သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆုတ်ယုတ်ကျဆင်းသွားတဲ့ မြန်မာ့လျှပ်စစ်စွမ်းအင် ကဏ္ဍ


Swar Chaung Dam Bago Myanmar's
Swar Chaung Dam Bago Myanmar's

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တာကြောင့် နဂိုထဲက အရူံးပေါ်နေတဲ့ လျှပ်စစ်ကဏ္ဍဟာ၊ အခု အလုံးစုံကျဆုံးမူနားရောက်သွားရပြီလို့ စီးပွားနဲ့စွမ်းအင်ပညာရှင်တွေက ထောက်ပြလိုက်ပါတယ်။

CDM စစ်အာဏာသိမ်းဆန့်ကျင်လူပ်ရှားမူကနေ ပြည်သူတွေမီတာခမပေးတာကြောင့်၊ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနဝင်ငွေ အကြီးအကျယ်ထိခိုက်သွားရပြီလို့၊ IEM လို့ အတိုခေါက်ခေါ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စီးပွားရေးပညာရှင်များအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဘယ်လို အကျိုးဆက်တွေ ဆက်ဖြစ်နိုင်ပါလဲ။ တနေ့ ဗုဒ္ဓဟူးကထုတ်တဲ့ ဒီအဖွဲ့အစီရင်ခံစာ အဓိကရေးသားသူကို၊ ကိုဝင်းမင်းက မေးထားပါတယ်။

လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ စာရေးသူက၊ အာဏာသိမ်းအပြီး မြန်မာလျှပ်စစ်ကဏ္ဍခေါင်းစဉ်နဲ့ အစီရင်ခံစာထဲ အရေးပါဆုံးအချက်ကို -

”အစီရင်ခံစာမှာ အရေးကြီးဆုံးအချက်ကတော့ CDM လှုပ်ရှားမူကြောင့် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ သူ့ဝင်ငွေကောက်ခံနိုင်အား အကြီးအကျယ် ထိခိုက်သွားရတာပါ။ အချက်အလက်တွေအရရော၊ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက တုံ့ပြန်လာတာတွေအရပါ၊ ဒါက အရမ်းကို ရှင်းနေပါတယ်။ ပြီးခဲ့တဲ့ တစ်လလောက်ကပဲ ဒီဝန်ကြီးဌာနတွင်း ဖြန့်ဝေတဲ့ထုတ်ပြန်ချက်တစ်ခုအရ၊ ဝင်ငွေက မျှော်မှန်းထားတာထက် တကယ့်အများကြီး၊ ကျဆင်းသွားခဲ့တာပါ။ ၂၀၂၁ မတ်လထဲ၊ ရန်ကုန်မှာ ဝင်ငွေ ၉၈% အထိ၊ နောက် မန္တလေးမှာ ၉၇% နဲ့ တနိုင်ငံလုံးမှာ ၈၀% အထိကို ကြီးကြီးမားမားကြီး ထိုးကျသွားရတာပါ။ ဒါက လုံးဝ အဖတ်ဆည်မရသလိုပါပဲ။ဓ

ဒါ့အပြင် အခုလိုဖြစ်လာတာက အရင်ထဲက ရူံးလာခဲ့တာအပေါ်၊ ထပ်ထောင်းသလိုဖြစ်သွားရပုံကိုလည်း၊ ဒီ စီးပွားစွမ်းအင်ပညာရှင်က -

”အများသိထားတာက အရင်ထဲကပြဿနာက လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ အရူံးခံပြီး လျှပ်စစ်ဖြန့်ဖြူးပေးနေရပါတယ်။ ဒါကြောင့်လည်း ၂၀၁၉ ခုနှစ်မှာ လျှပ်စစ်မိတာခတွေ တိုးလိုက်တာပါ။ အခုလိုအရင်ရူံးခဲ့တာကနေ ထပ်ဆင့်ပြီး ကိုဗစ်ကာလမှာ၊ ပြီးခဲ့တဲ့ နှစ်ထဲကပေါ့နော်၊ စသုံးတဲ့ လျှပ်စစ် ၁၅၀ ယူနစ်ကို အလကားလျော့ပေးခဲ့ရတာကလည်း ထပ်ထောင်းပစ်လိုက်ပါတယ်။ အဲ့ဒိတော့ အခု အာဏာသိမ်းပြီးဖြစ်တာတာနဲ့ပေါင်းလိုက်တဲ့အခါမှာ၊ အလုံးစုံကျဆုံးမူမျိုးဆိုက်သွားရတာပေါ့နော်။ ဒါက သမိုင်းဝင်ဖြစ်တာမျိုးကြီးပါ။ တခြားနိုင်ငံတွေမှာ ဒါမျိုးမတွေ့ထားသေးပါဘူး။”

အဲ့ဒိတော့ ငွေဘယ်လောက်အထိဆက်ဆုံးရူံးလာနိုင်ပါလဲလို့မေးရာမှာ၊ IEM လို့အတိုခေါက်ခေါ်တဲ့ Independent Economists for Myanmar အဖွဲ့ဝင်က -

”တကယ့်ငွေသားပမာဏနဲ့ကြည့်မယ်ဆိုရင် ကိုဗစ်ကာလမတိုင်ခင်တုံးကနဲ့ယှဦလိုက်ရင်၊ တစ်လကို တစ်ဘီလျံကျပ် အရှုံးခံထားရတာပါ။ ဒီအပေါ်မှာ အရင်ထဲက အရူံးခံထားရတာကိုလည်း ပေါင်းထည့်ရမယ်ဆိုရင်၊ မြန်မာငွေ ကျပ် ဘီလီယံတွေ ရာဂဏန်းတွေနဲ့ချီ ဆုံးရှုံးခဲ့ရတာပါပါ။ အဲ့ဒိတော့ အခုလက်ရှိကာလမှာ၊ ဒီဆုံးရှုံးမူက ဆက်ဖြစ်နေမယ်ဆိုရင်တော့၊ ဒီနှစ်အကုန်ရောက်ရင် လျပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဆုံးရူံးရမူစုစုပေါင်းက၊ မြန်မာငွေ ၂ ထရီလီယံကနေ ၂.၅ ထရီလီယံအထိ၊ အမေရိကန်ဒေါ်လာဆိုရင် ၁.၂ ဘီလီယံ ဝန်းကျင်အထိဖြစ်သွားတော့မှာပါ။”

ဒါကိုပြန်ဖြေရှင်းနိုင်ဖို့ ဘယ်လိုစိန်ခေါ်မူရှိနေတာကိုလည်း ဒီအစီရင်ခံစာ ရေးသူက -

”အကြီးမားဆုံးစိန်ခေါ်ချက်ကတော့ ဒီ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနတွင်း ပြီးခဲ့တဲ့လ ထုတ်ပြန်ချက်အရ၊ စစ်ကောင်စီဝန်ကြီး ဦးအောင်သန်းဦးက၊ အခု လျှပ်စစ်မီတာခကောက်ခံမူမှာ တကယ့်ကို ပြဿနာကြုံနေရပြီ၊ ဒါကို ပိုတိုးပြီး လုံးဝ အတိအကျ ရအောင်ကောက်မှ ရမယ်လို့ ပြောထားပါတယ်။ အခုပြဿနာက ပြည်သူတွေကလည်း မပေးချင်ကြဘူး၊ လမ်းတွေပေါ်မှာကလည်း လုံခြုံရေးမကောင်းဘူး။ အထူးသဖြင့် အခုလိုမီတာခကောက်မဲ့သူတွေနဲ့ မပေးတဲ့သူတွေကို မီတာလိုက်ဖြတ်မဲ့လုပ်သားတွေအတွက်ပေါ့နော်။ အခုလို လူတွေကပေးဖို့ငြင်းဆန်နေချိန် လျှပ်စစ်ခတွေပြန်ရဖို့ ဘယ်လိုကောက်မလဲဆိုတာက ပြဿနာ အကြီးကြီးပါ။”

ဒါ့အပြင် လျပ်စစ်ဆိုင်ရာစာချုပ်သဘောအရ ကုန်ကျစရိတ်လျော့ဖို့ ခက်နိုင်ပုံကိုလည်း၊ စွမ်းအင်ပညာရှင်က-

”မြန်မာနိုင်ငံထဲ သုံးနေတဲ့ လျှပ်စစ်အများစုအတွက် ပုဂ္ဂလိကကုမ္ပဏီတွေကနေ အစိုးရက စာချုပ်နဲ့ ဝယ်ယူရတာပါ။ အဲ့ဒိတော့ ဒီကုမ္ပဏီတွေအနေနဲ့ လျှပ်စစ်ထုတ်ဖို့ ရေကာတာဆောက်တာ ဒါမှမဟုတ် သဘာဝဓာတ်ငွေ့စက်ရုံဆောက်တာမျိုးအတွက် စာချုပ်စချုပ်ကထဲက၊ အစိုးရဘက်က ဘယ်လောက် ဈေးနှုန်းနဲ့ ပမာဏအနည်းဆုံး ဝယ်မယ်ဆိုတာ ကတိပြုထားရပါတယ်၊ အဲ့ဒိတော့ အစိုးရအနေနဲ့ လျှပ်စစ်ခကုန်ကျစရိတ်လျော့နိုင်ဖို့ ပမာဏလျော့ဝယ်ချင်တယ်ဆိုရင်တောင်မှ၊ အများကြီးသွားလျော့လို့ မရနိုင်ပါဘူး။ ဒီတော့ တကယ့်ပြဿနာကြီးပါ။”

ဒီအစီရင်ခံစာရေးသူကပဲ၊ လျှပ်စစ်ကဏ္ဍမှာ ဝင်ငွေကျဆုံးတာအပြင်၊ ဝန်ထမ်း ၄၀၀၀ အလုပ်ဖြုတ်ပစ်တာက၊ ရန်ကုန်မှာဆိုရင် ၂၀% ဝန်ထမ်း အင်အားထိခိုက်သွားကာ၊ လျှပ်စစ်လိုအပ်မူမများသေးတဲ့အခုကာလတိုမှာ မီးပြတ်တာ ချက်ချင်းမဆိုးလာနိုင်ပေမဲ့၊ အလယ်အလတ်ကာလ နောက်တနှစ်လောက်ကစ၊ ပိုဆိုးလာမှာကို စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

==================

တိုက်ရိုက် လင့်ခ်
















XS
SM
MD
LG