သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုကျွန်းက ကယ်တင်ခဲ့တဲ့ရေလုပ်သားတွေ အိမ်ပြန်ရောက်


အင်ဒိုနီးရှားကျွန်းပေါ်က ကယ်တင်ခဲ့တဲ့ မြန်မာရေလုပ်သားများကို တွေ့ရစဉ်။ (မေ ၉၊ ၂၀၁၅)
အင်ဒိုနီးရှားကျွန်းပေါ်က ကယ်တင်ခဲ့တဲ့ မြန်မာရေလုပ်သားများကို တွေ့ရစဉ်။ (မေ ၉၊ ၂၀၁၅)

အင်ဒိုနီးရှားနိုင်ငံ၊ ကျွန်းတကျွန်းပေါ်ကနေ ကယ်တင်ခဲ့တဲ့ မြန်မာ ငါးဖမ်းလုပ်သားတွေထဲက ပထမဆုံးအသုတ်ဟာ စနေနေ့က မြန်မာနိုင်ငံဆီ ပြန်ရောက်သွားပါပြီ။ ငါးဖမ်းလုပ်သားတွေကို ကျွန်တွေသဖွယ် ခိုင်းစေနေတဲ့အကြောင်း AP သတင်းဌာနက ရေးသားဖွင့်ချခဲ့ပြီးတဲ့နောက် အဲဒီငါးဖမ်းလုပ်သားတွေကို ကယ်တင်ခဲ့တာပါ။

အခု တိုင်းပြည်ပြန်ရောက်သွားတဲ့ ငါးဖမ်းလုပ်သားတွေထဲမှာ အင်ဒိုနီးရှားရေပြင်ထဲက ငါးဖမ်းသင်္ဘောတွေမှာ အလုပ်လုပ်ဖို့ လူမှောင်ခိုကူးသူတွေက ဖြားယောင်းသွေးဆောင်တာကို ခံခဲ့ရတဲ့ ငါးဖမ်းလုပ်သား ၁၅ ယောက်လည်းပါဝင်ပါတယ်။ သူတို့ မိသားစုတွေနဲ့ ဘယ်တော့ ပြန်ပေါင်းစည်းကြမယ် ဆိုတာကတော့ မသိရသေးပါဘူး။

အင်ဒိုနီးရှားက ကျွန်းပေါ်မှာ ပိတ်ခံထားခဲ့ရတဲ့ ငါးဖမ်းလုပ်သား ကိုဝင်းကိုနိုင်ရဲ့ မိခင်ဖြစ်သူက သူ့သား သေဆုံးသွားပြီလို့ ထင်ခဲ့တဲ့အကြောင်း ပြောပါတယ်။

အင်ဒိုနီးရှားအရှေ့ပိုင်းက ဝေးလံတဲ့ကျွန်းပေါ်မှာ ပိတ်ခံထားရတဲ့ ငါးဖမ်းလုပ်သားအရေအတွက်ဟာ AP သတင်းဌာနက ဖွင့်ချခဲ့တဲ့ ကျွန်သဖွယ် ခိုင်းစေခံနေရသူတွေအပါအဝင် ၄၀၀၀ လောက်အထိရှိပါတယ်။ အဲဒီငါးဖမ်းလုပ်သားတွေထဲက တချို့ကို လှောင်အိမ်တွေထဲမှာထည့်ထားပြီး အရိုက်အနှက်ခံရတာတွေရှိပြီးတော့ အတင်းအဓမ္မ ငါးဖမ်းခိုင်းတယ်လို့ AP က မတ်လမှာ သတင်းရေးသားဖော်ပြပါတယ်။ သူတို့ဖမ်းမိတဲ့ငါးတွေကို အမေရိကန်က ကုန်တိုက်ကြီးတွေနဲ့ စားသောက်ဆိုင်တွေမှာ တင်ရောင်းတယ်လို့ AP သတင်းမှာ ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG