သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးခြိမ်းခြောက်မှု အစစ်အမှန်လား


(ဓါတ်ပုံ-Yangon Police)
(ဓါတ်ပုံ-Yangon Police)

နေပြည်တော်၊ ရန်ကုန် ၊မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ဖေါက်ခွဲ တိုက်ခိုက်မှုတွေလုပ်မယ်ဆိုတဲ့ လျှို့ဝှက်သတင်း ပေါက်ကြားမှုဟာ ပြည်သူလူထု စိတ်လုံခြုံမှုကင်းမဲ့ပြီး အကြောက်တရား လွှမ်းမိုးနေအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာမျိုးလားလို့ နိုင်ငံရေးလေ့လာသူ တချို့ကသုံးသပ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ကတော့ ပုံမှန်အတိုင်း လိုအပ်တာတွေကို စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က သတင်းမီဒီယာတွေကို ပြောကြားပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

မြန်မာနိုင်ငံက မြို့ကြီးတွေ အထူးသဖြင့် ရန်ကုန် နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ လုံခြုံရေး အထူးသတိရှိကြဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက စက်တင်ဘာ ၂၅ ရက်စွဲနဲ့ သတိပေးချက်ထုတ်ပြန်ခဲ့တာပါ။

အဲဒီသတိပေးချက်ထဲမှာတော့ စက်တင်ဘာ ၂၆ ၊ အောက်တိုဘာ ၁၆ နဲ့ ၂၆ ရက်တွေမှာ နေပြည်တော်ကို တိုက်ခိုက်လာနိုင်ခြေရှိပြီး၊ နောက် လာမယ့် လတွေမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တွေကို တိုက်ခိုက်လာဖွယ် ရှိတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးမှု လုပ်နေကြောင်း ဖေါ်ပြထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတွင်း ရောက်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေ ပြည်တွင်းသတင်းကို နားစွင့်ဖို့နဲ့ လုံခြုံရေး အသိ ရှိကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ လုံခြုံရေးတပ်ဖွဲ့ကတော့ ပုံမှန်အတိုင်း လိုအပ်တာကို စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးကြီး မျိုးသူစိုးက မီဒီယာတွေကို ရှင်းပြပါတယ်။

“အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကြောင့်မို့လို့ ဘယ်နေရာမှာတော့ တိုးမြှင့်ပြီး ဆောင်ရွက်ပါတယ်။ ဘယ်နေရာမှာတော့ လုံခြုံရေးတွေ ချထားပါတယ်ဆိုတဲ့ အနေအထားမျိုး မဟုတ်ပါဘူးခင်ဗျ။ ကျနော်တို့ ရှိတဲ့ အစီအမံတိုင်းပဲ ကျနော်တို့က မူဝါဒနဲ့အညီ စနစ်တကျ ဆောင်ရွက်နေတဲ့ အနေအထားဖြစ်ကြောင်း ပြောကြားလိုပါတယ်။ သတင်းပိုင်းနဲ့ ပတ်သက်ပြီးတော့ ပြောဖို့မရှိပါဘူး ခင်ဗျ။ ဒီသတင်းတွေအရ ဒီလိုမျိုးကောလဟာလဖြစ်မှပဲ ထပြီးတော့ အရမ်းလုပ်ရတာလည်း မဟုတ်ပါဘူးခင်ဗျ။ ကျနော်တု့ိ နဂိုက လုပ်ထားတဲ့ အစီအမံအတိုင်း သွားနေတာပါ။”

ရဲမှူးကြီးပြောသွားတဲ့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတယ်ဆိုတဲ့ သတင်းကတော့ AA ရခိုင်၊ KIA ကချင်၊ CNF ချင်း၊ KNU ကရင်စတဲ့ တပ်ဖွဲ့တွေက ထိုင်းမြန်မာ နယ်စပ်မှာစည်းဝေးကြပြီး၊ နေပြည်တော်ကို ဖေါက်ခွဲမှုလုပ်ဖို့ ကြံရွယ်ထားကြောင်း၊ ဒါဟာ ရခိုင်နဲ့ ရှမ်းမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အာရုံလွှဲဖို့နဲ့ ဖိအားတွေ လျော့နည်းစေဖို့ ရည်ရွယ်ကြောင်း သမ္မတရုံးက စက်တင်ဘာ(၁၆)ရက်စွဲနဲ့ ထုတ်ပြန်တဲ့ “လျှို့ဝှက်”စာ ဆိုတာပဲဖြစ်ပါတယ်။ ဒီစာနဲ့ပတ်သက်လို့ VOA က သီးခြားအတည်နိုင်ခြင်း မရှိသေးပါဘူး။ ဒီလို“လျှို့ဝှက်”စာပေါက်ကြားတာဟာပြည်သူလူထု စိတ်လုံခြုံမှု ကင်းမဲ့အောင် ရည်ရွယ်လုပ်ဆောင်တာမျိုး ဖြစ်နိုင်တယ်လို့ ယနေ့ခေတ် နိုင်ငံရေးမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသက်ဇင်က သုံးသပ်ပါတယ်။

“ကျနော့်အမြင်ကတော့ ထိတ်လန့်အောင်လုပ်တဲ့ လုပ်ရပ်တခုလို့ပဲ မြင်တယ်။ ကျနော်တို့ မဆလ ၊ စစ်အာဏာရှင်စနစ်အောက်မှာ နေခဲ့တဲ့အတွေ့အကြုံအရပြောရရင်ဒါက ပြည်သူတွေကို ခြိမ်းခြောက်ပြီးတော့ ခြောက်လှန့်ပြီးတော့ အုပ်ချုပ်တဲ့ နည်းဗျူဟာတခုလို့ပဲ ကျနော်မြင်ပါတယ်။ ဒီနိုင်ငံမှာ ဘာမှ မရေရာဘူး ၊မသေချာဘူး ၊ အားလုံးက ထိတ်လန့်နေရတယ် ငါတို့ကိုပဲ အားကိုးရမယ် ။ ငါတို့ကို အားကိုးမှ မင်းတို့ကို ငါတို့ စောင့်ရှောက်နိုင်မယ်ဆိုတဲ့ logic ပဲဗျ ဆိုတော့ အုပ်ချုပ်သူ လူတန်းစား ၊ အုပ်စိုးတဲ့ လူတန်းစားကို ပြည်သူကနေပြီးတော့ အမြဲအားကိုးနေရမယ်ဆိုတဲ့ ခြောက်လှန့်မှုနဲ့ ဒါမျိုးလုပ်တယ်လို့ ယူဆမိတယ်ခင်ဗျ။”

ဒါပေမဲ့ ရန်ကုန်မြို့မှာ ပြည်သူတွေကတော့ ပုံမှန်အတိုင်းပဲ နေ့စဉ်ဘဝကို ဖြတ်သန်းနေကြတယ်လို့ ဦးသက်ဇင်က ပြောပါတယ်။

“ဒါပေမယ့် ကျနော်တို့ နေ့တိုင်းသွားလာလှုပ်ရှားနေတဲ့ အသိုင်းအဝိုင်းမှာကတော့ ဒါနဲ့ ပတ်သက်ပြီးတော့ သိကြတယ် တော်တော်များများလည်း သိတယ်။ ကျနော်တို့ ရန်ကုန်မှာ ပြောရရင်တော့ ကျနော်ကိုယ်တိုင်လည်း သွားလာလှုပ်ရှားတယ် ကျနော့်ကလေးတွေလည်း သွားနေကြတာပဲ ။ ဒါပေမယ့် ဒါနဲ့ ပတ်သက်ပြီးတော့ ထူးထူးခြားခြား တုန်လှုပ်ခြောက်လန့်နေတဲ့ ပုံစံတော့ မရှိဘူး ကျနော်ကိုယ်တိုင်လည်း မရှိဘူး ။ ဒါက တစုံတရာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိတယ်လို့ ကျနော်သုံးသပ်မိတယ်ခင်ဗျ။”

အမေရိကန်သံရုံးရဲ့ လုံခြုံရေးသတိပေးချက်ဟာ သက်ဆိုင်ရာဒေသတွေက တာဝန်ထမ်းဆောင်နေကြတဲ့ သံရုံးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ၊ ဆက်စပ်သက်ဆိုင်သူတွေကို ဘေးအန္တရာယ် ကင်းစေဖို့ သတိပေးချက်ဖြစ်ပြီး ပြည်သူလူထုအနေနဲ့ အထူးစိုးရိမ်မှု လွန်ကဲခြင်း မရှိကြဖို့ အကြံပြုထားပါတယ်။

...........................

{Unicode}











တိုက်ရိုက် လင့်ခ်


XS
SM
MD
LG