သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရောက် မြန်မာတွေအတွက် ပညာသင်ဆု တိုးမြှင့်သုံးစွဲမည် 


Ambassador Derek Mitchell, Patron, US-ASEAN Business Council Institute Myanmar Scholarship Fund; Former U.S. Ambassador to Myanmar
Ambassador Derek Mitchell, Patron, US-ASEAN Business Council Institute Myanmar Scholarship Fund; Former U.S. Ambassador to Myanmar

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ မြန်မာကျောင်းသားတွေအတွက် ပညာသင်ဆုအစီအစဉ်ကို လာမယ့် သုံးနှစ်အတွင်း တနှစ်ကို ဒေါ်လာ နှစ်သန်းထိတိုးမြှင့်ဖို့ ကြိုးပမ်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Derek Mitchell က မနေ့ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အခက်အခဲကြုံတွေ့လာကြတဲ့ အမေရိကန်ရောက် မြန်မာကျောင်းသားတွေအတွက် အကူအညီပေးမယ့်အစီအစဉ်ကို အင်္ဂါနေ့က ဝါရှင်တန်ဒီစီမှာပြုလုပ်တဲ့ အမေရိကန်-အင်ဒို-ပစိဖိတ်ညီလာခံမှာ သံအမတ်ကြီးက မိတ်ဆက်ပြောကြားခဲ့တာပါ။
ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

CSIS မဟာဗျူဟာ နဲ့ နိုင်ငံတကာလေ့လာရေးစင်တာနဲ့ အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီတို့ ပူးတွဲပြုလုပ်တဲ့ နှစ်ရက်ကြာမြင့်မယ့် အမေရိကန်-အင်ဒို-ပစိဖိတ် ညီလာခံအဖွင့်မိန့်ခွန်းအဖြစ် ပြောကြားခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Derek Mitchell က မြန်မာနိုင်ငံပညာသင်ဆုအစီအစီအစဉ်ကို အခုလို ကြေညာခဲ့ပါတယ်။

"အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေပြီး လက်ရှိပညာသင်ကြားနေတဲ့ မြန်မာကျောင်းသားတွေအတွက် ငွေကြေးထောက်ပံ့ဖို့ အမေရိကန်- အာဆီယံ စီးပွားရေးကောင်စီက ကမကထ ပြုလုပ်တဲ့ အစီအစဉ်သစ်မှာ နာယက အနေနဲ့ ထမ်းဆောင်ဖို့ အရမ်းစိတ်အားထက်သန်ခဲ့ပါတယ်။ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရဲ့ မြန်မာနိုင်ငံ ပညာသင်ဆုရန်ပုံငွေ အဖွဲ့အနေနဲ့ အမေရိကန်မှာရှိတဲ့ မြန်မာကျောင်းသားတွေရဲ့ ဖြည့်စွက်ပညာသင်ဆုအစီအစဉ်အတွက် လာမယ့်သုံးနှစ်အတွင်း တနှစ်ကို ဒေါ်လာ နှစ် သန်း တိုးမြင့်ဖို့ ကြိုးပမ်းနေပါတယ်။ ဒီကျောင်းသားတွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကြောင့် ပညာရေးမှာ အနှောင့်အယှက်ဖြစ်ပြီး အခုဆိုရင် ဘွဲ့ဒီဂရီတွေ ရဖို့အတွက် ငွေကြေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ ဒီအစီအစဉ်မှာ တနှစ်ကို ဘွဲ့ကြိုနဲ့ ဘွဲ့လွန် မြန်မာကျောင်းသားပေါင်း ၃၄၀ ယောက်အတွက် တယောက်ကို တနှစ် ဒေါ်လာ ၅၀၀၀ ထောက်ပံ့ဖို့ ရည်ရွယ်ထားပါတယ်။"

မြန်မာနိုင်ငံအနာဂတ်တိုးတက်ရေး လူငယ်တွေရဲ့ အခန်းကဏ္ဍမြှင့်တင်နိုင်ဖို့ရည်ရွယ်ချက်နဲ့ ထောက်ပံ့မယ့် ဒီအစီစဉ်နဲ့ ပတ်သက်လို့ သက်ရောက်မှု ဘယ်လောက်ထိရှိနိုင်မလဲလို့ သံအမတ်ကြီး မိန့်ခွန်းပြောကြားအပြီးမှာ ဗွီအိုအေက သီးသန့်မေးမြန်းခွင့်ရခဲ့ပါတယ်။

Derek Mitchell ။ ။ ဘယ်နိုင်ငံရဲ့ အနာဂတ်မဆို အထူးသဖြင့် မြန်မာနိုင်ငံက လူငယ်တွေကို ကြည့်မယ်ဆိုရင် သူတို့ နိုင်ငံတွင်းမှာ အခက်အခဲတွေ၊ ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတာပါ။ ဒီလိုအခြေအနေတွေကြောင့် နိုင်ငံရပ်ခြားမှာ ပညာသင်ကြားနေဆဲ မြန်မာကျောင်းသားလူငယ်တွေအတွက် အကူအညီတွေလိုအပ်နေပါတယ်။ သူတို့အတွက် အရင်လို ငွေကြေးအကူအညီတွေရဖို့နဲ့ ထောက်ပံ့ငွေတွေလွဲှပြောင်းဖို့ အခြေအနေလည်း မပေးတော့ပါဘူး။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ အခြား အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံအနာဂတ်အတွက် ရင်းနှီးမြှုပ်နှံနေတယ်ဆိုတာ ကမ္ဘာကို ပြသနေတာဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။ ဒါကြောင့် အကျိုးသက်ရောက်မှုဆိုတဲ့အပိုင်းကတော့ တစည်းတလုံးတည်းရှိကြောင်းပြသတာ၊ ကူညီထောက်ပံ့မယ်ဆိုတဲ့ သတင်းစကားပါးတာအပြင် လက်တွေ့ကျတဲ့ အပိုင်းကတော့ ပညာသင်မှုပြီးဆုံးသွားတဲ့ မြန်မာလူငယ်တွေဟာသူတို့ကျွမ်းကျင်တတ်မြောက်မှုတွေကို တနေ့တချိန်မှာ မြန်မာနိုင်ငံကို ပြန်ပြီး ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ အသုံးချနိုင်မယ်လို့ မျှော်လင့်ပါတယ်။

အင်ကြင်းနိုင်။ ။ သံအမတ်ကြီးပြောသွားတဲ့အထဲမှာအခု ယူကရိန်းမှာဖြစ်နေတဲ့ ပုံစံပေါ့နော်- အခု သူတို့နိုင်ငံတွင်းမှာ ဒီမိုကရေစီနဲ့ အချုပ်အခြာအာဏာအတွက် ကြိုးပမ်းနေတဲ့ ပြည်သူတရပ်လုံးရဲ့ ဆန္ဒတောင်းဆိုချက်တွေကို ကျူးကျော်တဲ့ရုရှားတပ်တွေ ဖိနှိပ်ဖို့ ကြိုးပမ်းနေတဲ့လုပ်ရပ်ဟာ မြန်မာနိုင်ငံက အခြေအနေအတိုင်းပဲလို့ နှိုင်းယှဉ်ပြောသွားပါတယ်။ ဒီနေရာမှာ ပဋိပက္ခတွေရင်ဆိုင်နေရတဲ့ မြန်မာနဲ့ ယူကရိန်းနိုင်ငံတွေအပေါ် ရပ်တည်တဲ့ အမေရိကန်အစိုးရရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်ပါသလဲ။

Derek Mitchell ။ ။ နိုင်ငံတနိုင်ငံချင်းစီမှာတော့ ကိုယ်ပိုင်အခြေအနေတွေရှိကြတာပါ။ ဒါပေမယ့် မြန်မာပြည်သူတွေနဲ့ပတ်သက်ရင် အမေရိကန်အစိုးရအနေနဲ့ အပြည့်အ၀ ရင်းနှီးမြှုပ်နှံပံ့ပိုးပေးနေတယ်ဆိုတာကျနော် သိပါတယ်။ အာဏာသိမ်းမှုကို မတည်မြဲအောင်၊ မြန်မာပြည်သူတွေ ရပိုင်ခွင့်၊ ဂုဏ်သိက္ခာနဲ့ ဒီမိုကရစီ ပြန်လည်ရရှိရေး နိုင်ငံတကာ ထောက်ခံမှုရဖို့ အမေရိကန်အစိုးရက ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ယူကရိန်းအခြေအနေကလည်း အလားတူမျိုးပါပဲ။ အာဏာရှင်အဖွဲ့အစည်းကနေ ပြည်သူတွေရဲ့ ရပိုင်ခွင့်၊ ဂုဏ်သိက္ခာကို ဖယ်ရှားဖို့ ကြိုးပမ်းနေတာပါ။ ယူကရိန်းပြည်သူတွေကလည်း ပြန်ပြီး ခုခံတိုက်ခိုက်နေပါတယ်။ သမ္မတ Biden အစိုးရအဖွဲ့အပါအဝင် အခြားသူတွေပြောနေတာက ဒီကနေ့ ကျနော်တို့ခေတ်ရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်ကတော့ အာဏာရှင်နဲ့ ဒီမိုကရေစီကြား တိုက်ပွဲဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ အဲတော့ မြန်မာပြည်သူတွေအတွက် အမေရိကန်အစိုးရဘက်က ဒီထက်ပိုပြီး ကူညီထောက်ပံ့မှုတွေရှိလာမလား။

Derek Mitchell ။ ။ ရှိပါတယ်။ ငွေကြေးရန်ပုံငွေအထောက်အပံ့တွေ ဒီထက်မက အများကြီးပေးနေပါတယ်။ နောက်ပြီး သေချာတာက သံတမန်ရေး အရ ထောက်ခံအားပေးမှုလည်းရှိနေပါတယ်။ NUG NUCC နဲ့အခြား မဟာမိတ်အဖွဲ့တချို့နဲ့ တရားဝင်ရွေးကောက်ခံရတဲ့ လွှတ်တော်အမတ်တွေကို ကူညီထောက်ပံ့မယ့်အကြောင်း ကြေညာတာဟာ သံတမန်ရေးအရ ထောက်ခံမှုပေးတာဖြစ်ပါတယ်။ ဆိုတော့ သံတမန်ရေးအရရော၊ ငွေကြေးအရပါ နှစ်မျိုးလုံး ထောက်ခံအားပေးနေပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ချင်းစာတရားဟာ ဘယ်ဘက်မှာ ရပ်တည်နေသလဲဆိုတာကို ပြသနေတယ်လို့ ကျနော်မြင်ပါတယ်။

သံအမတ်ကြီး Derek Mitchell ပြောကြားသွားတဲ့အထဲမှာလည်း မြန်မာနိုင်ငံပညာသင်ဆုကို ဦးဆောင်ခဲ့သူ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ကွယ်လွန်သွားပြီဖြစ်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright ဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ခဲ့တဲ့အပေါ်မှာ အလွန်အင်မတန် စိတ်ထိခိုက်ခဲ့သလို၊ မြန်မာပြည်သူတွေအတွက် အကူအညီပေးဖို့ ဆန္ဒပြင်းပြင်းထန်ထန်ရှိခဲ့ကြောင်း ထည့်သွင်းပြောဆိုသွားပါတယ်။

အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက စီစဉ်တဲ့ မြန်မာနိုင်ငံပညာသင်ဆုရန်ပုံငွေ ကို မိတ်ဖက် IIE နိုင်ငံတကာပညာရေး အင်စတီကျူနဲ့ ပူးတွဲအကောင်အထည်ဖေါ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အမေရိကန် ဒေါ်လာ ၈၀၀၀၀ ထိ ရရှိထားပြီး၊ ပါဝင်လှူဒါန်းတဲ့ စီးပွားရေးကုမ္ပဏီတွေထဲမှာ National Endowment ရှယ်ဗရွန်၊ ဖေ့စ်ဘုတ်ခ်ကုမ္ပဏီကို နာမည်ပြောင်းထားတဲ့ Metta နဲ့အခြား အာရှ နဲ့ အမေရိကန်ကုမ္ပဏီတချိုလည်း ထည့်ဝင်ခဲ့ကြကြောင်း သံအမတ်ကြီး Mitchell ကသူ့ရဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ လက်ရှိ အမေရိကန်ပြည်ထောင်စုကို လာရောက်ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသားပေါင်း ၁၇၀၀ နီးပါးရှိနေပြီး အဲဒီထဲက ၃၀၀ ကျော်ကို အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက နှစ်စဉ် ပညာသင်ဆု ထောက်ပံ့သွားမှာဖြစ်ပါတယ်။

---------------------------------













XS
SM
MD
LG