သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းကိုအနိုင်ရသင့်ဟု မြန်မာအသင်းအုပ်ချုပ်သူ သုံးသပ်


SEA Games ပြိုင်ပွဲဝင် မြန်မာဘောလုံးကစားသမားများ။
SEA Games ပြိုင်ပွဲဝင် မြန်မာဘောလုံးကစားသမားများ။
ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ မနေ့ စနေနေ့က ကစားသွားတဲ့ ဆီးဂိမ်းဘောလုံးပွဲမှာ ထိုင်းအသင်းကို အနိုင်ရသင့်တယ်လို့ မြန်မာအသင်းအုပ်ချုပ်သူက ပြောလိုက်ပါတယ်။ ၂၇ ကြိမ်မြောက် SEA Games ပြိုင်ပွဲ အုပ်စု B ဘောလုံးပွဲစဉ်အဖြစ် အိမ်ရှင်မြန်မာနဲ့ ထိုင်းတို့ အကြိတ်အနယ်ကစားခဲ့ကြတာမှာ မြန်မာက ဂိုးအရင်သွင်းပြီးမှ ၁ ဂိုးစီ သရေဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် မနေ့က ကစားသွားတဲ့ပွဲမှာ ဒဏ်ရာရသွားတဲ့ မြန်မာကစားသမား ကြည်လင်းဟာ လာမယ့် အင်ဒိုနီးရှားနဲ့ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်။ ထိုင်းအသင်းနဲ့ ကစားသွားတဲ့ ပွဲအခြေအနေနဲ့ ပတ်သက်ပြီးတော့ မြန်မာဘောလုံးအသင်းအုပ်ချုပ်သူ ဦးစိုးမိုးကျော်ကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ “ထိုင်းနဲ့ပွဲကတော့ မြန်မာအသင်းကလည်း နိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့တယ်။ နောက်ပြီးတော့ ပရိသတ်တွေကလည်း တခဲနက် အားပေးခဲ့တယ်ပေါ့လေ- ဒီလို နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့ပြီးတော့မှ သရေကျသွားတဲ့အပေါ်မှာ စိတ်ထဲမှာ ဘယ်လို ဖြစ်မိလဲ။ စိတ်ပျက်မိလား။”

ဖြေ။ ။ “စိတ်ပျက်တယ်လို့တော့ မဟုတ်ဘူးပေါ့နော်- နည်းနည်းတော့ မခံချိမခံသာလေး ဖြစ်တာပေါ့နော်။ အပိုင်လုံးတွေက ကိုယ်က ပိုရတာပေါ့နော်။ လာကြည့်တဲ့ ပရိသတ်လည်း အားလုံး Happy ပျော်သွားမယ် ။ ကျနော်တို့လည်း ဆီမီးဖိုင်နယ်ကို လွတ်လွတ်ကျွတ်ကျွတ်တက်သွားပြီပေါ့နော်။ အခုဆိုရင် ကျနော်တို့က အင်ဒိုနီးရှားကို အနည်းဆုံး သရေ ကစားရအုံးမယ်။ အဲလိုဖြစ်သွားတာပေါ့နော်။ ကလေးတွေလည်း အရမ်းကြိုးစားပါတယ်။ သူတို့လည်း နိုင်စေချင်တယ်။ လာကြည့်တဲ့သူတွေကလည်း အပင်ပန်းခံပြီးတော့ အစောကြီးကတည်းက လက်မှတ်တွေ တိုးဝယ်၊ လက်မှတ်တွေ တန်းစီဝယ်၊ အခုဆိုရင် ဒီမှာ အိပ်ပြီးတော့ လက်မှတ်ရောင်းတဲ့နေရာ လာစောင့် အဲလို အနယ်နယ်က စောင့်။ ပြီးတော့ တတိုင်းပြည်လုံးကလည်း တီဗွီ နဲ့၊ LED ဘုတ်ကြီးနဲ့ ထိုင်ကြည့်နေတယ်ဆိုတော့ သုဝဏ္ဏကွင်းပတ်လည်မှာ လူက ၂ သိန်းလောက်ရှိတယ်။ LED ဘုတ်ကြီးနဲ့ရော ဘာရော ပတ်ကြည့် တဲ့အတွက်ကြောင့်။ သူတို့ပါ အားလုံးပျော်သွားစေချင်တာ။ ကျနော်တို့ရဲ့ အပျော်တွေကို ကူးစက်စေချင်တာ။ အခုတော့လည်း 1-1 ပဲဖြစ်သွားပြီဆိုတော့ မတတ်နိုင်ဘူး။ နောက်တပွဲ ညှစ် ရအုံးမှာပေါ့။”

မေး။ ။ “ဟုတ်ကဲ့။ ဒီနေ့ ကစားသွားတဲ့ ခြေစွမ်းပေါ်မှာရော အားရကျေနပ်မှုရှိလား။”

ဖြေ။ ။ “အားရပါတယ်။ ကလေးတွေအကုန်လုံး ကြိုးစားတယ်။ ကျနော်တို့ Finishing (အဆုံးသတ်ဂိုးသွင်းတာတွေပဲ) လောကြီးပြီးတော့ အပိုင်ကန်ရတဲ့ အလုံးလေး တစ်လုံးနှစ်လုံး ချွတ်ချော်သွားတာပဲ ပြောစရာရှိတယ်။ ဒါကလည်း ဘောလုံးပွဲမှာ ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။ ကလေးတွေ ဘယ်သူမှ အပြစ်မပြောဘူး။ အားလုံးကျေးဇူးတင်တယ် ပဲ။ သူတို့ အရမ်း ကြိုးစားတယ်။”

မေး။ ။ “ဟုတ်ကဲ့၊ ကိုစိုးမိုး။ အခု ကစားသမားတွေ တပွဲလုံး ရေကုန်ရေခမ်းကစားသွားတော့ အခု ကစားသမားတွေရဲ့အခြေအနေ ဘယ်လို ရှိလဲခင်ဗျ။”

ဖြေ။ ။ “ကြည်လင်းကတော့ ဟန်ချက်ပျက်ပြီး ဒဏ်ရာဟောင်းလားမသိဘူး၊ ပြန်ရသွားတယ်။ ကျနော်ထင်တယ်ဗျ။ ၃ ရက်နဲ့ ၅ ရက်ကြားလောက် သူနားရမယ်။ ဒါပေမဲ့ ဒီကလေးက စိတ်ဓာတ်လည်းနည်းနည်း ပြင်းထန်တယ်။ ဘောလုံးလည်း အရမ်းကစားချင်တဲ့ကောင်လေးဆိုတော့ ကျနော်ထင်တယ်။ ဆေးထိုးပြီး ကန်လို့ရရင် ကျနော်တို့ အရေးကြီးရင် ဆက်ကန်မှာ။ ကျနော့်အထင်ပြောရရင် နည်းပြက ဆီမီးလောက်ကိုပဲ မျှော်ပြီးတော့ သူ့ကို အနားပေးမယ်ထင်တယ်။”

မေး။ ။ "ဒဏ်ရာဟောင်းဆိုတာက ဘာဒဏ်ရာလဲ။"

ဖြေ။ ။ "ခြေကျင်းဝတ်ဗျ၊ ခြေကျင်းဝတ်မှာ။"

မေး။ ။ "ဒါဆိုရင် အင်ဒိုနီးရှားနဲ့ပွဲမှာတော့ သူ ပါနိုင်ဖို့ဆိုတာ မသေချာဘူးပေါ့။"

ဖြေ။ ။ "မပါနိုင်တဲ့ဘက်က ပိုများမယ်။ သူတကယ်လို့ ကောင်းမယ်ဆိုရင်တောင် နည်းပြက ပေးပြီး ထည့်ချင်မှထည့်လိမ့်မယ်။ ကျနော့်အထင်ပြောရရင်။"

မေး။ ။ "ပွဲပြီးခါနီးမှာ ကျနော်တို့ တစ်ဂိုး ရခဲ့တယ်။ ဒါကို ဒိုင်ကနေပြီးတော့ လူကျွံဘောဆိုပြီးတော့ သတ်မှတ်ခဲ့တယ်ပေါ့။ ကျနော်တို့ ရုပ်/သံမှာလည်း သေချာမတွေ့ရတော့ ဒီဂိုးနဲ့ပတ်သက်ပြီးတော့ ဒီဥစ္စာလူကျွံဘော ဟုတ်မဟုတ် ဘယ်လို မြင်ရလဲ။"

ဖြေ။ ။ “ကျနော်တို့ဘက်က ပြောရင်တော့ လူမကျွံဘူးလို့ပဲ ပြောရမယ်။ ဒါပေမယ့် သူက In-hand ဖြစ်တဲ့နေရာက Position ဆိုတော့ လူကျွံလို့ သူက ပေးတာပေါ့။ ဒါပေမယ့် ဘယ်လိုပြောရမလဲ။ ကျနော်တို့အိမ်ရှင်က နည်းနည်း နည်းနည်း favor ပေးမယ်ဆိုလည်း ပေးလို့ရတယ်။ favor မပေးတော့လည်း မတတ်နိုင်ဘူးပေါ့။ အဲဒီဂိုးသွင်းလိုက်ရင်တော့ ပီးသွားပြီပေါ့။ 2-1 နဲ့ ကျနော်တို့က နိုင်သွားပြီ။ မတတ်နိုင်ဘူးလေ။ ဒါက ဒိုင်ရဲ့သဘောပဲ။”

မေး။ ။ “နောက်တစ်ခုက ဒီနေ့ မြန်မာအသင်းက ကစားသွားတဲ့ ပွဲစဉ်သုံးပွဲစလုံးမှာ ဒီနေ့က အကောင်းဆုံးကစားသွားနိုင်ခဲ့တယ်လို့လည်း တော်တော်များများက ယူဆကြတယ်။ နောက်ပြီးတော့ မြန်မာအသင်းနည်းတူ ပရိသတ်ကလည်း အကောင်းဆုံးအားပေးသွားတယ်။ သုဝဏ္ဏကွင်းတကွင်းလုံး ပွဲအစကနေ အဆုံးအထိကို မြန်မာအသင်းကို တောက်လျှောက်အားပေးသွားခဲ့တာပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့ မြန်မာအသင်းပရိသတ်ကိုရော ဘောလုံးအဖွဲ့ရဲ့အုပ်ချုပ်သူအနေနဲ့ ဘာများ ပြောချင်ပါလဲ။”

ဖြေ။ ။ “ကျနော် အရမ်းကျေးဇူးတင်တယ်။ ဘာလို့လဲဆိုတော့ အခုနက ရှင်းပြသွားသလိုပဲ သူတို့ လက်မှတ်တွေကို ရက်ခွဲပြီးတော့ ကွင်းတွင်းဝင်ဆန့်တဲ့ ၃ သောင်းပဲ ရောင်းတယ်ဆိုတော့ ပရိသတ်ရဲ့ဝယ်လိုအားက တသိန်းခွဲ ၂ သိန်းလောက် ရှိတယ်။ အဲဒီကြားထဲ မရတဲ့လူက မရဘူးပေါ့နော်။ အများစုက ကွင်းပြင်မှာ ကွန်ကရစ်ကွက်လပ်ရှိတယ်။ အဲဒီမှာ LED ဘုတ်ကြီး ၂ ခုမှာ သူတို့ ကြည့်ရတာပေါ့နော်။ ကွင်းထဲမှာဆိုရင်လည်း တချိန်လုံး အော်ဟစ်ပြီးတော့၊ ခုန်ပေါက်ပြီးတော့၊ မတ်တပ်ရပ်ပြီးတော့ မြန်မာအသင်းအားတက်အောင် ကမ္ဘာမကြေဆိုလိုက်- မြန်မာ မြန်မာ အော်လိုက်နဲ့ တချိန်လုံးအားပေးနေတာ။ အရမ်းအားနာတယ်။ သူတို့ကိုလည်း အရမ်းလည်း ကျေးဇူးတင်တယ်။ ဒီနေ့ပါနိုင်လိုက်ရင် သူတို့ အရမ်းပျော်ကြမှာ။

သုဝဏ္ဏအားကစားကွင်းအတွင်းက ဘောလုံးပွဲကြည့် ပရိသတ်။
သုဝဏ္ဏအားကစားကွင်းအတွင်းက ဘောလုံးပွဲကြည့် ပရိသတ်။


“ဘာပဲပြောပြော ဒီလို တခဲနက် လာရောက်အားပေးတဲ့အတွက် ပရိသတ်ကို ကျနော် အမြဲတမ်းပြောနေကျ စကားအတိုင်းပါပဲ။ အရမ်းကို ကျေးဇူးတင်တယ်။ ပရိသတ်အပိုင်းကတော့ အမြဲတမ်းတာဝန်ကျေတယ်၊ ကျနော်တို့ ဘောလုံးအသင်းအပေါ်မှာ။ ကျနော်တို့ရဲ့ ၁၂ ယောက်မြောက် ကစားသမားပါပဲ၊ ပရိသတ်က။ အဲလိုအားပေးတဲ့အတွက်လည်း ကျနော်တို့မှာ ကလေးတွေအတွက် ခွန်အားတွေ ဖြစ်စေပါတယ်။ နောက်ပွဲတွေမှာလည်း- နောက်ပွဲတွေဆိုတာ အင်ဒိုနီးရှားနဲ့ အနီးဆုံး ပွဲမှာလည်း တခဲနက် လာရောက်အားပေးမယ်လို့ မျှော်လင့်ပါတယ်။ အဲဒီအချိန်မှာလည်း အကြောင်းကြောင်းကြောင့် လက်မှတ်မရရင်လည်း ကွင်းပြင်ကနေ LED board နဲ့ကြည့်ပြီးတော့ ကျနော်တို့ကို သံပြိုင်ဟစ်အော်ပြီးအားပေးရင်လည်း ကွင်းထဲက ကလေးတွေက ကြားပြီးတော့ အားတက်ပါတယ်လို့- အဲဒီလို စည်းကမ်းတကျ နဲ့ တခဲနက်အားပေးတာမျိုးကိုလည်း- ကျနော်တို့ မြန်မာနိုင်ငံရဲ့ဂုဏ်ကို ထိန်းပေးတဲ့အတွက် အားလုံး အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်-လို့”

မြန်မာအသင်းအုပ်ချုပ်သူ ဦးစိုးမိုးကျော်ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။ အခုဆိုရင် ၃ ပွဲ ကစားပြီးတဲ့အချိန်မှာ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ဟာ ၂ ပွဲ နိုင် ၁ ပွဲ သရေ နဲ့ ရမှတ်တူ ၊ ဂိုးကွာခြားချက်တူ နေပေမယ့် ထိုင်းအသင်းက ၁ ဂိုး ပိုသွင်းထားတာကြောင့် အုပ်စုမှာ ထိပ်ကဖြစ်နေပါတယ်။ ရန်ကုန်မှာ မနေ့က ကစားသွားတဲ့ ပထမပွဲမှာ အင်ဒိုနီးရှား နဲ့ တီမောအသင်းတို့ ဂိုးမရှိသရေကျသွားတာကြောင့် အင်ဒိုနီးရှားက ၄ မှတ် ရထားပါတယ်။ လာမယ့် ၁၆ ရက်နေ့မှာတော့ ထိုင်းနဲ့ ကမ္ဘောဒီးယား ၊ မြန်မာနဲ့ အင်ဒိုနီးရှားတို့ ကစားကြမှာဖြစ်ပါတယ်ခင်ဗျာ။
XS
SM
MD
LG