သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် တောင်ပြုံးပွဲတော်ကျင်းပရေး မသေချာ 


မန္တလေးတိုင်း၊ မတ္တရာမြို့နယ် တောင်ပြုန်းကျေးရွာမှာကျင်းပတဲ့ တောင်ပြုန်းဘုရားပွဲ ယခင်မှတ်တမ်းဓာတ်ပုံ။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် တောင်ပြုန်းကျေးရွာမှာကျင်းပတဲ့ တောင်ပြုန်းဘုရားပွဲ ယခင်မှတ်တမ်းဓာတ်ပုံ။

မန္တလေးတိုင်းမှာတိုက်ပွဲအခြေအနေတွေပြင်းထန်လာပြီး တောင်ပြုံးပွဲတော်ကျင်းပနိုင်ဖို့ မသေချာတော့ဘူးလို့ ကျင်းပရေးကော်မတီက ပြောပါတယ်။ တောင်ပြုံးပွဲတော်ကို ၈ ရက်ကြာ စည်စည်ကားကား ကျင်းပသွားမယ်လို့ အစပိုင်းမှာကြေညာခဲ့ပေမယ့် ပွဲရက်နီးကပ်လာချိန်မှာ စစ်ရေးအခြေအနေ တင်းမာလာနေတာကြောင့်လို့ ဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က တောင်ပြုံးကြီးရွာမှာ တောင်ပြုံးပွဲတော်ကို ဝါခေါင်လဆန်း ၈ ရက်ကနေ ၁၅ ရက်နေ့အထိ စည်စည်ကားကားကျင်းပသွားမယ်လို့ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ ကော်မတီဘက်က ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ မန္တလေးတိုင်းထဲက မိုးကုတ်၊ စဉ့်ကူး၊ မတ္တရာတိုက်ပွဲတွေကြောင့် ပွဲကျင်းပနိုင်ဖို့ မသေချာတော့ဘူးလို့ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောပါတယ်။

"အခုဟာတော့ ပြောလို့မရသေးဘူးဗျ။ များသောအားဖြင့်တော့ သိပ်ပြီးတော့ မဖြစ်နိုင်ဘူးဗျ။ အခြေအနေက တော်တော်တင်းမာနေတာ။ အခုက ဘယ်လိုမှကို ဘာမှစီစဉ်လို့မရတာ။ အခုက နီးနေတော့လေ။ အကုန်လုံး သွားလမ်းလာလမ်းလည်း အကုန်ပိတ်တော့ အဆင်မပြေတော့ဘူး။"

ရှမ်း-မန်း စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ မိုးကုတ်-စဥ့်ကူး-မတ္တရာ မြို့နယ်ထဲက တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က မန္တလေးတိုင်းမှာ လုံခြုံရေးတိုးမြှင့်ထားပါတယ်။ တိုက်ပွဲအတွင်းမှာ အပြန်အလှန်မြေပြင်စစ်ရေး ပြင်းထန်နေသလို စစ်ကောင်စီဘက်က လေကြောင်းသုံး တိုက်ခိုက်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလိုအချိန်မှာ တောင်ပြုံးပွဲတော်ဖြစ်မြောက်ဖို့ တာဝန်မယူနိုင်တဲ့အခြေအနေကို ကော်မတီဘက်က ပြောပါတယ်။

"ကျနော်တို့ အဖွဲ့အစည်းကတော့ လုပ်မရဘူးပေါ့ဗျာ။ လုပ်မရဘူးဆိုတာ မြို့နယ်တွေမှာ ကတိုက်ကရိုက်ဖြစ်နေတော့ ကျနော်တို့ ဂေါပကအဖွဲ့အစည်းလည်း ဘာမှလုပ်ရမှာမဟုတ်ဘူး။ ဘယ်လိုမှတာဝန်ယူပြီးတော့ လုပ်နိုင်မှာမဟုတ်ဘူးလေ။ ကမောက်ကမတွေ။ အခုစစ်ရေးက တအားနီးကပ်နေတယ်လေ။ နီးကပ်နေတော့ မျှော်လင့်ချက်ကြီးတော့ သိပ်မရှိတော့ဘူး။"

တိုက်ပွဲအခြေအနေကြောင့် ပြင်ဦးလွင်ဘက်ကို စစ်ရှောင်လာသူတွေလည်း တော်တော်များများ ရှိနေပါတယ်။ ဒါပေမဲ့လည်း နယ်မြေတဆက်တည်းဖြစ်နေလို့ စစ်ရေးကူးစက်လာမယ့် အနေအထားကိုလည်း စိုးရိမ်နေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"မြို့တွင်းအခြေအနေကတော့ ပုံမှန်ပဲဗျ။ ဒါပေမဲ့ လူတွေမှာတော့ နည်းနည်းလေးစိုးရိမ်ပြီး တယောက်နဲ့တယောက်ကတော့ စိုးရိမ်စိတ်လေးတွေနဲ့တော့ လှုပ်ရှားသွားလာနေရတာပေါ့။ ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ ဘာမှမသိဘူးပေါ့။ ကျနော်တို့ကတော့ စစ်ရှောင်တွေထောက်ပံ့ရေး အခုလုပ်နေတယ်။"

မန္တလေးတိုင်းထဲက စစ်ရေးအခြေအနေကြောင့် နယ်မြေလုံခြုံရေးကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ တောင်ပြုံးပွဲတော်ကိုလည်း အခုနှစ်မှာ စစ်ရေးကြောင့် ပွဲတော်မလုပ်ဖြစ်ဖို့ များတယ်လို့ ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ကနေ ၂၀၂၂ အထိ သုံးနှစ်ကြာရပ်နားထားခဲ့တဲ့ တောင်ပြုံးပွဲကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကတော့ စစ်ကောင်စီဘက်က ပြန်လည်ကျင်းပခဲ့ပါတယ်။

Forum

XS
SM
MD
LG