မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် စင်္ကာပူနိုင်ငံက ဆက်လက် ကူညီ ပံ့ပိုးပေးသွားမယ်လို့ စင်္ကာပူသမ္မတ Tony Tan က ပြောဆိုလိုက်ပါတယ်။ မြန်မာေ ကျးလက်ဒေသ တချို့မှာ နွေရာသီရောက်တိုင်း ကြုံနေရတဲ့ ရေရှားပါးမှု ပြဿနာ အတွက် စင်္ကာပူနိုင်ငံက စီမံကိန်းချ ကူညီ ဆောင်ရွက်ပေးနေတာမှာ - လာမယ့် နှစ်တွေမှာလည်း - ဆက်လက် ကူညီသွားမှာဖြစ်တယ်လို့ Singapore International Foundation က ပြုလုပ်တဲ့ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။ အသေးစိတ်ကို မနန္ဒာချမ်းက တင်ပြထားပါတယ်။
ဟုတ်ပါတယ်… Water For Life ဆိုတဲ့ ခေါင်းစဉ်နဲ့ စင်္ကာပူသမ္မတ Tony Tan ဦးဆောင်တဲ့ Singapore International Foundation အဖွဲ့နဲ့ မြန်မာအန်ဂျီအို အဖွဲ့ တခုဖြစ်တဲ့ မင်္ဂလာမြန်မာအဖွဲ့တို့ လက်တွဲပြီး - မြန်မာနိုင်ငံက ရေရှားပါးမှု ကြုံနေ ရတဲ့ တချို့ဒေသတွေက ကျေးရွာတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရေရရှိရေး ၃ နှစ် စီမံကိန်းချ လုပ်ဆောင်ခဲ့တာပါ။ ၁ နှစ်ကို ရွာပေါင်း ၁၂ ရွာမှာ ရေပြတ်လတ်မှု မဖြစ်အောင်နဲ့ သန့်ရှင်းတဲ့ သောက်သုံးရေရရှိစေဖို့အတွက် ငွေအင်အား၊ လူအင် အားတင်မက နည်းပညာပါ ပံ့ပိုးကူညီပေးခဲ့တာဖြစ်တယ်လို့ မင်္ဂလာမြန်မာအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာဖုန်းဝင်း က ပြောပါတယ်။
“ကျေးရွာရေရရှိရေးကတော့ နဂိုတုန်းကတည်းက ကျနော်တို့ လုပ်လာတာပေါ့လေ။ သူတို့အဖွဲ့ကလည်း ကျေးရွာရေရှိရေးကို Water for Life လို့ နာမည်ပေးထားတယ်။ ကျနော်တို့ကတော့ ‘ဘဝအတွက်ရေ’ လို့ ဘာသာပြန်ထားတယ်။ အဲဒါကို ကျနော်တို့ က ရွာပေါင်း ၃၆ ရွာမှာ ၃ နှစ်ပေါ့လေ အတူလက်တွဲပြီးတော့ လုပ်ကြတယ်။ နည်းနည်း ထူးခြားတာက စင်္ကာပူပြည်သူတွေနဲ့ မြန်မာပြည်သူတွေနဲ့ တိုက်ရိုက်တွေ့ ပြီးတော့ လုပ်တဲ့ စီမံကိန်း ဖြစ်သွားတာပေါ့။ အောင်မြင်မှုအတိုင်းအတာကတော့ Water for Life စီမံကိန်းလုပ် လိုက်ပြီဆိုရင် ကျေးရွာက လူအများသုံးနိုင်တဲ့နေရာမှာ ကျနော်တို့က ရေတွင်းတတွင်း တူးပေးတယ်။ အဲဒီရေတွင်းကနေ ထွက်လာတဲ့ရေကို ဂါလံ ၁၆၀၀ ဆံ့တဲ့ ဘိလပ်မြေနဲ့ဆောက်ထားတဲ့ ရေတိုင်ကီတွေ လုပ်ပေးတယ်။ အဲဒီထဲမှာ အဆင်သင့် သိမ်းထားပေးတယ်။ ပြီးတော့ အဲဒီရေကို သုံးလို့ရအောင်လို့ လိုအပ်တဲ့ အင်ဂျင်တွေ၊ လိုအပ်တဲ့ လေမှုတ်စက်တွေ အားလုံး တပ်ပေးတယ်။ ပြီးတော့ သူတို့ကို ဒီစက်တွေ သုံးလို့တပ်အောင်လို့ ပျက်ရင်လည်း ပြင်လို့ တတ်အောင်လို့ သင်တန်းပေးတယ်။ ဒီစက်တွေကို သူတို့ရွာကနေပြီးတော့ ရွာသားတွေအချင်းချင်း အဖွဲ့လေးဖွဲ့ပြီးတော့ နေ့စဉ်မောင်းတယ်။ အဲတော့ ရေက အမြဲတမ်းရှိနေတယ်။ အဲတော့ သူတို့က တခြားရွာအထိ သွားပြီး ရေခပ်စရာလည်း မလိုတော့ဘူး။ အချိန်ကုန်သက်သာတယ်။ ပြီးတော့ ရေကလည်း အလုံအလောက် ရတယ်။”
ရန်ကုန်တိုင်း ကော့မှူးမြို့နယ်နဲ့ ကွမ်းခြံကုန်းမြို့နယ်အတွင်းက ရွာပေါင်း ၃၆ ရွာမှာ ဒီစီမံကိန်းကို လွန်ခဲ့တဲ့ ၃ နှစ်က အကောင်အထည်ဖော် လုပ်ဆောင်ခဲ့တာဖြစ် ပါတယ်။ သောကြာနေ့က စင်္ကာပူနိုင်ငံမှာ Singapore International Foundation က ကျင်းပတဲ့ အခမ်းအနားအတွင်း ဖောင်ဒေးရှင်းကိုဦးဆောင်သူ သမ္မတ Tony Tan က အလှူရှင်အဖွဲ့တွေ အပါအဝင် တသီးပုဂ္ဂလလူမှုရေး လုပ်ဆောင်လိုသူတွေ၊ ဒေသ တွင်း နိုင်ငံတချို့က အန်ဂျီအိုအဖွဲ့တွေကိုလည်း ဖိတ်ကြားခဲ့ပြီး - မင်္ဂလာမြန်မာ အဖွဲ့က ဒေါက်တာဖုန်းဝင်းလည်း တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် - ရေပြတ်လပ်မှုဖြစ်နေဆဲ ကျန်ဒေသတွေမှာ အလားတူ စီမံကိန်းမျိုးနဲ့ တကိုယ်ရေသန့်ရှင်းရေး ပညာပေးမှု ကဏ္ဍတွေကို အကောင်အထည် လုပ်ဆောင်သွားဖို့ စင်္ကာပူသမ္မတ Tony Tan နဲ့ အလှူရှင်အဖွဲ့တွေက ပြောခဲ့ကြတယ်လို့ ဒေါက်တာ ဖုန်းဝင်း က ဆိုပါတယ်။
“သမ္မတကြီးနဲ့ ပြောကြတဲ့အခါကျတော့ အလှူရှင်လည်းပါတယ်လေ။ ဒီဟာကို ရန်ပုံငွေထောက်ပံ့တဲ့ အဖွဲ့လည်းပါတယ်။ ကျနော်တို့ ကလည်းပြောတယ်။ သမ္မတ ကြီးကိုလည်း ရှင်းပြတယ်။ ဘယ်လောက် အစီအစဉ်တွေ အောင်မြင်လဲ ဆိုတာကို။ မြန်မာတွေလည်း ပြောကြတယ်။ လိုက်လာတဲ့ စင်္ကာပူနိုင်ငံ သားတွေလည်း ပြောကြတယ်။ ကျနော်တို့ ကျေးရွာက လူတွေလည်း ရေရသွား တယ်။ ဆိုတော့ အလှူရှင် အဖွဲ့ကလည်း သူတို့ သဒ္ဒါပေါက်သွားတော့ ဆက်လုပ်ရင်ကောင်း မယ်ပေါ့။ လွန်ခဲ့တဲ့ ၃ နှစ်ကတော့ ဒီ ၃၆ ရွာမှာတော့ ပြီးသွားပြီ။ ဆက်လုပ်ကြရင်ကောင်းမယ်လို့ အလှူရှင်အဖွဲ့ကလည်း သမ္မတကြီးရှေ့မှာ ပြောတယ်ဆိုတော့ လုပ်လိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။”
မြန်မာနိုင်ငံနဲ့ စင်္ကာပူနိုင်ငံကြားမှာ စီးပွားရေးဆက်ဆံမှုသာမက - အခုလို လူမှုရေးဆက်ဆံ မှုတွေဟာလည်း လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ရှိခဲ့တာဖြစ်တာပြီး - စင်္ကာပူနိုင်ငံရဲ့ထူးခြားချက်ကတော့ နှစ်နိုင်ငံကြား ပြည်သူတွေအချင်းချင်းကြားမှာ ရင်းနှီးတဲ့ဆက်ဆံရေးမျိုးရှိအောင် ဖန်တီးတာ တွေ့ရတယ်လို့ ဆိုပါတယ်။
“စင်္ကာပူခေါင်းဆောင်တွေက ဘယ်လောက် အမျှော်အမြင်ရှိသလဲဆိုတော့ တနိုင်ငံနဲ့ တနိုင်ငံ ချစ်ကြည်ဖို့အတွက် ဆက်ဆံတဲ့အခါမှာ သံတမန် နည်းလမ်းအရ သုံးရုံတင် မကဘူး။ ပြည်သူတွေကိုပါ လွှတ်ပြီးတော့ ပြည်သူ အချင်းချင်းမှာ တိုက်ရိုက် ဆက်ဆံရေး ချစ်ကြည်ရင်းနှီးမှု ရအောင် လုပ်နေတဲ့သဘောရှိတယ်။ စင်္ကာပူ ပြည်သူတွေကိုလည်း တိုက်တွန်းနေတဲ့သဘောရှိတယ်။ ကျေးရွာတွေဆီ အရောက် သွားပြီးတော့ လူမှုရေးလုပ်ငန်းတွေကို ကူညီဖို့အတွက်ပေါ့။”
စင်္ကာပူနိုင်ငံဟာ ယခင်စစ်အစိုးရလက်ထက်မှာကတည်းက - မြန်မာနိုင်ငံမှာ ကလေး သူငယ်စောင့်ရှောက်ရေး လုပ်ငန်းမှာ ပံ့ပိုးကူညီခဲ့ပြီး သင်ရိုးညွှန်း တမ်းတွေ ရေးဆွဲပေးခဲ့သလို၊ သင်တန်းတွေလည်း ပို့ချပေးခဲ့ဖူးပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ကျောင်းဆရာ၊ ဆရာမတွေကိုလည်း အင်္ဂလိပ်သင်တန်း ပို့ချပေးတာမျိုးတွေ ရှိခဲ့ဖူးပြီး - နားဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ပိုင်း ကျေးလက်ဒေသတွေမှာ သောက်သုံးရေရရှိဖို့ နဲ့ တကိုယ်ရေသန့်ရှင်းရေး စီမံကိန်းတွေမှာ ပိုမို ပါဝင်ကူညီလာခဲ့တာဖြစ်ပါတယ်ရှင်။