ဒီကနေ့ ရန်ကုန်မြို့မှာ မကြာခင်ကမှ ကျင်းပပြီးစီးသွားခဲ့တဲ့ ထိုင်းနဲ့မြန်မာ ဘောလုံးပြိုင်ပွဲမှာ နှစ်ဘက်အသင်းတွေဟာ အကြိတ်အနယ် ကစားခဲ့ကြပြီးတဲ့နောက် တဘက် တစ်ဂိုးစီနဲ့ သရေကျသွားပါတယ်။
မြန်မာအသင်းရဲ့အားကိုးရတဲ့ အလယ်တန်းကစားသမား ကြည်လင်း ဒဏ်ရာရ ထွက်သွားပြီးတဲ့နောက် လူစားဝင်လာတဲ့နေလင်းထွန်းက ဝင်လာပြီး မကြာခင်မှာပဲ ၃၃ မိနစ်အကြာမှာ ပထမဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
ပထမပိုင်းပွဲစဉ်တလျှောက်မှာ မြန်မာက (၁) ဂိုး၊ ဂိုးမရှိနဲ့ အသာစီး ရထားခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲပြန်စလို့ ၁ မိနစ်အတွင်းမှာပဲ ထိုင်းဘက်က ချေပဂိုးကို ပြန်သွင်းလိုက်ပါတယ်။ ပြိုင်ပွဲကာလတလျှောက်လုံးမှာ ပြိုင်ဘက် အသင်းတွေ အကြိတ်အနယ် ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့ကြတဲ့အတွက် အဝါရောင် သတိပေးကဒ်တွေ အကြိမ် ၂၀ ကျော် ပြသ သတိပေးခဲ့ရပါတယ်။
ပွဲပြီးခါနီး ၈၆ မိနစ်အကြာမှာ မြန်မာအသင်းဘက်က ပင်နတီစည်းအစပ်ကနေ ကိုက်အနည်းငယ်အကွာက ကန်သွင်းရာမှာ ရှေ့တန်းလူကတဆင့် ကန် သွင်းပြီးတော့ ဂိုးဝင်သွားပေမဲ့ လူကျွံဘောဖြစ်သွားတာကြောင့် ဂိုးမပေးခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ထိုင်းအသင်းဘက်ကလည်း မြန်မာအသင်းကို ပြစ်ဒဏ်ဘောကန်သွင်းရာမှာ သီသီလေး ဂိုးတိုင်နဲ့ထိပြီး ဂိုးမရဘဲ ဖြစ်သွားခဲ့ပါတယ်။