သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှားပါးဓာတ်သတ္တု ရှာဖွေရေး မြန်မာနဲ့ တောင်ကိုရီးယား ပူးတွဲဆောင်ရွက်မည်


ရှားပါးဓာတ်သတ္တု ရှာဖွေရေး မြန်မာနဲ့ တောင်ကိုရီးယား ပူးတွဲဆောင်ရွက်မည်

အဆင့်မြင့် နည်းပညာ ထုတ်လုပ်မှုတွေမှာ အသုံးပြုတဲ့ ရေဒီယိုသတ္တိကြွ တွင်းထွက်တွေပါဝင်တဲ့ ဓာတ်သတ္တုတွေ အပါအ၀င် ရေနံနဲ့ ဓာတ်သတ္တု ရှာဖွေရေး လုပ်ငန်းတွေကို တောင်ကိုရီးယား ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

တောင်ကိုရီးယား နိုင်ငံအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ ပုံမှန်ရရှိနိုင်ရေး ရည်ရွယ်ပြီး သဘောတူညီချက် ရယူခဲ့တာလို့ တောင်ကိုရီးယား ဉာဏစီးပွားရေး ၀န်ကြီးဌာနကို ကိုးကားပြီး ယွန်ဟပ် (Yonhap) သတင်းက ဖော်ပြလိုက်တာပါ။

ဓာတ်သတ္တု ရှာဖွေရေး လုပ်ငန်းတွေအတွက် ဘူမိဗေဒ တိုင်းထွာရေး လုပ်ငန်းတွေ၊ ရှာဖွေမှု စီမံကိန်းတွေကိုတော့ ၂ နိုင်ငံ ပူးတွဲ ဆောင်ရွက်သွားမယ်လို့လည်း တောင်ကိုရီးယား ဉာဏစီးပွားရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လတ်တလော ကမ္ဘာပေါ်မှာ ရှားပါးဓာတ်သတ္တု အမျိုးအစားတွေ ထုတ်လုပ်မှုရဲ့ ၉၇% ကိုတော့ တရုတ်နိုင်ငံက ထိန်းချုပ်ထားတာဖြစ်ပြီး အောက်တိုဘာလထဲမှာ အရင်နှစ်က ပြည်ပတင်ပို့မှု ပမာဏရဲ့ ၇၀% ကျော်ကို လျှော့ချဖို့ ကြေညာလိုက်တဲ့ အတွက်လည်း ရှားပါးဓာတ်သတ္တုတွေကို တင်သွင်းနေတဲ့ နိုင်ငံတွေမှာ အခက်အခဲတွေနဲ့ ကြုံခဲ့ရပါတယ်။

ရှားပါးဓာတ်သတ္တုတွေကို တရုတ်နိုင်ငံဆီကနေ တင်သွင်းနေရတဲ့ ဂျပန်နိုင်ငံကတော့ အသုံးပြုပြီးသား ဓာတ်သတ္တုတွေကို ပြန်လည်အသုံးပြုထုတ်လုပ်တာအပြင်၊ တခြား အာရှနိုင်ငံတွေမှာ ရှာဖွေ တူးဖော်မှုတွေ လုပ်သွားဖို့ စဉ်းစားခဲ့ရတဲ့အထိ ဖြစ်ပါတယ်။

XS
SM
MD
LG