သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ စားသုံးဆီ ရှားပါးမှုနဲ့ကြုံ


(ယခင်ပုံဟောင်း) စားသုံးဆီဝယ်ယူဖို့စောင့်ဆိုင်းနေကြသူတချို့ (ရန်ကုန်၊ သြဂုတ်၊ ၁၈၊ ၂၀၂၂)
(ယခင်ပုံဟောင်း) စားသုံးဆီဝယ်ယူဖို့စောင့်ဆိုင်းနေကြသူတချို့ (ရန်ကုန်၊ သြဂုတ်၊ ၁၈၊ ၂၀၂၂)

မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ငွေကြေးဖေါင်းပွမှု ထိန်းချုပ်ရေး စစ်ကောင်စီဘက်က တင်းတင်းကြပ်ကြပ်ဆောင်ရွက်နေချိန်မှာပဲ စားအုန်းဆီ အကြီးအကျယ် ပြတ်လတ်နေတဲ့အတွက် ရန်ကုန်မြို့နေရာတချို့မှာ လူတွေက တန်းစီ ဝယ်နေကြရတဲ့အကြောင်း Nikkei Asia သတင်းမှာ ရေးသားထားပါတယ်။ ပြည်ပပို့ကုန်တွေ ဈေးတက်တာ၊ ကျပ်ငွေဈေးနှုန်းကြတာတွေကြောင့် ဈေးကွက်အတွင်းမှာ ကမောက်ကမဖြစ်ပြီ သတ်မှတ်ဈေးနှုန်းအတိုင်း မရောင်းနိုင်တော့တဲ့အပြင် လူတယောက်ကို ဆီ ၅၀ ကျပ် သားနှုန်းနဲ့ ရောင်းချပေးနေတဲ့အကြောင်း ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။

စားအုန်းဆီပေါက်ဈေးဟာ အပြင်ဈေးကွက်မှာ တပိသာကို တသောင်းကျော်ရှိနေတယ်လို့ ပြောဆိုပြီး စစ်ကောင်စီ သတ်မှတ်ဈေးနဲ့ ကွာဟနေတာကြောင့် ဆိုင်တချို့ သတ်မှတ်ဈေးနဲ့ မရောင်းနိုင်တော့ပဲ ပိတ်ထားရတဲ့အကြောင်းလည်း ပြောပါတယ်။ ငွေကြေးဖေါင်းပွမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု ထိန်းချုပ်ရေး အရေးယူဆောင်ရွက်တဲ့အနေနဲ့ စားသုံးဆီအသင်းဥက္ကဋ္ဌ ဦးစန်းလင်းအပါအဝင် လေးဦးကို ဩဂုတ်လကုန်မှာ စစ်ကောင်စီတာဝန်ရှိသူတွေ ထိန်းသိမ်းခဲ့တယ်လို့လည်း Nikkei Asia သတင်းမှာ ရေးသားထားပါတယ်။

တချိန်တည်းမှာ နိုင်ငံခြားငွေလဲလှယ်တဲ့ သူတချို့ကိုလည်း စစ်ကောင်စီ တာဝန်ရှိသူတွေ ခေါ်ယူစစ်ဆေးခဲ့တဲ့အကြောင်း သတင်းတွေ ထွက်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကတော့ နိုင်ငံခြားငွေတန်ဖိုး မြင့်တက်တာနဲ့ သက်ယူပို့ဆောင်ရေးစရိတ်တွေကြောင့် စားသုံးဆီအမျိုးမျိုး ဈေးတွေတက်နေတဲအ့ကြောင်း ပြောဆိုကြပါတယ်။ နိုင်ငံခြားငွေလဲသူတချို့ကို ဖမ်းဆီးတာအပြင် လုပ်ငန်းရှင်တချို့နဲ့ စစ်တပ်အရာရှိတချို့ကိုပါ ခေါ်ယူစစ်ဆေးနေတာကြောင့် စီးပွါးရေးမှာရော အုပ်ချုပ်ရေးမှာပါ မတည်မငြိမ် ပိုဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်သူတွေက VOA ကို ပြောပါတယ်။

XS
SM
MD
LG