သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်တယ်ဆိုတဲ့စွပ်စွဲချက် မြန်မာနဲ့ မသက်ဆိုင်- စစ်ကောင်စီ


H.E. Mr Kyaw Moe Tun Ambassador Extraordinary and Plenipotentiary Presentation of Credentials: 16 November 2018 (OPCW)
H.E. Mr Kyaw Moe Tun Ambassador Extraordinary and Plenipotentiary Presentation of Credentials: 16 November 2018 (OPCW)

မြန်မာစစ်ကောင်စီကနေ သံအမတ်ကြီးရာထူးကနေဖယ်ရှားထားပြီး နိုင်ငံတော် သစ္စာဖောက်ဖျက်မှုနဲ့ အလိုရှိကြောင်း ကြေညာထားသူ ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်မှုဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဘာမှမသက်ဆိုင်ပဲ ဒါဟာ အမေရိကန်ပြည်တွင်းရေး အမှုတခုသာ ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောပါတယ်။

အခုဖြစ်ရပ်ဟာ အမေရိကန်ပြည်တွင်းရေး အမှုတခုဖြစ်ပြီး အမေရိကန်ဥပဒေအရ ကိုင်တွယ်ဆောင်ရွက်ရမှာ ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံနဲ့ မသက်ဆိုင်ကြောင်း နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်ကို စစ်ကောင်စီရဲ့ MRTV ကနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်မှုနဲ့ မြန်မာ ၂ ယောက်ကို ဖမ်းထားချိန်ကစပြီး စစ်ကောင်စီက ပထမဆုံး တုန့်ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ကြံဖို့ ကြံစည်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Linda Thomas-Greenfield ရဲ့ ရှုတ်ချမှုကိုလည်း စစ်ကောင်စီက ပယ်ချခဲ့တာပါ။

သံအမတ်ကြီးဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ အတွက် မြန်မာစစ်တပ်ကို လက်နက်ရောင်းနေသူ ထိုင်းလက်နက်ပွဲစားနဲ့ ကြံစည်တယ်ဆိုတဲ့ သံသယနဲ့ မြန်မာ ၂ ဦးကို အမေရိကန်လုံခြုံရေးတာဝန်ရှိသူတွေက သောကြာနေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ စနေနေ့ကတော့ ကုလ အမေရိကန်သံအမတ်ကြီးက ဒီလုပ်ရပ်ဟာ အာဏာရှင်ခေါင်းဆောင်တွေနဲ့ ထောက်ခံသူတွေရဲ့ သူတို့ကို ဆန့်ကျင်ရပ်တည် ပြောဆိုသူတွေ အပေါ် ကမ္ဘာတဝန်း လိုက်လံဖိနှိပ် အရေးယူဖို့ ကြိုးပမ်းလေ့ရှိတဲ့ပုံစံမျိုး ဖြစ်တယ်လို့ ပြောဆိုပြီး ဒီလုပ်ရပ်ကို ရှုတ်ချပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံခြားရေးဌာနကတော့ ဒီပြောဆိုချက်ကို ပယ်ချခဲ့တဲ့ အပြင် ဦးကျော်မိုးထွန်းဟာ သူတို့တရားမဝင်ဘူလို့ ကြေညာထားတဲ့အတိုက်အခံ NUG အစိုးရ ကို ထောက်ခံပြောဆိုသူဖြစ်တဲ့အတွက် နိုင်ငံတော် သစ္စာဖေါက်မှုနဲ့ ဖမ်းဝရမ်း ထုတ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

စက်တင်ဘာလမှာ လက်ရှိသံအမတ်ကြီး တာဝန်သက်တမ်း ကုန်ဆုံးမယ့်အချိန်မှာ မြန်မာစစ်အာဏာပိုင်တွေက တခြားတယောက်နဲ့ အစားထိုးခန့်အပ်ဖို့ ရှိနေချိန်မှာပဲ အခုလို လုပ်ကြံဖို့ ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

--------------------------------------








XS
SM
MD
LG