သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဝါရောင်စိတ်ဓာတ် ရှင်သန်နေဆဲ


လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့ဆိုရင် မြန်မာနိုင်ငံမှာ မေတ္တာပို့ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သံဃာတော်တွေကို စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ် နှိမ်နင်းခဲ့တာ ၃ နှစ် ပြည့်ပါတော့မယ်။ ၃ နှစ် ကြာလာပြီ ဖြစ်ပေမဲ့ ပြည်သူတွေရဲ့ ရင်ထဲမှာ ရွှေဝါရောင်စိတ်ဓာတ် ရှိနေဆဲပဲလို့ သံဃာ့လှုပ်ရှားမှုတွေကို ဦးဆောင်တဲ့ ဆရာတော်တွေက မိန့်ပါတယ်။ ရဟန်းရှင်လူ ပြည်သူတွေ သွေးမြေကျခဲ့တဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုရဲ့ အရှိန်က ၃ နှစ်အကြာမှာ ဘယ်လောက် အတိုင်းအတာအထိ ရှိနေပါသေးလဲဆိုတာ သိရဖို့ မြန်မာနိုင်ငံက သံဃာ့လှုပ်ရှားမှုတွေမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ သံဃာတော် ၂ ပါးကို တွေ့ဆုံမေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်အစုံ တင်ပြပေးထားပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်၊ ၂၀၀၇ ခုနှစ်က အခုလို စက်တင်ဘာလထဲမှာပဲ သံဃာတော်တွေ ဦးဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ လူထု ဆန္ဒပြပွဲတွေကို မြန်မာစစ်အစိုးရက ရက်ရက်စက်စက် သတ်ဖြတ် ချေမှုန်းခဲ့တာပါ။ ဒီလို ရဟန်းရှင်လူတွေ သွေးမြေကျခဲ့တဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို ပြည်သူတွေက မေ့လျော့သွားကြပါပြီလား၊ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ လက်ရှိ သံဃာ့တပ်ပေါင်းစု အဖွဲ့ရဲ့ ပြည်ပတာဝန်ခံ ဆရာတော် အရှင် ပညာဇောတက အခုလို မိန့်ပါတယ်။

“ရဟန်းသံဃာတော်တွေက ဒီနေ့အထိ သူတို့ရဲ့ ရင်ထဲ နှလုံးသားထဲမှာ ကိန်းအောင်းနေတုန်း ရှိနေသေးတယ် ဆိုတာကို ဦးဇင်းတို့ သိရတယ်၊ ကြားရတယ်။ ထို့အတူပဲ တချိန်ချိန်မှာတော့ သံဃာတော်များဟာ ပြန်ပြီး ပေါ်ထွက်လာလိမ့်မယ်လို့ လူတွေကလည်း သံဃာတော်တွေရဲ့ အပေါ်မှာ ယုံကြည်မှုတွေ ရှိနေတယ်။ ဒါကြောင့် အခုချိန်မှာ နအဖအစိုးရကတော့ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဖိနှိပ်မှုတွေ၊ စောင့်ကြည့်မှုတွေ ရှိနေတဲ့ ကြားထဲကပဲ သံဃာတော်တွေက လှုပ်ရှားမှုတွေ ရှိနေတာ တွေ့ရတဲ့ အတွက်ကြောင့်၊ လူတွေကလည်း မျှော်လင့်နေတယ် ဆိုတဲ့ဟာတွေ ကြားရတဲ့ အတွက်ကြောင့် ဒီအပေါ်မှာ ဒီနေ့အထိ စိတ်ဝင်စားမှု ရှိနေသေးတယ်၊ လျော့မသွားသေးဘူးလို့ ဦးဇင်းတို့ အဲဒီလို သိပါတယ်။”

စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ဖြစ်ပွားပြီးကတည်းက စလို့ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ် ချုပ်ချယ်မှုတာတွေ အဆက်မပြတ် ရှိခဲ့သလို ခုချိန်ထိလည်း လျော့မသွားသေးတဲ့ အကြောင်းကိုတော့ စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ဦးဆောင် ဆရာတော်တပါးဖြစ်တဲ့ အရှင် ဂေါသိတက အခုလို မိန့်ပါတယ်။

“ကန့်သတ်မှုတွေကတော့ အများကြီးပါ။ အခုလို စက်တင်ဘာ နီးလာလေလေ ကန့်သတ်မှုတွေ များလာလေလေပဲ။ သံဃာတော်တွေကို ဟိုမသွားရ၊ ဟိုမလာရ၊ ဒီမသွားရ၊ ဒီမလာရဆိုတဲ့ ပိတ်ဆို့မှုတွေတော့ များတယ်။ ဒါပေမဲ့ ဘယ်လိုပင်၊ ဘယ်လောက်ပင် များပါစေ၊ အထဲထဲမှာ ဦးဇင်းတို့နဲ့ လုပ်ဖော်ကိုင်ဘက်တွေက သူတို့ တတ်နိုင်တဲ့ နေရာက၊ သူတို့ တတ်နိုင်တဲ့ဘက်က တိုင်းပြည်အတွက်၊ ကိုယ့်ရဲ့ ဒကာ၊ ဒကာမတွေအတွက်၊ သာသနာအတွက် လုပ်နေတယ် ဆိုတာကိုတော့ ဦးဇင်း ပြောချင်ပါတယ်။”

မြန်မာစစ်အစိုးရက သံဃာတော်တွေအပေါ် ဘယ်လိုပဲ ကန့်သတ်မှုတွေ လုပ်လုပ် မြန်မာနိုင်ငံက ရဟန်းရှင်လူ ပြည်သူတွေ ကြားမှာတော့ ရွှေဝါရောင်စိတ်ဓာတ် အလွယ်တကူ ပျောက်သွားမှာ မဟုတ်သလို ပြည်တွင်း ပြည်ပက သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေ ဆက်ပြီး ရှိနေသေးတယ်လို့လည်း ဒီဆရာတော် ၂ ပါးစလုံးက မိန့်ပါတယ်။

အခုချိန်မှာ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေသလို ရွေးကောက်ပွဲတွေဟာ လွတ်လပ် တရားမျှတပြီး အများပါဝင်နိုင်ခြင်း မရှိတာကြောင့် ဒီရွေးကောက်ပွဲတွေတွေကို လက်မခံကြောင်းနဲ့ ခုလိုချိန်မှာ သံဃာတော်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်လို့လည်း အရှင် ပညာဇောတက အခုလို မိန့်ပါတယ်။

“ရွှေဝါရောင်က အရှိန်တွေဟာ ဒီနေ့အထိ ရှိနေတုန်းပါပဲ။ ပြည်သူ ပြည်သားတွေကလည်း သံဃာတော်တွေက ဘာပြောသလဲ၊ သံဃာတော်တွေက ဘာလုပ်နေလဲ ဆိုတာကို သံဃာတော်တွေရဲ့ အပေါ်မှာ ပြည်သူတွေက မျှော်လင့်နေကြတယ်၊ စိတ်ဝင်စားနေကြတယ်။ ထို့အတူပဲ သံဃာတော်များကလည်း အခြေအနေ ပေးလာရင် ပေးလာတာနဲ့အမျှ လုပ်ဖို့ ပြင်ဆင်တာတွေ ရှိတယ်။

“ဒါကြောင့် ဒီနေ့ ဒီကာလမှာဆိုရင် သံဃာတော်တွေရဲ့ အခန်းကဏ္ဍဟာ တော်တော် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် ရွေးကောက်ပွဲ နီးနေပြီ။ ရွေးကောက်ပွဲ နီးနေတဲ့ အချိန်မှာ သံဃာတော်တွေက မက်ဆေ့ချ် ပေးနိုင်ရပါမယ်၊ ဒီအချိန်မှာ။ ဘာကြောင့်လဲဆိုရင် ပြည်သူ ပြည်သားတွေက သံဃာတော်တွေရဲ့ စကားကို နားစွင့်နေတယ်။ ဒါကြောင့် ဒီနေ့ ဒီအချိန်မှာ နအဖလုပ်မယ့် ရွေးကောက်ပွဲမှာ ဘယ်နည်းနဲ့မှ မဲမပေးသင့်ပါဘူး။ ဒီလို မဲမပေးသင့်ဘူးဆိုတဲ့ အကြောင်းကို သံဃာတော်များကလည်း ဟောပြောဖို့၊ သွန်သင်ဖို့၊ ညွှန်ပြဖို့ လိုသလို ပြည်သူများကလည်း စစ်အစိုးရက သူ အာဏာတည်မြဲရေးအတွက် လုပ်မယ့်မဲကို လုံး၀ မဲမပေးဘဲနဲ့ သပိတ်မှောက်ဖို့ ပြောချင်ပါတယ်။

“ဒါဟာ ရွှေဝါရောင်ကို သက်သေထူတာ ဖြစ်သလို ၁၉၈၈ ခုနှစ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကိုလည်း သက်သေထူတာ ဖြစ်တယ်။ ဒါကြောင့် မဲမပေးဘဲ နေဖို့ သံဃာများရဲ့ကိုယ်စား ပြည်သူတွေကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ သံဃာတော်များကလည်း ဟောပြောပေးဖို့အတွက် လျှောက်ထားချင်ပါတယ်။”

စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့ပြီး လက်ရှိ သံဃာ့တပ်ပေါင်းစု အဖွဲ့ရဲ့ ပြည်ပတာဝန်ခံ ဆရာတော် အရှင် ပညာဇောတ မိန့်ကြားသွားတာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ပခုက္ကူမြို့မှာ သံဃာတော် အပါး ၅၀၀ ကျော် မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြနေတာကို စစ်အစိုးရ အာဏာပိုင်တွေက ရိုက်နှက် ဖြိုခွဲမှုတွေ လုပ်ခဲ့ရာကနေ မြန်မာနိုင်ငံအနှံ့ ရဟန်းရှင်လူ ပြည်သူတွေ မခံမရပ်နိုင်ဖြစ်ပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာပါ။ ဒီဆန္ဒပြမှုတွေကို မြန်မာစစ်အစိုးရက အင်အားသုံးပြီး အကြမ်းဖက် နှိမ်နင်းမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG