သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေးကောက်ပွဲကာလ လုံခြုံရေး တင်းကျပ်


မြန်မာရွေးကောက်ပွဲကာလ လုံခြုံရေး တင်းကျပ်
မြန်မာရွေးကောက်ပွဲကာလ လုံခြုံရေး တင်းကျပ်

မြန်မာနိုင်ငံမှာ ၁၉၉၀ ခုနှစ်ကတည်းက ပထမဦးဆုံး အကြိမ်အဖြစ် ကျင်းပမယ့် ရွေးကောက်ပွဲဟာ လာမယ့် တနင်္ဂနွေနေ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့အချိန် မြန်မာစစ်အစိုးရ ရုံးစိုက်ရာ ပျဉ်းမနား နေပြည်တော်မှာ မနေ့ကစလို့ လုံခြုံရေးတွေ ပိုပြီး တိုးမြှင့်ချထားသလို မြို့အဝင်အထွက် ကားတွေကိုလည်း အတော်လေး စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အလားတူ ရန်ကုန်မှာလည်း ဒီရက်ပိုင်းတွေအတွင်း လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားပြီး ဒါဟာ ၅ ရက်သာ လိုတော့တဲ့ ရွေးကောက်ပွဲကြောင့်လို့ ခန့်မှန်းကြပါတယ်။ ဒီလုံခြုံရေး အခြေအနေတွေကို စုံစမ်းမေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မနေ့လောက်ကတည်းက စလို့ နေပြည်တော်နဲ့ ပျဉ်းမနားမြို့ အတွင်းမှာ နေ့ဘက်ဆိုရင် လုံခြုံရေးတွေဟာ ဝတ်စုံအပြည့်၊ ကားပေါ်မှာလည်း အင်အားအပြည့်နဲ့ မြို့တွင်း လှည့်လည်နေကြတာတွေ ပိုတွေ့လာရတယ်လု့ိ ပျဉ်းမနားမြို့ခံတွေက ပြောပါတယ်။ နေပြည်တော်ကို ဝင်လာကြတဲ့ နယ်ကားတွေကိုလည်း စစ်ဆေးရေး ဂိတ်တွေမှာ နေ့ဘက်ရော ညဘက်တွေမှာပါ အတော်လေး တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ပျဉ်းမနားမြို့ခံ တဦးက ပြောပါတယ်။

“နေပြည်တော်တခွင် သူတို့က ပတ်နေတာပါပဲ။ အဓိကတော့ ပြည်သူအများဆုံးရှိတဲ့ ဘက်ကိုပဲ ပတ်နေတာပဲလေ။ သူတို့ တော်တော် တင်းတင်းကျပ်ကျပ်ကို စစ်ဆေးပါတယ်။ မှတ်ပုံတင်နံပါတ် တောင်းကြည့်တာတို့၊ ဝင်သမျှ ကားတိုင်းကို သူတို့ တော်တော်လေး တင်းတင်းကျပ်ကျပ် စစ်ဆေးပါတယ်။ လုံခြုံရေးပါလာတဲ့ ရဲတွေက ဝတ်စုံပြည့်နဲ့ ဆင်းပြီး လူစုလူဝေး ပြတာပေါ့၊ သူတို့ အင်အားသုံး နှိမ်နင်းမယ့် ပုံစံမျိုးတွေပေါ့။”

ပျဉ်းမနား နေပြည်တော် အတွင်းမှာရှိတဲ့ စားသောက်ဆိုင်နဲ့ အနှိပ်ခန်းတွေ အားလုံးကို ဒီကနေ့ကစလို့ ဆိုင်တွေကို စောစောပိတ်ကြဖို့ ညွှန်ကြားစာတွေလည်း ရောက်နေပြီလို့ အဲဒီလူငယ်က ဆက်ပြောပြပါတယ်။

“၂ ရက်နေ့ကနေ ၄ ရက်နေ့အထိက ည ၉ နာရီအထိ နောက်ဆုံးပဲပေါ့၊ ဆိုင်တွေဘာတွေ ပိတ်ဖို့အတွက်။ ၅ ရက်နေ့၊ ၆ ရက်နေ့တွေကတော့ ညနေ ၆ နာရီအထိပဲ ဆိုင်တွေ အကုန်လုံးကို ပိတ်ဖို့ဆိုပြီး ထုတ်ပြန်ထားတယ်။ ၇ ရက်နေ့ နောက်ပိုင်းကတော့ ဘာမှ ထပ်မလာသေးပါဘူး။ အကုန်လုံးကတော့ ဘာမှ မဖြစ်နိုင်တဲ့ နေရာမှာ ဒီလိုမျိုး အင်အားပြည့် ချထားတဲ့အတွက် နည်းနည်း ရယ်ချင်စရာတော့ ဖြစ်တာပေါ့။ ဒီမှာတော့ ဘယ်သူမှ ဘာမှ မလုပ်ကြဘူး။ အဲဒီလိုနေရာမျိုးကို လာပြီး လုံခြုံရေး တင်းတင်းကျပ်ကျပ် ချတော့လည်း ရယ်ချင်တာပဲ ရှိကြတာပေါ့။”

နေပြည်တော်ဘက်က လုံခြုံရေး အခြေအနေ ဖြစ်ပါတယ်။

တခါ ရန်ကုန်ဘက် ကြည့်မယ်ဆိုရင်လည်း မနေ့လောက်ကစလို့ ဆူးလေတဝိုက်၊ လမ်းမတော်၊ ဗိုလ်ချုပ်ဈေး၊ သိမ်ကြီးဈေးအပြင် အခြား လူစည်ကားတဲ့နေရာ တော်တော်များများမှာ လုံခြုံရေးတွေကို ပုံစံအမျိုးမျိုးနဲ့ ပိုတွေ့လာရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ အထူးသဖြင့် ညဘက်တွေမှာ လုံခြုံရေးအရ ကားတွေကို အတော်လေး ဖိအားပေး စစ်နေတာ ကြုံနေရတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။

“လမ်းဆုံလမ်းခွတွေမှာ အခု ရယကတွေက အင်္ကျီဝတ်တွေနဲ့ စောင့်ပြီးတော့ လက်ရှိ ရဲဝန်ထမ်းတွေ အားလုံးကလည်း မာဖီဝတ်တွေနဲ့ပဲ အကုန် လုံခြုံရေးတွေ စောင့်နေပါတယ်။ ညဆိုရင်လည်း လမ်းကြောင်းစစ်တဲ့ Surprise Check ဆိုပြီးတော့ ကားတစီးဝင်လာရင် တော်တော် နံှ့စပ်အောင် ရှာတဲ့အတွက် ညဘက်ထွက်တဲ့ တက္ကစီသမားတွေ တော်တော် ဒုက္ခရောက်ပါတယ်။ တက္ကစီသမားတွေက ညပိုင်း အော်ဒါထွက်ဖို့ တော်တော်ကြောက်နေရပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ လုံခြုံရေး စစ်နေတဲ့အတွက် သူတို့မှာ သွားမယ့် အော်ဒါတွေမရ၊ မရတဲ့အတွက် ကြန့်ကြာမှုတွေ ဖြစ်တယ်၊ အဲဒါကြောင့် တက္ကစီသမားတွေ ညဘက်ဆို အုံနာတွေကို အုံနာကြေးလျှော့ဖို့ ပြောနေပါတယ်။ မြို့ဝင် မြို့ထွက်တွေက စစ်ဆေးမှု ပိုဆိုးတယ်လို့ ကြားပါတယ်။ အရင်ကစစ်တဲ့ အနေအထားဆိုရင် နံပါတ်လောက်ပဲ မှတ်ပြီးတော့ အခုကတော့ ဒက်ရှ်ဘုတ်အဖုံး ဖွင့်တယ်၊ အကုန်ရှာတာပါခင်ဗျ။ အောက်တွေရော၊ အပေါ်တွေရော။”

ဒီလို အခြေအနေတွေအပြင် ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ အနှိပ်ခန်းတွေကို လုံခြုံရေး အခြေအနေအရ ဆိုပြီး မနေ့ နိုဝင်ဘာ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ပိတ်ထားဖို့ ညွှန်ကြားစာတွေ ရောက်နေတယ်လို့လည်း သိရပါတယ်။ ညဘက် လမ်းဘေးတွေမှာ ရောင်းကြတဲ့ ဘီယာဆိုင်တွေကိုတော့ လာမယ့် ၅ ရက်နေ့ကနေ စတင်ပိတ်ဖို့ အတွက်လည်း အသိပေးထားတယ်လို့ ပြောပါတယ်။

ဒီလို အခြေအနေတွေဟာ လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲကြောင့် လုံခြုံရေး အခြေအနေတွေ တင်းကျပ်တာလို့ အားလုံးက လက်ခံထားပါတယ်။ ဒီလို လုံခြုံရေးတွေ များများတွေ့လာရလေ လူထုက ကြောက်လန့်စိတ်တွေနဲ့ အပြင်မထွက်ရဲ ဖြစ်လာကြတာတွေကြောင့် အရောင်းအဝယ်တွေဟာ ဒီရက်ပိုင်းအတွင်း အတော်ကျတယ်လို့ ပြောပါတယ်။

“အရောင်းအဝယ်တွေကတော့ လူတွေက အသွားအလာ နည်းတဲ့အတွက် ညဘက် ၉ နာရီကျော်လောက် ဆိုရင် လူတွေ ပြတ်သွားပါပြီ၊ မြို့လယ်ခေါင်မှာလည်း။ နေ့ခင်းပိုင်းဆိုရင်လည်း ဒီလူတွေက စိုးရိမ်စိတ်တွေ ရှိနေပြီးတော့ လူစည်ကားတဲ့ နေရာကို သိပ်မသွားပါဘူး။ လက်ရှိ အရောင်းအဝယ်တွေက တော်တော်အေးနေတဲ့ အနေအထားမှာ ရှိပါတယ်ခင်ဗျ။ လသာမြို့နယ် ဆိုရင်လည်း ခြောက်ကပ်သွားပါပြီ။ ကြည့်မြင်တိုင်ဘက် ဆိုရင်လည်း ကြည့်မြင်တိုင် ညဈေးက ခြောက်ကပ်နေပါတယ်။ ဒါကြောင့် ညပိုင်းရောင်းတဲ့ ဈေးသည်တွေ တော်တော် ဒုက္ခရောက်နေပါတယ်။”

ရန်ကုန်မြို့ခံတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

မန္တလေးဘက်မှာတော့ မဲရုံ လုံခြုံရေးတွေဆိုပြီး ရပ်ကွက်မီးသတ်နဲ့ သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်တွေ ပြင်ဆင်နေကြတာမျိုးက လွဲရင် သိပ်ထူးထူးခြားခြား ပုံစံနဲ့ မြို့အတွင်းမှာ မတွေ့ရဘူးလို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

ဒါပေမဲ့ ဈေးချိုအပါအဝင် မန္တလေး ညဈေးတွေဟာ ဒီရက်ပိုင်းအတွင်း အရောင်းအဝယ် အလွန်ပါးလှတယ်လို့လည်း ဆိုကြပါတယ်။ နောက်တခါ မြန်မာနိုင်ငံတဝန်း တဘက်နိုင်ငံတွေက ဝင်ကြတဲ့ နယ်စပ်ဂိတ်တွေ အားလုံးကိုလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG