သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်း ညောင်ပင်ကြီးကျေးရွာမှာ နေအိမ်တွေ မီးရှို့ခံနေရ


စစ်ကောင်စီနယ်မြေရှင်းလင်းရေးအတွင်း စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ထဲက မီးဘေးသင့်ကျေးရွာတရွာကိုတွေ့ရစဉ် (မေ၊ ၂၀၂၃)
စစ်ကောင်စီနယ်မြေရှင်းလင်းရေးအတွင်း စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ထဲက မီးဘေးသင့်ကျေးရွာတရွာကိုတွေ့ရစဉ် (မေ၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်က ညောင်ပင်ကြီးကျေးရွာမှာ ၁၁ ရက်ဆက်တိုက် နေအိမ်တွေ မီးရှို့ခံနေရပြီး၊ ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ အကူအညီပေးနေသူတွေ ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို နန်းလောဝ်ပြောပြမှာပါ။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ညောင်ပင်ကြီးကျေးရွာ ရဲစခန်းကို ဇွန်လ ၉ ရက်နေ့က ဒေသကာ ကကွယ်ရေးအဖွဲ့တွေစီးနင်းတိုက်ခိုက်ခဲ့တဲ့နောက် ကျေးရွာထဲမှာ စစ်ကောင်စီတပ်​တွေ ဝင်ရောက် တပ်စွဲနေ ကြတာလို့ ဒေသခံတွေကပြောပါတယ်။ ဒီလို စစ်ကောင်စီတပ်​တွေ ကျေးရွာထဲ ရှိနေချိန်မှာပဲ ဇွန်လ ၁၀ ရက်နေ့ကစပြီး ၂၀ ရက်နေ့အထိ ရွာထဲကနေအိမ်တွေ မီးရှို့ခံနေရတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဒါ့အပြင် တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းနဲ့ ညောင်ပင်ကြီးကျေးရွာကို တိုက်ရိုက်လမ်းဖောက်ဖို့ အတွက် လည်း စစ်ကောင်စီဖက်က ပြင်ဆင်နေတယ်လို့ စစ်ရှောင်သူတွေကို ကူညီပေးနေတဲ့ ဒေသခံတဦးက ပြော ပါတယ်။
"ညောင်ပင်ကြီးကို တပ်ပြန်စွဲမယ်၊ စစ်ရေးအရ အခိုင်အမာတည်ဆောက်မယ်၊ လုံခြုံရေးအနေအထားတွေ အဆင်ပြေအောင်လုပ်မယ်။ ပြီးလို့ရှိရင် ဝမ်ပေါင်နဲ့တိုက်ရိုက် လမ်းဖောက်မယ်လို့လည်း ကြားတယ်ဗျ။ မီးရှို့တာတွေကတော့ နေ့တိုင်းလုပ်တယ်ပေါ့။ ဒါကတော့ ညောင်ပင်ကြီးအတွက် အဆန်းမဟုတ်ဘူးလို့တောင် ပြောလို့ရမယ်။ ဆန်းတာကတော့ သတင်းကြားနေရတာက ဝမ်ပေါင်နဲ့ ချင်းတွင်းမြစ်ဘေးမှာရှိနေတဲ့ ညောင်ပင်ကြီးကို တိုက်ရိုက်လမ်းဖောက်မယ်။ အဓိကတော့ တပ်ပိုင်နယ်မြေ အဖြစ်တောင်မှ သိမ်းတော့မယ်ဆိုတဲ့ အနေအထား၊ ဒါကတော့ ကျနော်တို့ ကြားတာကိုပြောတာပေါ့။ ဟုတ်သည်၊ မဟုတ်သည်ကတော့ ကျနော်တို့ စောင့်ကြည့်ရမယ့် အနေအထားဖြစ်တယ်။ လက်ရှိကတော့ သူတို့ အဆောက်အဦးတွေ၊ ဘန်ကာတွေဘာတွေလုပ်ဖို့ အတွက်ကတော့ ပစ္စည်းကားတွေရော၊ ဘိလပ်မြေကားတွေ လည်း ဝင်တယ်လို့ မျက်မြင်သက်သေ ပြည်သူလူထုတွေ ပြောပြချက်အရ ကျနော်တို့သိတယ်ပေါ့။"
စစ်ကောင်စီနယ်မြေရှင်းလင်းရေးအတွင်း စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ထဲက နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ စစ်ဘေးရှောင်ပြည်သူများ (မေ၊ ၂၀၂၃)
စစ်ကောင်စီနယ်မြေရှင်းလင်းရေးအတွင်း စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ထဲက နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ စစ်ဘေးရှောင်ပြည်သူများ (မေ၊ ၂၀၂၃)
ရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားတိုးချဲ့ပြီး နေထိုင်နေတာကို ဒေသခံတွေဘက်က အတည်ပြု နိုင်ပေမယ့် အခုလမ်းဖောက်မယ့် ကိစ္စနဲ့ပတ်သက်လို့တော့ စောင့်ကြည့်ရဦးမယ်လို့ ပြောပါတယ်။ ကျေးရွာထဲ စစ်တပ်ဝင်ထိုင်နေလို့ ညောင်ပင်ကြီးဒေသခံတွေဟာ ရွာလုံးကျွတ် ထွက်ပြေးနေရသလို ရွာနီးစပ်မှာရှိတဲ့ ကျေးရွာဒေသခံတွေပါ စိုးရိမ်ပြီးထွက်ပြေးနေရတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
"စစ်ရှောင်တဲ့လူတွေကလည်း တောက်လျှောက်ရှောင်နေရတယ်။ တချို့ဆိုရင် အရဲစွန့်ပြီးတော့ ကိုယ့်ရပ်ကွက်ကို မလာလောက်ပါဘူး ဆိုပြီးတော့ ပစ္စည်းသွားသယ်တဲ့ သူတွေတောင် ရှိတယ်ပေါ့ဗျာ။ ပြီးခဲ့တဲ့ ၁၅ ရက်နေ့တုန်းက ပြည်သူ ၈ ယောက်လောက် အဖမ်းခံရတယ်လို့ ပြောတယ်ဗျ။ သူတို့တွေ လွတ်၏၊ မလွတ်၏ ဘယ်သူမှ အတည်မပြုနိုင်သေးဘူးပေါ့လေ။ မီးရှို့တယ်ဆိုတာက မီးခိုးတန်းမြင်ရင်တော့ မီးရှို့ပြီ ဆိုတာ သေချာပြီပေါ့ဗျာ။ လမ်းတွေဖျက်တဲ့ ကိစ္စတွေမှာတော့ ကျနော်တို့ တကယ်လည်း မြင်ရပါတယ်။ ဘိလပ်မြေကားတွေ ဝင်တယ်၊ မဝင်ဘူးဆိုတာကတော့ ကျနော်တို့အနေနဲ့ အတည်မပြုနိုင်ဘူးပေါ့နော်။ ဒါပေမဲ့ မျက်မြင်သူတွေ ပြောတဲ့အတွက် တဆင့်စကား တဆင့်နားကြားရတာ ဟုတ်ပါတယ်ဗျ။"
စစ်ရှောင်သူတွေထဲ တချို့က ရွာလယ်ကွင်းထဲမှာသာ ဖြစ်သလိုနေနေကြရတယ်လို့ စားသောက်ရေး ကူညီပေးသူတွေက ပြောပါတယ်။ လတ်တလောအားဖြင့်တော့ ကျေးရွာဝန်းကျင်မှာ ထိတွေ့ တိုက်ပွဲတွေတော့ မရှိတော့ပါဘူး။ ဒါပေမယ့်လည်း ကျေးရွာထဲမှာရှိတဲ့ စစ်ကောင်စီတပ်က ခြောက်လှန့်ပစ်ခတ်တာမျိုးတွေရှိလို့ တိမ်းရှောင်နေရသူတွေဟာ ရွာထဲ ပြန်ဝင်ဖို့ ခက်နေတယ်လို့လည်း သိရပါတယ်။
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG