့တာ ဖြစ်တယ်လို့ ရုရှားနိုင်ငံ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

XS
SM
MD
LG