သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အသွင်ကူးပြောင်းရေးကာလ စိန်ခေါ်မှုကြီးမား


(ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
(ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ အုပ်ချုပ်ရေးယန္တယားပြုပြင်ရာမှာ ခက်ခဲစိန်ခေါ်မှုတွေ အများကြီးရှိနေတယ်လို့ မြန်မာ့အရေး လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

ဒါ့အပြင် အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ယန္တယားအပေါ် မြန်မာလူထုရဲ့ အသိအမြင် ဗဟုသုတကို ကောက်ယူတဲ့ ၂၀၁၄ ခုနှစ် စစ်တမ်းအရ ပြည်သူအများစုဟာ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အတိအကျ မသိသေးတာ တွေ့ရတယ်လို့ Asia Foundation အဖွဲ့ကြီးက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့က ဝါရှင်တန်ဒီစီမှာ Asia Foundation က ဦးစီးကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲအကြောင်း ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလမှာ အုပ်ချုပ်ရေးပြောင်းလဲမှုအပေါ်နဲ့ လူမှုအဖွဲ့အစည်းတွေအပေါ်မှာ ဘယ်လို ရိုက်ခတ်မှုတွေ ရှိနေသလဲဆိုတဲ့ သုံးသပ်ဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ Asia Foundation က ဦးစီးပြီးတော့ ကျင်းပခဲ့တာပါ။ အပြောင်းအလဲဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ အရပ်ဘက် အဖွဲ့အစည်းတွေအပေါ် ရိုက်ခတ်မှုတွေကို ဆွေးနွေးတဲ့အခါမှာ မြန်မာနိုင်ငံက မေတ္တာဖောင်ဒေးရှင်းရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး စိုင်းစမ်ခမ်းက မြန်မာနိုင်ငံမှာ သူတို့ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို တင်ပြသွားပါတယ်။

“အထူးသဖြင့် မြန်မာနိုင်ငံက အနေအထားတွေကို တင်ပြတဲ့အခါမှာ ကျနော်တို့မှာရှိနေတဲ့ ပေါ်ထွက်လာတဲ့ အခွင့်အရေးတွေ၊ အဲ့ဒါတွေနဲ့အတူ တချိန်တည်းမှာပဲ ရှိနေတဲ့ စိန်ခေါ်မှုတွေကိုလည်း ကျနော်တို့ ပြောဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ ကျနော်တို့ မြန်မာ့လူ့အသိုင်းအဝိုင်းကို ကြည့်မယ်ဆိုလို့ရှိရင် လူငယ်တွေရဲ့အခန်းကဏ္ဍ၊ လူငယ်တွေဟာ သူတို့လုပ်ချင်ကိုင်ချင်တာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ သူတို့ကို ကြိုးစားဖို့အတွက် နေရာပေးဖို့ လိုတဲ့ဟာတွေလည်း ကျနော်တို့ အများကြီး မြင်ရတာရှိတယ်။ နောက် စစ်ဘေးဒဏ်ခံရတဲ့ဒေသတွေမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ဒါတွေ ကျနော်တို့ ကြိုးစားလုပ်ဆောင်ဖို့ လိုတယ်။ ဒါတွေကို နောက်မဖြစ်ရအောင် ကျနော်တို့ လုပ်ဖို့လိုတယ်ဆိုတာတွေကို အဓိက ပြောဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်သွားတဲ့ စေတနာ့ဝန်ထမ်း ဆရာမလေး ၂ ယောက် မုဒိမ်းကျင့်ခံရပြီး အသတ်ခံရတဲ့ကိစ္စရပ်နဲ့ စပ်လျဉ်းပြီးတော့မှ ဒါလေးကိုလည်း ပြောဖြစ်ပါတယ်။”

ဦးဆောင်ဆွေးနွေးသူတဦးဖြစ်တဲ့ Asia Foundation ရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Kim Ninh ကလည်း အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်လို့ မြန်မာလူထုရဲ့ အသိပညာ ဗဟုသုတ ဘယ်လောက်ရှိသလဲဆိုတာကို Asia Foundation ကနေ ၂၀၁၄ ခုနှစ်အတွက် စစ်တမ်းကောက်ယူ သုတေသနပြုစုထားတဲ့ စာတမ်းကိုလည်း သူက တင်ပြသွားပါတယ်။

မြန်မာလူထုသဘောထားစစ်တမ်းကောက်ယူချိန်က
မြန်မာလူထုသဘောထားစစ်တမ်းကောက်ယူချိန်က

“ကျမတို့ရဲ့ စစ်တမ်းတွေအရ ဒီနှစ်ကုန်မှာကျင်းပမယ့် ရွေးကောက်ပွဲကို မြန်မာပြည်သူတွေ အထူးစိတ်ဝင်စားနေတာ တွေ့ရပါတယ်။ ဒီရွေးကောက်ပွဲကနေ တိုးတက်ဖြစ်ထွန်းမှုတွေ ထွက်ပေါ်လာမယ်လို့လည်း အကောင်းမြင် မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ တဘက်မှာ စိတ်ဝင်စားဖို့ကောင်းတာက အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံယန္တယားအပေါ် လူထုရဲ့ အသိအမြင် ဗဟုသုတက သိပ်ကို နည်းပါးနေတာပါ။ ဥပမာပြောရရင် ၄၄ ရာခိုင်နှုန်းလောက်က သမ္မတကို တိုက်ရိုက်မဲပေးပြီး ရွေးချယ်နိုင်တယ်လို့ ထင်နေတာပါ။ တကယ်ဆိုရင် လူထုက တိုက်ရိုက် ရွေးချယ်တင်မြှောက်ခွင့် မရှိပါဘူး။ နောက်တချက်က ပြည်ထောင်စုဝန်ကြီးတွေကိုလည်း တိုက်ရိုက် ရွေးချယ်နိုင်တယ်လို့ ထင်နေကြသူဟာ ရာခိုင်နှုန်း ၃၀ အထက်မှာ ရှိနေကြတာပါ။ ဖွဲ့စည်းပုံအရဆိုရင် အဲ့ဒီလို မဟုတ်ပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲ အင်္ဂါရပ်နဲ့ညီဖို့အတွက် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်တွေကို ပြည်သူတွေကို ရှင်းပြဖို့အတွက် လိုအပ်နေပါတယ်။”

မြန်မာနိုင်ငံမှာ ဒေသန္တရ အုပ်ချုပ်ရေး ပြောင်းလဲမှု အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတဲ့အခါမှာ မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ MDRI ရဲ့ အဖွဲ့ဝင် ဒေါက်တာ တင်မောင်သန်း ကနေပြီးတော့ လက်ရှိအစိုးရ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို တင်ပြသွားပါတယ်။

“အဓိကကတော့ အုပ်ချုပ်ရေးယန္တယား ပြုပြင်ပြောင်းလဲမှုပေါ့နော်။ အဲ့ဒီမှာ ကျနော်တို့ ဆက်ခံခဲ့ရတဲ့ ဒီ အတိတ်က ပေးထားတဲ့ အခြေအနေပေါ့နော် အဲ့ဒီအပိုင်းရယ်၊ နောက်တခုက ကျနော်တို့ ကြုံတွေ့နေရတဲ့ အခု အစိုးရသစ်ပေါ့နော် အစိုးရ ကြုံတွေ့နေရတဲ့ စိန်ခေါ်ချက်တွေ၊ နောက်မှာလည်း ကြုံတွေ့ရမယ့် စိန်ခေါ်ချက်တွေ အဲ့ဒါတွေ အဓိက ပြောတာပါ။ များသောအားဖြင့် အရပ်ဘက်ကို ပြောင်းလာကြတဲ့ စစ်ဘက်က အရာရှိတွေပေါ့နော် အရပ်ဘက် အရာရှိတွေ သူတို့နဲ့ ဘာကွာသလဲဆိုရင် သူတို့ကတော့ အမိန့်ပေးရင် ပေးတဲ့အတိုင်း အကောင်အထည်ဖော်တာပေါ့နော်။ ပြီးရင်လည်း နည်းနည်း တင်းတင်းကျပ်ကျပ် ပြင်းပြင်းထန်ထန် အကောင်အထည်ဖော်ကြတာ ရှိတယ်ပေါ့နော်။ ဒီတော့ အရပ်ဘက်က တက်လာတဲ့သူတွေနဲ့ စစ်တပ်က လာတဲ့သူတွေကြားမှာ ပဋိပက္ခတွေလည်း ရှိတတ်ပါတယ်။ သို့သော် သူတို့ကိုယ်တိုင်ကိုယ်က ဒီစနစ်ကို မကြိုက်တာ ကျနော်တို့ သွားတွေ့ရတယ်။ သူတို့နဲ့ ဒီ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြောကြတာတွေပေါ့နော် ဆိုလို့ရှိရင် ဒီသွားနေတဲ့ စနစ်အပေါ်မှာ ဘဝင်မကျဘူး ပြောင်းချင်တယ်၊ သို့သော်လည်း တဘက်မှာတော့ ဘယ်လိုပြောင်းရမှန်း မသိဘူး။ အဲ့ဒီနေရာမှာတော့ ကျနော်ထင်တယ် အရပ်ဘက်က တက်လာတဲ့ အရာရှိတွေလည်းပဲ အတူတူပဲလို့ ထင်ပါတယ်။ တကယ်လို့ နိုင်ငံရေးအဆင့်နဲ့ ဗျူရိုကရေစီအဆင့်ကို ခွဲခြားနိုင်မယ်၊ စည်းဘောင်သတ်နိုင်တယ်ပေါ့နော် ဒီဘက်မှာလည်း လိုအပ်တဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်နိုင်မယ်၊ ခေတ်သစ်အုပ်ချုပ်ပုံ ယန္တယားကို ဘယ်လို စီမံခန့်ခွဲတယ်ဆိုတာတွေကို ကျနော်တို့ သဘောပေါက်လာမယ့် စနစ်တွေ ရှိလာပြီဆိုရင်တော့ စောစောက အခက်အခဲတွေ အတော်အတန် ပြေလည်သွားလိမ့်မယ်လို့ ထင်ပါတယ်။”

Asia Foundation ရဲ့ ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့အတွက် ရှယ်ဗရွန်ကော်ပိုရေးရှင်းကနေပြီးတော့ ကူညီပံ့ပိုးပေးခဲ့တာဖြစ်ပြီး ဒီဆွေးနွေးပွဲကို မြန်မာ့အရေး စိတ်ဝင်စားတဲ့ အမေရိကန် ပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံတကာ သံတမန်တွေ တက်ရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG