သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KEB ဘဏ် ဒေါ်လာအလွှဲအပြောင်း ရပ်ဆိုင်းမှု လုပ်ငန်းရှင်များ ထိခိုက်


လာမယ့် အောက်တိုဘာလကနေ စပြီးတော့ တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံကြားမှာ ဒေါ်လာငွေကြေး လွှဲပြောင်း လုပ်ဆောင်နေတာတွေကို ဆက်ပြီး လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ KEB လို့ခေါ်တဲ့ တောင်ကိုရီးယား နိုင်ငံခြားငွေ လဲလှယ်ရေးဘဏ်က မြန်မာနိုင်ငံကို ဒေါ်လာငွေကြေး လွှဲပြောင်းတာတွေကို ရပ်ဆိုင်းပစ်မယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ဆုံးဖြတ်ခဲ့တာပါ။ အခုလို လုပ်ဆောင်လိုက်တဲ့အတွက် စီးပွားရေးတွေကို ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့လည်း ဆိုနေကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံနဲ့ ဒေါ်လာငွေ လွှဲပြောင်းတာတွေ ဆက်မလုပ်တော့ဘူးလို့ တောင်ကိုရီးယားနိုင်ငံ KEB ဘဏ်က သက်ဆိုင်ရာနိုင်ငံ ကုမ္ပဏီတွေကို အကြောင်းကြားလိုက်ပါတယ်။ တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံကြားမှာ ငွေလွှဲပြောင်းတာတွေကို ၂၀၀၃ ခုနှစ် ကတည်းက စတင် လုပ်ဆောင်လာခဲ့တာကြောင့် အခုလိုမျိုး ဒေါ်လာငွေကြေး လွှဲပြောင်းတာတွေကို KEB ဘဏ်က ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် သွင်းကုန်၊ ထုတ်ကုန် လုပ်နေတဲ့ ပြည်တွင်းက စီးပွားရေး လုပ်ငန်းတွေကို ထိခိုက်လာနိုင်တယ်လို့ ရန်ကုန်မြို့က စီးပွားရေး လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

“ထိခိုက်မှုတော့ အတန်အသင့် ရှိတယ်ဗျ။ လောလောဆယ်တော့ ကုန်သွယ်မှု ပမာဏတွေ လျော့ကျသွားမယ်၊ နှေးသွားမယ်။ လောလောဆယ်တောင်မှ ကုန်သွယ်မှုက အရမ်းနှေးနေတာ၊ ဒီရာသီမှာ။ အခုတော့ နှစ်နိုင်ငံ ကုန်သွယ်မှု နှေးသွားနိုင်တာပေါ့၊ လေးသွားနိုင်တာပေါ့။ နောက် ကိုရီးယားဘဏ်က မလုပ်နိုင်တော့ တခြား စင်ကာပူတို့ ဘာတို့က တဆင့်ခံပြီး လုပ်တယ်ဆိုရင် စရိတ်တွေ ပိုတိုးလာတာပေါ့။ တခြား ကြားခံတခုကို သုံးမယ်ဆိုရင် ပိုပြီး စရိတ်တွေ တိုးလာမယ်။ တိုက်ရိုက်မဟုတ်တော့၊ သူ့ကို အကျိုးဆောင်ခ ပေးရတာမျိုးတွေ ရှိတာကိုး။ အဲဒီတော့ လုပ်ငန်း သိပ်အဆင်မပြေရတဲ့ ကြားထဲ စရိတ်စကတွေ ပိုများလာမယ့် အနေအထားမျိုးပဲ ဖြစ်နေတာ တွေ့ရတာပေါ့။”

အကြမ်းဖက်မှုတွေအပေါ် ငွေကြေး ကူညီပံ့ပိုးနေတယ်လို့ သံသယရှိရတဲ့ နိုင်ငံတွေအပေါ် နိုင်ငံတကာ အရေးယူမှုရဲ့ အစိတ်အပိုင်းတရပ်အဖြစ် အခုလို ဒေါ်လာငွေ လွှဲပြောင်းတာတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း အမေရိကန်လွှတ်တော်က မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဖိအားပေးတဲ့ အနေနဲ့ မြန်မာနိုင်ငံတွင်းက တင်ပို့တဲ့ ကုန်ပစ္စည်းတွေကို ပိတ်ပင်တဲ့ ဥပဒေကိုလည်း နောက်ထပ် သက်တမ်း ၁ နှစ် ထပ်တိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီရေး ကြိုးပမ်း လှုပ်ရှားသူတွေကို မတရား ဖိနှိပ်ဖမ်းဆီးတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်နေတာတွေကြောင့် အမေရိကန် အစိုးရက မြန်မာစစ်အစိုးရအပေါ် ၂၀၀၃ ခုနှစ်ကစလို့ အရေးယူ ပိတ်ဆို့မှု အသစ်တွေကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ KEB ဘဏ်ဟာ အမေရိကန် ဘဏ်လုပ်ငန်းတခုက ထိန်းချုပ်ထားတာ ဖြစ်တဲ့အတွက် အမေရိကန်ဒေါ်လာကို မြန်မာနိုင်ငံကို လွှဲပြောင်းတာတွေ လုပ်ခွင့်မရှိဘူးလို့ ဆိုပါတယ်။

“တကယ်တမ်း ကျနော်တို့ ဒီမှာ ကုန်သွယ်မှုလုပ်တဲ့ အခါကြတော့ ကိုရီးယားမှာရှိတဲ့ KEB ဘဏ်နဲ့ မြန်မာပြည်ကဘဏ် MFTB၊ MICB အချင်းချင်း နားလည်မှုယူပြီးတော့ အမေရိကန်ကို အသိမပေးဘဲ အဆင်ပြေရာပြေကြောင်း လုပ်တဲ့သဘောပေါ့။ အခု မြောက်ကိုရီးယားနဲ့ မြန်မာအစိုးရ Relation က အရမ်းကောင်းလာတော့ အမေရိကန် အစိုးရ အနေနဲ့ ပိုပြီးတော့ အရင်ကထက်စာရင် စိုးရိမ် ပူပန်လာတာပေါ့။

“အဲဒါကြောင့် ကိုရီးယားက တောင်ကိုရီးယားဖြစ်ဖြစ်၊ မြောက်ကိုရီးယားဖြစ်ဖြစ် မြန်မာပြည်မှာလာပြီး Invest လုပ်တဲ့အခါ သူက ဒီအပေါ်မှာ စိတ်မချတဲ့အတွက် US ရဲ့ Pressure က တောင်ကိုရီးယား ဘဏ်တွေအပေါ် ပိုပြီးတော့ ပြင်းလာတာပေါ့လေ။ အဲဒါကြောင့် ဘဏ်တွေကလည်း အရင်ကလို တာဝန်ယူပြီး မလုပ်ပေးနိုင်တဲ့ အနေအထားမျိုး ဖြစ်တယ်လို့ ကျနော်တို့ တွေ့ရတယ်။”

မြန်မာနိုင်ငံနဲ့ ကိုရီးယားနိုင်ငံကြားမှာ အ၀တ်အထည်၊ သံမဏိနဲ့ လျှပ်စစ်ပစ္စည်း စတာတွေ ကုန်သွယ်နေတဲ့ ကုမ္ပဏီပေါင်း ၅၀ လောက် ရှိပြီး အဲဒီထဲမှာ ဒေ၀ူး၊ မြန်မာ ပေါ့စကို စတီးလ် စတဲ့ ကုမ္ပဏီတွေ ပါဝင်သလို အစိုးရနဲ့ ဖက်စပ် လုပ်ဆောင်နေတဲ့ သစ်ကုမ္ပဏီတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ KEB ဘဏ်ကနေ မြန်မာနိုင်ငံကို ငွေလွှဲနှုန်းဟာ တနှစ်ကို ဒေါ်လာသန်းရာနဲ့ချီ ရှိတယ်လို့ အဆိုပါ လုပ်ငန်းရှင်က ပြောပါတယ်။

“မြန်မာပြည်ကနေ ကိုရီးယားကို တင်ပို့တဲ့ ကုမ္ပဏီတွေရော၊ ကိုရီးယားက ပစ္စည်းတွေ မှာယူတဲ့ ကုမ္ပဏီတွေရော အားလုံးပေါင်း ခန့်မှန်းချေ ကုမ္ပဏီပေါင်း ၄၀ လောက်ရှိတယ်။ အဲဒီမှာ ကျနော်တို့လို Export လုပ်တဲ့ ကုမ္ပဏီတွေလည်း ရှိတယ်။ ကျနော်ထင်တယ်၊ တနှစ်လုံးအတွက်ဆိုရင် ဒေါ်လာသန်း ရာဂဏန်းထက်မနည်း ကုန်သွယ်မှု ပမာဏရှိတယ်။”

အမေရိကန်ဒေါ်လာနဲ့ ငွေလွှဲတာတွေကို ရပ်ဆိုင်းလိုက်ပေမဲ့လည်း ယူရိုငွေ အပါအ၀င် စင်ကာပူဒေါ်လာနဲ့ ငွေလွှဲတာတွေကို ရပ်ဆိုင်းထားတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ယူရိုငွေကြေး ကျဆင်းတာနဲ့ ဈေးကွက်မှာ မတည်ငြိမ်တာတွေကြောင့် အခက်အခဲတွေ ရှိလာနိုင်တယ်လို့ အဆိုပါ လုပ်ငန်းရှင်က ပြောပါတယ်။

XS
SM
MD
LG