သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ နီးလေ လုံခြုံရေး တင်းကျပ်လေ


ရန်ကုန် မြို့တော်ခန်းမအနီး လုံခြုံရေး ချထားစဉ်။ နိုဝင်ဘာ ၄၊ ၂၀၁၀။
ရန်ကုန် မြို့တော်ခန်းမအနီး လုံခြုံရေး ချထားစဉ်။ နိုဝင်ဘာ ၄၊ ၂၀၁၀။

ရွေးကောက်ပွဲ ကျင်းပဖို့ ၂ ရက်သာ လိုတော့တာမို့ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော် အပါအဝင် ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာ လုံခြုံရေးတွေ ပိုပြီးတော့ တင်းတင်းကျပ်ကျပ် ချထားပါတယ်။ ဒီလိုမျိုး လက်နက်ကိုင်တွေ တင်ဆောင်ထားတဲ့ လုံခြုံရေးတွေကို တွေ့ရတာကြောင့် လူထုမှာ စိုးရိမ်မှုတွေ ဖြစ်လာတယ်လို့ ပြောကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်းအတွင်းက ဆူးလေ၊ မြေနီကုန်း၊ လှည်းတန်း၊ သမိုင်းလမ်းဆုံလို နေရာတွေ အပါအဝင် လူစည်ကားရာ ဈေးကြီးတွေ၊ ကုန်တိုက်ကြီးတွေနဲ့ လမ်းဆုံတွေမှာပါ လုံခြုံရေးတွေ အများအပြား ပိုပြီးတော့ တွေ့လာရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ နက်ပြာရောင် အင်္ကျီတွေ အပေါ်မှာ အနီရောင် လည်ပတ်တွေ ဝတ်ဆင်ထားပြီး လက်နက်တွေ အပြည့် ကိုင်ဆောင်ထားတဲ့ လုံခြုံရေးတွေ တင်ထားတဲ့ ကားတွေ ၁၅ စီးမက မြို့အတွင်းမှာလည်း လှည့်လည်နေတယ်လို့ ပြောပါတယ်။ ဒါဟာ ၂ ရက်သာ လိုတော့တဲ့ ရွေးကောက်ပွဲအတွက် လုံခြုံရေးတွေ တိုးမြှင့်ချထားတာလို့ အားလုံးက နားလည်ထားပေမဲ့ ဒီလို အခြေအနေတွေကို မြင်ရတာ လူထုစိတ်ထဲမှာ ချောက်ချားမှုတွေ ဖြစ်စေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“အခု အများဆုံး ချထားတာတော့ လှည်းတန်း၊ ကြို့ကုန်း၊ မြေနီကုန်း၊ ဘုန်းကြီးလမ်း တောက်လျှောက်ပေါ့၊ အဲဒီမှာ လုံခြုံရေး အကုန် ပြည့်ပြည့်ကျပ်ကျပ် ချထားပြီး လမ်းဆုံ လမ်းပွိုင့်တွေမှာ ရဲယူနီဖောင်း မရှိပေမဲ့လည်း ဆိုင်ကယ်တွေနဲ့ အကုန် တွေ့နေရတယ်။ စစ်ကားကြီးတွေနဲ့ သွားတာ စစ်သားတွေကလည်း စစ်ယူနီဖောင်းတွေနဲ့ မဟုတ်တော့ဘဲ နက်ပြာကြီးတွေ ဝတ်ထားတယ်။ နက်ပြာမှာမှ လည်ပင်းမှာ အနီပတ်တွေ ပတ်ထားတယ်။ အနီပတ်တွေ ပတ်ထားတာ ဝတ်စုံအပြည့်၊ လက်နက်အပြည့်နဲ့ကို ပတ်နေတာ။

“ပထမလို လုံထိန်းကားတွေ မဟုတ်တော့ဘဲ စစ်ကားတွေသွားတော့ လူတွေက အထိတ်တလန့်တွေ အကုန် ဖြစ်ကုန်တာပေါ့။ မနက်ဖြန်ဆိုရင် ဟိန္ဒူဘာသာဝင်တွေ ကျင်းပမယ့် ဒီပါဝလီပွဲ ဖြစ်ပေမဲ့လည်း အခု ဈေးတွေမှာဆို လူတွေလည်း မရှိဘူး။ အရောင်းအဝယ်တွေကလည်း အားလုံး အေးနေတယ်ပေါ့။ လူတွေက အထိတ်တလန့် ဖြစ်တယ်ဆိုတာ အားလုံးက တခုခုများ ဖြစ်လာမလားပေါ့။ ဘာကိုမှန်း မသိဘဲ အကုန် ကြောက်နေကြတာ။”

ရန်ကုန်မြို့ခံတဦးက ဒီနေ့ သူတွေ့ရတဲ့ လုံခြုံရေး အခြေအနေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း အတွင်းက လမ်းဘေး ဈေးသည်တွေကိုလည်း မနက်ဖြန် ၅ ရက်နေ့ကစလို့ ဈေးမထွက်ကြဖို့ သက်ဆိုင်ရာ ဈေးစည်ပင်တွေက အကြောင်းကြားထားသလို ညဘက်မှာ ဖွင့်ကြတဲ့ စားသောက်ဆိုင်နဲ့ ဘီယာဆိုင်တွေကိုလည်း ညနေ ၆ နာရီအထိ နောက်ဆုံးဖွင့်ဖို့အတွက်ကိုလည်း အကြောင်းကြားထားပါတယ်။

ညဘက်တွေမှာ မြို့နယ်တွေအတွင်း ဧည့်စာရင်းတွေကို ပိုပြီး စစ်လာတာ၊ ညဘက်သွားကြတဲ့ ကားတွေအပေါ်မှာလည်း တင်းတင်းကျပ်ကျပ် ရှာဖွေတာတွေ ပိုပြီး တွေ့လာနေတယ်လို့ ပြောပါတယ်။

နေပြည်တော်မှာ ဆိုရင်လည်း မြို့ဝင် မြို့ထွက် ကားတွေကို မှတ်ပုံတင်၊ ပစ္စည်းတွေ အားလုံး စစ်ဆေးနေပြီး စားသောက်ဆိုင်၊ အနှိပ်ခန်းတွေ အားလုံးကိုလည်း ညနေ ၆ နာရီမှာ နောက်ဆုံး ပိတ်ဖို့ ညွှန်ကြားထားပါတယ်။

မန္တလေးမှာတော့ ကျုံးဘေးတဝိုက် လုံခြုံရေးတွေ လှည့်နေတာ ပိုပြီး တွေ့လာရသလို ကွန်ပြူတာဂိမ်း ဆိုင်တွေနဲ့ ဘုန်းကြီး တရားပွဲတွေကိုလည်း ဒီရက်တွေအတွင်း ပိတ်ထားတယ်လို့ မန္တလေးမြို့ခံ တဦးက ပြောပါတယ်။

“လမ်းတွေပေါ်မှာတော့ လုံခြုံရေးအဖွဲ့တွေ ချထားတာ သိသိသာသာ မတွေ့ရဘူး။ ထူးခြားတာလို့ ပြောရမယ်ဆိုရင် ရဲပတ္တယောင် ကားတွေပေါ့၊ အဲဒါမျိုးတွေ မြို့ကိုလှည့်တာတော့ အရင်ရက်တွေနဲ့ စာရင် ထူးထူးခြားခြား များလာတယ်လို့တော့ ပြောလို့ရတယ်။ နောက်ထပ်တခုကတော့ နက်ဂိမ်းဆိုင်တွေပေါ့၊ အထူးသဖြင့် မန္တလေးတက္ကသိုလ်နားက ဂိမ်းဆိုင်တချို့ကိုတော့ ပိတ်ခိုင်းတယ်လို့ သတင်းကြားရပါတယ်။ ညဈေးတန်းတွေတော့ မပိတ်ဘူးဗျ။

“ဒီမှာပိတ်တာက ဆရာတော်တွေရဲ့ တရားပွဲတွေကိုတော့ ပိတ်တယ်။ ဆရာတော်တွေရဲ့ တရားပွဲတွေကို ကျနော်တို့ သိသလောက်ဆိုရင် ၁ ရက်နေ့လောက်ကစပြီး ခွင့်ပြုချက် မပေးဘူး။ ၁၁ ရက်နေ့လောက်မှ ပြန်ပြီး တရားပွဲတွေ ခွင့်ပြုမယ်။ အဲဒီလို သိရပါတယ်။”

ဒီလို မြို့ကြီးတွေ အပါအဝင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် ဘက်တွေမှာလည်း လုံခြုံရေးတွေ တိုးမြှင့် ချထားပါတယ်။ မြန်မာနိုင်ငံတဝန်းက နယ်စပ်ဂိတ်တွေမှာလည်း လုံခြုံရေးတွေကို တိုးမြှင့် ချထားသလို စစ်ဆေးမှုတွေကိုလည်း တော်တော်လေး တင်းတင်းကျပ်ကျပ် လုပ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

XS
SM
MD
LG