သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံဃာတော်တွေ ဖိနှိပ်မှုကြားက ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေကြဆဲ


သံဃာတော်တွေ ဖိနှိပ်မှုကြားက ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေကြဆဲ
သံဃာတော်တွေ ဖိနှိပ်မှုကြားက ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေကြဆဲ

ဒီကနေ့ကျရောက်တဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို မြန်မာပြည်တွင်း အပါအဝင် ပြည်ပနိုင်ငံတွေမှာလည်း လုပ်ဆောင်ခဲ့ကြပါတယ်။ ပြည်တွင်းမှာတော့ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတဲ့ကြားက မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကနေ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေမှာ ဒစ်ဂျစ်တယ် ရေဒီယိုတွေနဲ့ အဝါရောင်လက်ပတ် ဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့သလို ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေမှာလည်း ဆန္ဒပြပွဲနဲ့ အထိမ်းအမှတ် အခမ်းအနားတွေကို ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စက်တင်ဘာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြီး ဖြစ်ပွားခဲ့တာ အခုဆိုရင် ၃ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ဒီလို ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေမှာ ဒစ်ဂျစ်တယ် ရေဒီယို အလုံး ၃၀၀ ဆီ ဖြန့်ဝေခဲ့တာဖြစ်ပြီး အဓိက ရွှေတိဂုံဘုရား အပါအဝင် ဗဟန်းနဲ့ သာကေတမြို့နယ်တွေမှာ ဖြန့်ဝေခဲ့တာ ဖြစ်တယ်လို့ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးရဲ့ ပြောခွင့်ရ သံဃာတပါးဖြစ်တဲ့ ဆရာတော် ဦးရာစိဏ္ဏက အခုလို မိန့်ကြားပါတယ်။

“ရန်ကုန်မှာ အားလုံး အလုံး ၃၀၀ ဝေတယ်။ ရွှေတိဂုံမှာ လုပ်တာတော့ မနေ့ကတည်းက စပြီး လုပ်တာ၊ ဒီနေ့မနက် အထိပေါ့။ ပြည်တွင်းက သတင်းတွေက အကုန်လုံး တဖက်သတ်ပဲ ရှိတော့ အမှောင်ချထားတာ ဖြစ်ခြင်းကြောင့် အဖြစ်မှန်ကို လူတွေ သိမှုမရှိဘူး။ အခုလို ဝေလိုက်တဲ့ အခါကြတော့ အဖြစ်မှန်လေးတွေ သိခွင့်ရတာပေါ့။ ပြည်သူလူထုတွေ အဖြစ်မှန်သိအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘုန်းကြီးတို့ အဲဒီလို ဝေတာပါ။”

ဒီလို ရေဒီယိုတွေကို ဖြန့်ဝေတဲ့နေရာမှာ အဓိက မြန်မာပြည်ရဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ နိုင်ငံရေး ပြဿနာတွေအပေါ် စိတ်ဝင်စားသူတွေကိုသာ အတတ်နိုင်ဆုံး ပေးကမ်းခဲ့တာ ဖြစ်တယ်လို့လည်း ဆရာတော် ဦးရာစိဏ္ဏက အခုလို ဆက်ပြီး မိန့်ကြားခဲ့ပါတယ်။

“နိုင်ငံရေး အခြေအနေတွေကို နည်းနည်း စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တွေကို သတင်းအချက်အလက်လေးတွေ တိတိကျကျ သိရအောင် ဆိုပြီးတော့၊ အဲဒါမျိုးတွေ တီးခေါက်ပြီးမှ ဘုန်းကြီးတို့ ဝေတာပါ။ လုံခြုံရေးတွေကတော့ အကုန်လုံး အဲဒီမှာ ချထားတယ်။ လွတ်တဲ့နေရာတွေမှာ ကြည့်ပြီးတော့ ခုနပြောတဲ့ ပုံစံမျိုးလေးတွေ နည်းနည်း ပြောဆိုပြီးတော့မှ၊ ကိုယ့်လည်း အန္တရာယ်ဖြစ်လောက်တဲ့ ပုဂ္ဂိုလ် ဟုတ်မဟုတ် တီးခေါက်ပြီးတော့မှ ဘုန်းကြီးတို့ ရှောင်တိမ်းပြီး လုပ်ရတဲ့ အစီအစဉ်၊ အဲဒီလိုတော့ ရှိပါတယ်။”

ဒါ့အပြင် အာဏာပိုင်တွေက မြို့ထဲမှာ ထူးထူးခြားခြား လုံခြုံရေး တင်းကျပ်ထားတာမျိုး မရှိပေမဲ့ ဒီ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နေ့ မတိုင်ခင် ရက်အနည်းငယ်ကတည်းက ရွှေတိဂုံဘုရားနဲ့ ကျိုက္ကဆံဘုရား အပါအဝင် စာသင်တိုက်တွေရှေ့မှာ လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် ချထားတဲ့ အကြောင်းကိုလည်း ဆရာတော်က အခုလို ဆက်ပြီး မိန့်ကြားခဲ့ပါတယ်။

“လုံခြုံရေးကတော့ ရွှေတိဂုံနားမှာလည်း အရပ်ဝတ် အရပ်သား ပုံစံတွေနဲ့ ချထားတာ ရှိတယ်။ ပြီးတော့ သာကေတ ပတ်ဝန်းကျင်မှာလည်း စာသင်တိုက်ကြီးတွေရှေ့မှာ သူတို့ ဗြောင်ပဲ လာပြီး ခုံတွေစီပြီးတော့ အုပ်စုလိုက်လာပြီး စောင့်ကြည့်နေတာတွေတော့ ရှိတယ်။ စာသင်တိုက်ကြီးဆိုရင် ၂၇ ကျောင်းရှိတယ်။ အဲဒီ ၂၇ ကျောင်းရှိတဲ့ ကျောင်းတွေမှာ အားလုံး အနည်းအများပဲ ကွာသွားတယ်၊ လုံခြုံရေးတွေတော့ လာချထားတာပဲ။ စစ်ဝတ်စစ်စား၊ ရဲအဝတ်အစားတွေနဲ့ ရှိသလို အရပ်ဝတ်တွေနဲ့လည်း ရှိတယ်။ သာကေတဘက်မှာတော့ အရပ်ဝတ်တွေနဲ့ လာပြီး စောင့်ကြတာ။”

ဆရာတော် ဦးရာစိဏ္ဏ ပြောပြသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် တချို့မြို့နယ်တွေမှာလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးကနေပဲ အဝါရောင်လက်ပတ်နဲ့ စာရွက်စာတမ်း ဖြန့်ဝေတာတွေ ပြုလုပ်ခဲ့သလို သံဃာ့တပ်ပေါင်းစုက သံဃာအပါး ၂၀ ကနေလည်း သိမ်အတွင်း ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ပြီး ကမ္မဝါ ဖတ်ခဲ့ကြပါတယ်။

အလားတူ ထိုင်း၊ မြန်မာ နယ်စပ်မှာလည်း ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အထိမ်းအမှတ် ပြုလုပ်ခဲ့တာနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် ထိုင်းဌာနခွဲမှ အရှင် ဦးဇဝနက အခုလို မိန့်ကြားခဲ့ပါသေးတယ်။

“၂၀၀၇ တုန်းကလည်း တတိုင်းပြည်လုံး ဒုက္ခရောက်နေတဲ့ အရေးကို သံဃာတော်တွေက စွန့်လွှတ် အနစ်နာခံပြီးတော့ ထွက်ခဲ့ကြတယ်။ ဒီဥစ္စာရဲ့ အကျိုးကျေးဇူးကြောင့် မိမိတို့ရဲ့ တိုင်းပြည်အတွင်းမှာ ဖြစ်ပျက်နေတဲ့ ဒုက္ခအားလုံးကို ကမ္ဘာကြီးက တကယ်ကို တအံ့တသြ တွေ့ရှိသွားကြတယ်။ ဒီတွေ့ရှိတဲ့ တွေ့ရှိချက်ကို ကြာသွားတဲ့အခါမှာ တတိုင်းပြည်လုံး၊ တကမ္ဘာလုံးက မေ့ပျောက်သလို ဖြစ်သွားမှာစိုးတဲ့ အတွက် ရွှေဝါရောင် တော်လှန်ရေး ၃ နှစ်မြောက်နေ့မှာ မမေ့ပျောက်စေခြင်း အကျိုးငှာ ဦးဇင်းတို့ ဒီလို အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ပါတယ်။”

ဒါ့အပြင် ထိုင်း၊ မြန်မာ နယ်စပ် အုန်းဖျန် ဒုက္ခသည်စခန်းမှာလည်း စက်တင်ဘာ သံဃာ့လှုပ်ရှားမှုအတွင်း ထိုင်းနယ်စပ်ကို ထွက်ပြေး လာကြတဲ့ သံဃာတွေ အပါအဝင် သံဃာအပါး ၁၀၀ နီးပါးနဲ့ လူအင်အား ၂၀၀ လောက်ကလည်း အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဘက်မှာတော့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်အဖြစ် ဆန္ဒပြပွဲနဲ့ အထိမ်းအမှတ် အခမ်းအနားတွေ ပြုလုပ်ခဲ့တဲ့ အကြောင်းကိုလည်း အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် အိန္ဒိယဌာနခွဲမှ ဦးပညာဇောတကလည်း အခုလို မိန့်ကြားခဲ့ ပါတယ်။

“စက်တင်ဘာ နှစ်ပတ်လည်နဲ့ ပတ်သက်ပြီး ဦးဇင်းတို့ ပါလီမန်ရှေ့မှာ သွားပြီးတော့ ဆန္ဒပြတယ်။ ပြီးတော့ ဦးဇင်းတို့ ကျောင်းမှာ စက်တင်ဘာမှာ ပျံလွန်တော်မူသွားတဲ့ သံဃာတော်တွေ အတွက်ရော၊ ကျောင်းသား ပြည်သူ အတွက်ရော ရည်စူးပြီး အမျှအတန်းပေးဝေ၊ ရေစက်ချ လုပ်ကြတယ်။”

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၃ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်တွေကို ပြည်တွင်း၊ ပြည်ပမှာ ပြုလုပ်ခဲ့ကြတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က မြန်မာနိုင်ငံမှာ လောင်စာဆီဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်ခဲ့မှုကြောင့် သံဃာတော်တွေကနေ လောင်စာဆီနဲ့ ကုန်ဈေးနှုန်း ကျဆင်းရေး စီတန်းလမ်းလျှောက်ပြီး မေတ္တာပို့ ဆုတောင်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ မေတ္တာပို့ ဆုတောင်း လမ်းလျှောက်မှုဟာ မြန်မာပြည်အနှံ့က မြို့ကြီး တော်တော်များများကို အချိန်တိုတိုတွင်း ပျံ့နှံ့သွားခဲ့ပြီး နောက်ပိုင်းမှာလည်း သီလရှင်တွေ၊ ကျောင်းသား ပြည်သူတွေပါ ပူးပေါင်း ပါဝင်လာခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုဟာ ပြည်ပ သတင်းမီဒီယာတွေကနေ တဆင့် နိုင်ငံတကာက သိရှိသွားတဲ့အတွက် စစ်အစိုးရကနေ ဒီလှုပ်ရှားမှုမှာ ပါဝင်သူ အားလုံးကို အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။

ဒါကြောင့် စက်တင်ဘာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ရဟန်းရှင်လူ ပြည်သူ တော်တော်များများ သေကျေ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါ့အပြင် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် သံဃာတော်တပါးဖြစ်တဲ့ အရှင်ဂမ္ဘီရကိုလည်း စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ် ၆၈ နှစ် ချမှတ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ဇွန်လမှာတော့ သူ့ကို အင်းစိန်ထောင် တရားရုံးတခုကနေ ထောင်ဒဏ် ၅ နှစ် လျှော့ချခဲ့ပြီး လက်ရှိ ကလေးထောင်မှာ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG