သုံးရလွယ်ကူစေသည့် Link များ

လက်နက်ကြီး ကျတဲ့အပေါ် တရုတ် မကျေနပ်

  • ရန်နိုင်

ပှိုင့် ၂၂၀၂ တောင်ကုန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်စဉ်။ သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန MOI.

ကိုးကန့်ဒေသ တိုက်ပွဲတွေကြောင့် နယ်စပ်က တရုတ်မြို့ တမြို့အပေါ် လက်နက်ကြီး ကျည်ကျ ပေါက်ကွဲခဲ့ပြီး အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီအတွက် တရုပ်နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာတာဝန်ရှိသူတွေကို
အလေးအနက်ခေါ်ယူ သတိပေးခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုရန်နိုင်ကပြောပြမှာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ဒေသမှာ မြန်မာအစိုးရတပ်တွေက ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့တွေကို ထိုးစစ် ဆင်နေတာမှာ မြန်မာနိုင်ငံဘက်က ပစ်လိုက်တဲ့ အမြောက်ဆံ ၂ ခု ယူနန်ပြည်နယ်၊ လင်ချန်းမြို့ဖူခန်းအရပ်မှာရှိတဲ့ ဖုန်ချန်ဟိုတယ်အနီးမှာ ကျရောက်ပေါက်ကွဲပြီး၊ တရုတ်နိုင်ငံသား ၁ ဦး နဲ့ နယ်စပ်မှာနေတဲ့ မြန်မာနိုင်ငံသား ၄ ဦးတို့ ထိခိုက်ဒဏ်ရာရသွားပါတယ်။ ဒါ့အပြင် ကား ၃ စီး နဲ့ အိမ် ၄ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ပြောကြားတာမှာတော့ - မြန်မာနိုင်ငံဘက်က ပစ်လိုက်တဲ့ အမြောက်ဆံတွေဟာ တရုတ်နိုင်ငံ နယ်နိမိတ်ထဲကို ခဏခဏကျရောက်ပြီး၊ အဲဒီလို ကျတဲ့အတွက် တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေအပေါ် အကြီးအကျယ်ခြိမ်းခြောက်နေသလို၊ နယ်စပ်ဒေသတည်ငြိမ်မှုကိုလည်း ပျက်ပြားစေတဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အတော်ကို မကျေမနပ်ဖြစ်မိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hua Chunying က ပြောလိုက်ပါတယ်။

“အခုလို အလားတူဖြစ်ရပ်မျိုးတွေကို မဖြစ်အောင် ရှောင်ရှားဖို့၊ နိုင်ငံမြောက်ပိုင်းမှာ တင်းမာမှုတွေလျော့ကျအောင်လုပ်ပြီး ၊ ငြိမ်းချမ်းရေးပြန်ရအောင် လုပ်နိုင်သမျှ အမြန်ဆုံးလုပ်ဖို့အတွက်၊ မြန်မာအစိုးရကို လုပ်စရာရှိတာတွေလုပ်ဖို့ ကျမတို့တောင်းဆိုပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ နောက်ထပ် အရေးယူတုံ့ပြန်မှုတွေလုပ်သွားမှာဖြစ်ပါတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းခဲ့တာမှာ - မြန်မာနိုင်ငံခြားရေး-၀န်ကြီးဌာနရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က အခုလို ပြောပါတယ်။

"ကျနော်တို့ဆီက မြန်မာသံရုံးက သံမှုးကြီးကိုခေါ်ပြီးတော့ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၁၅ မှာ ခေါ်တွေ့ပါတယ်။ ဒေါ်ချိုချိုစိုး ကို ခေါ်တွေ့ပါတယ်။ ခေါ်တွေ့ပြီးတော့ သူတို့ပြောတာတွေကတော့ ဒီ နန့်စမ်ခရိုင်ပေါ့နော် လင်ချန်းမြို့ ဟော်တယ် အနီးမှာတဲ့ အမြှောက်ဆံနှစ်လုံးကျတယ်ပေါ့ဗျာ။ တရုတ်နိုင်ငံသား ၁ ဦးနဲ့ ကိုးကန့်လူမျိုး ၄ ဦး ဒဏ်ရာရရှိတယ်ဆိုပြီး ကျနော်တို့ကို အသိပေးပါတယ်။ အဲဒီတော့ တရုတ်ဖက်ကတော့ မြန်မာ နဲ့ တရုတ်က အိမ်နီးချင်း တိုင်းပြည်တွေလည်းဖြစ်တယ်။ ဒါကြောင့်မို့လို့ မြန်မာအနေနဲ့ ထိန်းထိန်း သိမ်းသိမ်းနဲ့ ဆောင်ရွက်ပေးဖို့ဆိုပြီးတော့ ကျနော်တို့ကို သူတို့ မေတ္တာရပ်ခံတာပေါ့"

အခုလို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်သွားမယ်လို့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က အခုလိုဆက်ပြောပါတယ်။

"ကျနော်တို့က ဒီဟာ မှန် မမှန် ပထမဦးဆုံး စစ်ဆေးရမှာပေါ့လေ။ အဲဒါ မှန်တယ်ဆိုရင်လည်း မှန်တယ်ဆိုတဲ့ အလျှောက်ပေါ့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုကို ပြုလုပ်မယ် နော်။ အဲဒါဟာ တကယ်ကျတာ မဟုတ်ဘူး ဆိုရင်လည်း အဲဒါ ကျနော်တို့လည်း သူတို့နဲ့ ဖြေရှင်းရမှာပေါ့လေ။ ဖြစ်တာကလည်း မနေ့ကည ၁၀ နာရီလောက်မှ ဖြစ်တာကိုး။ ကျနော်တို့ကို အဓိက ခေါ်ပြောတာကလည်း ဒီနေ့မှ ခေါ်ပြောတာဆိုတော့ ဒီဖက်မှာလည်း စီစစ်ဖို့ လိုသေးတာကိုး"

မြန်မာအစိုးရဘက်က ကိုးကန့်လက်နက်ကိုင်အဖွဲ့ကို ထိုးစစ်ဆင်နေမှုတွေ လုပ်နေတာမှာ မြန်မာအစိုးရတပ်တွေဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဆံတွေ တရုတ်နိုင်ငံဘက်က အခြမ်းကို အရင်ကလည်း ကျရောက်ခဲ့တာတွေရှိခဲ့ဖူးပြီး၊ အခုတကြိမ် ကတော့ နောက်ဆုံးကျရောက် ခဲ့တာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ၊ ကိုးကန့်ဒေသမှာဆိုရင်လည်း မြန်မာအစိုးရတပ်တွေနဲ့ ကိုးကန့်လက်နက်ကိုင်တပ်တွေဟာ ဒီကနေ့အချိန်ထိ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတုန်းပဲ ဖြစ်ပါတယ်။

XS
SM
MD
LG