မြန်မာ့အရေး Credential ကော်မတီနဲ့ သံအမတ်ကြီး ဉီးကျော်မိုးထွန်းအမြင်
ကုလသမဂ္ဂမှာ မြန်မာကိုယ်စားလှယ်ကို ပြန်ပြီးရွေးချယ်ရမယ့် ကိစ္စကို ဆက်ပြီး ရွှေ့ဆိုင်းထားဖို့နဲ့ လက်ရှိ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ လာမယ့်နှစ်အတွက် ဆက်လက်ထားရှိဖို့ Credential ကော်မတီက တနင်္လာနေ့မှာ သဘောတူဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကိုလည်း (၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို တင်သွင်းမှာဖြစ်ပါတယ်။
ကုလသမဂ္ဂ Credential ကော်မတီအစည်းအဝေးမတိုင်ခင် ပြီးခဲ့တဲ့ သောကြာနေ့ (ဒီဇင်ဘာလ ၉ ရက်) က နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မအင်ကြင်းနိုင်က သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ဗွီအိုအေ။ ။ ဒီနှစ်အတွက် ထူးခြားချက်က ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ အခြေအနေနဲ့ သံအမတ်ကြီးကိုယ်တိုင်လည်း ရုရှားအရေးနဲ့ ပတ်သက်ရင် ယူကရိန်းအပေါ် ကျူးကျော်မှုကို ကုလသမဂ္ဂမှာ ကန့်ကွက်ရှုတ်ချခဲ့တာတွေရှိပါတယ်။ အဲတော့ ဒီအချက်က သံအမတ်ကြီးကို မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ပြီးထားဖို့ ဆိုတဲ့ကိစ္စမှာ ရုရှားရဲ့ သဘောထား အပြောင်းအလဲဖြစ်စေမလား။ တဖက်မှာ စစ်ကောင်စီကို အသိအမှတ်ပြုပြီး ရင်းရင်းနှီးနှီးဆက်ဆံတာဆိုလို့ ရုရှားပဲရှိနေတဲ့ အခြေအနေမျိုးဖြစ်နေတော့ သံအမတ်ကြီးအပေါ် ရုရှားရဲ့ သဘောထား ဘယ်လိုမြင်ပါသလဲ။
သံအမတ်ကြီး ဦးကျော်မိုးထွန်း။ ။ ယူကရိန်းနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂမှာ ဆုံးဖြတ်ချက် အဆိုမူကြမ်းတွေကို ကျနော်တို့ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ ထောက်ခံတဲ့အပြင် co-sponsor (တွဲဖက်အဆိုမူကြမ်းတင်သွင်းသူ)အဖြစ်လည်း လုပ်ခဲ့တယ်။ နောက်ပြီး မိန့်ခွန်းပြောလို့ရတဲ့ အနေအထားတွေမှာဆိုရင်လည်း ကျနော်တို့ ယူကရိန်းပြည်သူတွေနဲ့ တသားတည်းရပ်တည်ပြီးတော့ ဒီလိုမျိုးကျူးကျော်တာတွေကို ကျနော်တို့ ဆန့်ကျင်တယ်ဆိုတာ။ ဘာလို့လည်းဆိုတော့ မြန်မာပြည်သူတွေလည်း ယူကရိန်းပြည်သူတွေလိုပဲ ခံစားနေကြရတယ်။ အဲဒီခံစားနေရတာကိုလည်း နိုင်ငံတကာက သိအောင်၊ ယူကရိန်းကို ကူညီတဲ့ပုံစံမျိုး မြန်မာနိုင်ငံကို ကူညီဖို့ ဆိုတာကို တောင်းဆိုရင်း ကျနော်တို့ ယူကရိန်းပြည်သူတွေနဲ့ ရပ်တည်တဲ့အကြောင်း၊ ကျူးကျော်စစ်ကို ဆန့်ကျင်တဲ့အကြောင်း ကျနော်မိန့်ခွန်းလည်းပြောကြားခဲ့တယ်။ ဆုံးဖြတ်ချက်တွေမှာလည်း ကျနော်တို့ ထောက်ခံခဲ့သလို၊ တွဲဖက်ပြီး အဆိုမူကြမ်းတင်သွင်းခဲ့တယ်။ ဒီအချက်တွေကြောင့် ရုရှားက မြန်မာကိစ္စနဲ့ပတ်သက်ပြီးတော့ အထူးသဖြင့် ဒီ Credential ကိစ္စနဲ့ပတ်သက်ပြီးတော့ ရုရှားက ထည့်သွင်းစဉ်းစားတဲ့အခါမှာ မလွဲှမသေပါမယ်ဆိုတာကို ကျနော်တို့တွေးကြည့်စရာမလိုဘူးလို့ သုံးသပ်ပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံဒီမိုကရေစီအင်အားစုတွေ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလုပ်ဆောင်မှုတွေကို ထောက်ခံပံ့ပိုးနေတဲ့ ကျနော်တို့ဘက်က ရပ်တည်ပေးနေတဲ့ နိုင်ငံအများစုရဲ့ အသံကတော့ အတိုင်းအတာတခုအထိ လွှမ်းမိုးနိုင်တယ်၊ အတိုင်းအတာတခုအထိတော့ အများကြားအောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် Credentials ကော်မတီမှာ ရုရှားရဲ့ရပ်တည်ချက်ကို အများရဲ့ဆန္ဒက လွှမ်းမိုးသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။
ဗွီအိုအေ။ ။ နောက်တချက်က Credentials ကော်မတီမှာ တရုတ်ရဲ့ ရပ်တည်ချက်ကိုရော ဘယ်လိုတွေ့ရလဲရှင့်။
သံအမတ်ကြီး ဦးကျော်မိုးထွန်း။ ။ တရုတ်အနေနဲ့ အခုအနေအထားမှာတော့ ဟိုဘက် ဒီဘက်ကို သိသိသာသာကြီး ယိမ်းပြီးတော့ ရပ်တည်တဲ့ပုံစံမဟုတ်ဘူးလို့တော့ သုံးသပ်ရပါတယ်။ ဒီအချိန်မှာတော့ အခြေအနေတွေကို စောင့်ကြည့်နေတယ်။ သူတို့အမြဲပြောနေတာရှိတယ်။ သူတို့ရဲ့ interest ကမြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းဖို့ က သူတို့ရဲ့ အဓိက interest ဖြစ်တဲ့အတွက်ကြောင့် အဲဒီအချက်ကို အဓိက ထည့်သွင်းစဉ်းစားပြီးတော့ အနေအထားကိုစောင့်ကြည့်နေတယ်လို့ ကျနော့် ပုဂ္ဂိုလ်ရေးအရ မြင်မိပါတယ်။
ဗွီအိုအေ။ ။ ကုလသမဂ္ဂမှာ သံအမတ်ကြီးပြောကြားတဲ့အခါမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ကုလသမဂ္ဂဘက်က ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိဘူးဆိုပြီး ထောက်ပြပြောဆိုတာတွေရှိပါတယ်။ ဆိုတော့ ကုလသမဂ္ဂဘက်က ရှေ့ဆက်ဆောင်ရွက်ချက်တွေအပေါ်မှာ ရော သံအမတ်ကြီးဘက်က ဘယ်လို မျှော်လင့်ထားပါသလဲ။
သံအမတ်ကြီး ဦးကျော်မိုးထွန်း။ ။ သုံးလအတွင်း ပြန်ကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီမှာ ဆုံးဖြတ်ချက် အဆိုမူကြမ်းတင်သွင်းပြီး အတည်ပြု ဆုံးဖြတ်ခဲ့တာရှိပါတယ်။ အခုမေးခွန်းနဲ့ ဆက်စပ်ပြီးပြောရမယ်ဆိုရင် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာ့အရေးဆုံးဖြတ်ချက်ချခဲ့တာရှိသလို လုံခြုံရေးကောင်စီမှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် အဓိကအဆိုတင်သွင်းတဲ့ ဗြိတိန်အစိုးရဘက်က မြန်မာ့အရေးဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီမှာ ချမှတ်နိုင်ရေး သြဂုတ်လကတည်းကြိုးပမ်းနေတာရှိပါတယ်။ တဖက်မှာလည်း ဒီမှာက multilateral ပုံစံဖြစ်နေတော့ အခုလုပ် အခု အတည်ပြုဆိုတာမျိုး မဖြစ်နိုင်တဲ့ အနေအထားမှာရှိနေပါတယ်။ ဒါပေမယ့် ဒီ သြဂုတ်လကတည်းက စပြီး လုံခြုံရေးကောင်စီမှ မြန်မာ့အရေး ဆုံးဖြတ်ချက် တင်နိုင်ဖို့ လုပ်လာခဲ့တဲ့ အခြေအနေကတော့ အခုဆိုရင် ဘာပဲပြောပြော ရုပ်လုံးအတိုင်းအတာတခုအထိပေါ်လာပြီလိုတော့ ပြောလို့ရပါတယ်။ အခုဆိုရင် ဗြိတိန်ကနေပြီးတော့ ဆုံးဖြတ်ချက်မူကြမ်းအဆိုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကြားမှာတော့ ဆွေးနေနေပြီဆိုတာကိုတော့ ကျနော်တို့ သိထားပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ အတည်ပြုနိုင်မလဲ။ အထူးသဖြင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ အထူးသဖြင့် အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံရဲ့ အနေအထားကို စောင့်ကြည့်သွားရမယ့် အခြေအနေတော့ရှိပါတယ်။ အကြမ်းဖျင်းကတော့ စစ်ကောင်စီကို ဖိအားပေးနိုင်မယ့် အဆိုမူကြမ်းတခု အနာဂတ်မှာ အမြန်ဆုံးထွက်လာနိုင်ဖို့အတွက် အားလုံးပူးပေါင်းဆောင်ရွက်ပေးကြဖို့၊ အထူးသဖြင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ ဆောင်ရွက်ပေးကြဖို့ ဒီနေရာကနေ တိုက်တွန်းလိုပါတယ်ခင်ဗျ။