သုံးရလွယ်ကူစေသည့် Link များ

ရာသီဥတု ပြောင်းလဲမှု မြန်မာ ကြေညာ စာတမ်း ထုတ်ဖို့ ပြင်ဆင်နေ

  • သိင်္ဂီထိုက်

ပြင်သစ်နိုင်ငံ ပဲရစ်စ် မြို့တော်မှာ ကျင်းပမယ့် ကုလ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ COP 21 ။

ရာသီဥတု ပြောင်းလဲမှု အပေါ် မြန်မာ အစိုးရဘက်က အရေးယူ လုပ်ဆောင် ဖို့ တောင်းဆိုထားတဲ့ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲခြင်း ဆိုင်ရာ ကြေညာ စာတမ်းကို ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကုလညီလာခံ ကျင်းပချိန်မှာ တင်သွင်းနိုင်ဖို့ ပြည်တွင်း လူမှု အဖွဲ့အစည်းတွေ ပြင်ဆင်နေကြ ပါတယ်။ သစ်တောပြုန်းတီးမှုတွေကို ကာကွယ်ဖို့ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကို လျှော့ချရေး တို့အပါအ၀င် ရာသီဥတု ပြောင်းလဲမှု အပေါ် အရေးယူ လုပ်ဆောင်တဲ့ နေရာမှာ အသုံးစားရိတ်တိုးမြှင့်ကိုပါ သဘာဝ ပတ်ဝန်းကျင် အရေး ဆောင်ရွက်သူတို့က တိုက်တွန်း တောင်းဆိုထားတာပါ။ အသေးစိတ်ကိုတော့ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

သဘာဝ ဘေးဒဏ်တွေ ခပ်စိပ်စိပ် ခံစားလာရတဲ့ မြန်မာနိုင်ငံမှာ ရာသီဥတု ပြောင်းလဲမှု အပေါ် အရေးယူ လုပ်ဆောင်ဖို့ မြန်မာ အစိုးရကို တောင်းဆို တဲ့ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲခြင်း ဆိုင်ရာ ကြေညာစာတမ်းကို လာမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၁ ရက်နေ့ အထိ ပြင်သစ်နိုင်ငံ ပဲရစ်စ် မြို့တော်မှာ ကျင်းပမယ့် ကုလ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ COP 21 မှာ တင်သွင်းမှာ ဖြစ်ပါတယ်။

မြန်မာအစိုးရကို တောင်းဆိုချက် ၈ ချက်ပါတဲ့ မြန်မာနိုင်ငံရဲ့ ရာသီဥတု ပြောင်းလဲခြင်း ဆိုင်ရာ လူမှု အဖွဲ့အစည်းများ ကိုယ်စား ထုတ်ပြန်မယ့် ကြေညာချက်ကို အခုတော့ ပြည်တွင်း လူမှု အဖွဲ့အစည်းတွေ လက်မှတ်ရေးထိုးနေကြတယ်လို့ ဦးဆောင်သူ တဦးဖြစ်တဲ့ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

"ကျနော်တို့က ဒီ COP 21 မှာ မြန်မာနိုင်ငံအနေနဲ့ Declaration တခု တင်ဖို့ပေါ့။ အဲ့တာကို ကျနော်တို့က ဦးဆောင်ပြီး လုပ်နေတာပါ။ လောလောဆည်တော့ အဖွဲ့အစည်း လေးငါးဆယ်ခုတော့ ပါတယ်ပေါ့။ ဒါပေမဲ့ ဒီ့ထက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပါဖို့အတွက် မည်သည့်အဖွဲ့အစည်းမဆိုပေါ့ ကျနော်တို့ Declaration မှာ သဘောတူတယ် သူတို့လည်း ပါချင်တယ်ဆိုရင် ကျနော်တို့က လက်ခံပြီးတော့ ဟိုမှာ စာရင်းသွင်းပေးမှာပေါ့။

အစိုးရကိုလည်း ကျနော်တို့ လောလောဆယ် ဒီဥစ္စာတွေကို လက်ခံနားလည် လာအောင် ကြိုးပမ်းတုန်းပါပဲခင်ဗျ။ အရေးကြီးဆုံး ကတော့ လောလောဆယ် မှာ ကျောက်မီးသွေးစက်ရုံတွေ ရပ်ဖို့ပေါ့။ အဲ့တာက အဓိကပါပဲ။"

ရာသီဥတု ပြောင်းလဲခြင်းကို အရေးယူလုပ်ဆောင်နိုင်ရေး နိုင်ငံအဆင့် ကော်မတီ တရပ် ဖွဲ့စည်းဖို့၊ ရန်ပုံငွေ တိုးမြှင့်သုံးစွဲဖို့၊ နောက် သစ်တော့ပြုန်းတီးမှုနဲ့ ကာဗွန် ထုတ်လွှတ်မှု လျှော့ချရေးတို့ ပါဝင်တောင်းဆိုထားတဲ့ ဒီကြေညာချက်ကိုတော့ အခု အရပ်ဘက် အဖွဲ့အစည်း CSO တွေ ပါဝင် လက်မှတ်ရေးထိုးကြဖို့ လည်း နှိုးဆော်နေတာ ဖြစ်ပါတယ်။

မြန်မာ့ ရာသီဥတု ပြောင်းလဲမှု အခြေအနေကိုတော့ သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူ ECO Dev အဖွဲ့က ဦးဝင်းမျိုးသူကတော့ အခုလို ပြောပါတယ်။

"ရာသီဥတုတွေ ပြောင်းသွားတဲ့အတွက် သဘာဝ ဘေးအန္တရာယ်တွေ ခံရတဲ့အပိုင်းပေါ့နော်။ အဲ့ဒီ့သဘာဝ ဘေးအန္တရာယ် ခံရတဲ့အပိုင်းမှာတော့ ကျနော်တို့က အကာအကွယ်မဲ့တဲ့နိုင်ငံ အနေနဲ့ ကမ္ဘာမှာ နံပတ် ၂ အဆင့်ရှိတယ်ပေါ့ဗျာ။ ဘာလို့လဲဆိုတော့ နဂိုကတည်းက သဘာဝဘေးတွေလည်း ရှိသလို ကျေန်ာတို့ရဲ့ရှိနေတဲ့ လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ယန္တယားရဲ့ အားနည်းချက်တွေကြောင့်လည်း ကျနော်တို့ရဲ့အကာအကွယ်မဲ့မှုက များနေတယ်ပေါ့နော်။ ဘေးနဲ့ အကာအကွယ်မဲ့မှုနဲ့ပေါင်းလိုက်တဲ့ အခါကျတော့ စောစောကပြောတဲ့ ကျနော်တို့ရဲ့ သဘာဝဘေးအန္တရာယ် ခံရမယ့် ကိန်းက များလာတာပေါ့နော်။"

မြန်မာနိုင်ငံမှာ လူပေါင်း သိန်းနဲ့ချီ သေဆုံးခဲ့ရတဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ် သင့်စဉ်က အခု လက်ရှိ သမ္မတ ဦးသိန်းစိန်က ၀န်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့တဲ့ အချိန်ဖြစ်တာကြောင့် သမ္မတ အနေနဲ့တော့ ရာသီဥတု ပြောင်းလဲမှုရဲ့ အကျိုး သက်ရောက်မှုတွေကို သိရှိနားလည်းထားသူ ဖြစ်တယ်လို့ ဦးဝင်မျိုးသူက ပြောပေမယ့် လက်ရှိ အစိုးရရဲ့ ရာသီဥတု ပြောင်းလဲမှု အပေါ် အရေးယူ လုပ်ဆောင်ချက်တွေ ကတော့ အားရစရာ မရှိတဲ့ အကြောင်း ပြောပါတယ်။

"ကျနော်တို့အခေါ်တော့ Political Will လို့ခေါ်တဲ့ နိုင်ငံရေးစိတ်ဆန္ဒပေါ့။ အဲ့တာက ဘယ်လောက်ရှိလဲပေါ့။ လူတိုင်းကတော့ သွားမေးရင်တော့ ရှိပါတယ်ပဲ ပြော တာပေါ့ဗျာ။ အဲ့တော့ သူစိတ်ဆန္ဒရှိ တာကို ဘာနဲ့တိုင်းမလဲဆိုရင် ကျနော်ကတော့ ရိုးရိုးရှင်းရှင်းလေးနဲ့ပဲ နိုင်ငံတော် အစိုးရက ဒီကဏ္ဍရပ်တွေနဲ့ပတ်သက်ပြီး ဘယ်လောက်အထိ ဘဏ္ဍာငွေကြေး ခွဲဝေပေးသလဲဆိုတဲ့ အချက်နဲ့ တိုင်းတယ်ပေါ့ဗျာ။ ဒီလိုမျိုး ကိစ္စရပ်ကို အစိုးရက ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာနကို လွှဲချပေးတဲ့ငွေဆိုရင် စုစုပေါင်း ခွဲငွေရဲ့ တစ်ရာနှုန်းလောက်ပဲရှိတယ် အဲ့တော့ စိတ်ထဲက ဒါကို အလေးထားပါလို့ပြောတယ် လက်တွေ့ကတော့ လက်မပါဘူး။ ပါးစပ်သာပါနေတယ်။ လက်မပါဘူးပေါ့။ အဲ့လိုဖြစ်နေတယ်။

နောက်တခုက ဒီကိစ္စရပ်တွေ ဆောင်ရွက်မယ်ဆိုရင် ကိုယ်တိုင် ငွေကြေးစိုက် ထုတ်တာနဲ့ နိုင်ငံတကာက အကူအညီရတဲ့ဟာနဲ့ပဲ လုပ်ဖို့ဟာနဲ့ပဲ သူတို့စိတ်မှာ အားထည့်ထားတယ်။ ဒါကြောင့်မို့လို့ပဲ စောစောကပြောတဲ့ အကာအကွယ်မဲ့မှုပေါ့။ အုပ်ချုပ်ရေး ယန္တယားရဲ့ တာဝန်ယူ တာဝန်ခံမှု နည်းမှုပေါ့ဗျာ။ ဒါတွေကိုပါ ထည့်တွက်တာ။ ဒါကြောင့် ကျနော်တို့က ရာသီဥတု ပြောင်းလဲခြင်းမှာ ခံစားရတဲ့နေရာမှာ နိုင်ငံတကာမှာ ထိပ်တန်းကရောက်နေရတာပါ။"

ဒါ့အပြင် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လေ့လာသုတေသနပြုတဲ့ GERMANWATCH အဖွဲ့ကြီးက ထုတ်ဝေလိုက်တဲ့ ၂၀၁၅ ခုနှစ် အတွက် ကမ္ဘာ့ရာသီဥတု ဘေးအန္တရာယ်ဆိုင်ရာ အညွန်းကိန်းမှာတော့ မြန်မာနိုင်ငံကို ကမ္ဘာ့ နံပတ် ၂ အန္တရာယ် အရှိဆုံး နိုင်ငံ အဖြစ် သတ်မှတ် သတိပေးထားပါတယ်။

၁၉၉၄ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် အတွင်း လွန်ကဲတဲ့ ရာသီဥတုဒဏ်ကို ခံစားရတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံကို ညွှန်းဆိုထားပါတယ်။ လာမယ့် နိုဝင်ဘာလ ကုန်ပိုင်းမှာ ပဲရစ်စ် မြို့တော်မှာ ကျင်းပမယ့် ကုလ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ညီလာခံမှာတော့ ရာသီဥတု ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် တခု ရရှိရေး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG