သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဆက်ဖြစ်


ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဆက်ဖြစ်
ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဆက်ဖြစ်

ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်မခံတဲ့ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်မဟာ ၁ နဲ့ မြန်မာအစိုးရ တပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ တလနီးပါး ရှိလာချိန်အထိ တိုက်ပွဲငယ်လေးတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ မနေ့က မိုင်းရှူးမြို့နယ်အတွင်းမှာ တိုက်ပွဲငယ် တကြိမ် ဖြစ်ခဲ့ပြီးနောက် ဒုက္ခသည် ရာဂဏန်းလောက်ဟာ မိုင်းရှူးမြို့ပေါ်ကို ထွက်ပြေးလာကြပါတယ်။ ရှမ်းတပ်ဖွဲ့နဲ့ မြန်မာစစ်အစိုးရတပ်ကြား ဖြစ်ပွားနေတဲ့ ပြောက်ကျား တိုက်ပွဲငယ်တွေဟာ အရင်က မြို့နယ် ၃ ခုလောက်မှာ ဖြစ်ပွားနေရာက အခုအခါ ၁၀ မြို့နယ်လောက်အထိ ကျယ်ပြန့်လာနေပြီလို့ စစ်ရေး၊ နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲ နောက်ဆုံးအခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည်တပ်မတော် (SSA) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ အပစ်ရပ် ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရဲ့ တပ်မဟာ ၁ တပ်တွေနဲ့ အစိုးရ တပ်ဖွဲ့တွေဟာ မိုင်းရှူးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့လ ၁၃ ရက်နေ့က တိုက်ပွဲတွေ စတင်ဖြစ်ခဲ့ရာက အခုချိန်ထိလည်း ငြိမ်းအေးမသွားသေးဘဲ တိုက်ပွဲငယ်လေးတွေဟာ ရက်ခြားဆိုသလို ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲအခြေအနေကို ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က အခုလို ပြောပြပါတယ်။

“မနေ့ကနဲ့ ဒီနေ့ ထပ်ဖြစ်တာပဲ။ မိုင်းရှူးမြို့နယ် မိုင်းရှူးကနေ ဝမ်ဟိုင်းဌာနချုပ်ကို သွားတဲ့လမ်း ဝမ်ဟိုင်းရဲ့ တောင်ဘက် ၇ မိုင် ၈ မိုင်လောက်ပဲရှိမယ့် ကားလမ်းပေါ်မှာရှိတဲ့ ဝမ်ဆော့ရွာကြီးထဲမှာ သူက တိုက်နယ်ရွာပေါ့။ အဲဒီ ရွာကြီးထဲမှာ အခြေပြုနေတဲ့ နအဖတပ် အင်အား ၂၀၀ ကျော်ကို ရှမ်းတပ်ဘက်က သွားပြီးတော့ ပစ်တယ်။ အဲဒါ မနေ့က တမနက်လုံး ချကြတယ်တဲ့။ အသေအပျောက် အတိအကျတော့ မသိသေးဘူး။ နအဖတပ်တွေက ခပ်များများက တိုက်ပွဲဖြစ်ပြီးတဲ့နောက် ဘုန်းကြီးကျောင်းက ၂ ကျောင်း ၃ ကျောင်းရှိတယ်။ သူက ၃-၄ ရပ်ကွက် ရှိတာကိုး။ အဲဒီ ဝမ်ဆော့ရွာကြီးထဲမှာ ဘုန်းကြီးကျောင်းဝင်းထဲကို အကုန်လုံး ပြေးဝင်ပြီးမှ နေရာယူထားကြတာပေါ့။ အဲဒါကြောင့် ရှမ်းတပ်ကလည်း မပစ်တော့ဘူး။ သံဃာတော်တွေ ထိမှာစိုးတယ်။ နောက်ပြီးတော့ ဘုန်းကြီးကျောင်း ပျက်စီးမှာလည်း စိုးရိမ်တယ်လေ။”

ဒီတိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ ရာနဲ့ချီတဲ့ ဒေသခံ ရွာသူရွာသားတွေဟာ မိုင်းရှူးမြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင်ကုန်တယ်လို့ ဦးစိန်ကြည်က ဆက်ပြောပါတယ်။ ဒီလို ဒုက္ခသည်တွေ ထွက်ပြေးတဲ့ သတင်းကိုတော့ သီးခြား အတည်ပြုချက် မရသေးပါဘူး။

လွန်ခဲ့တဲ့လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာတော့ သံဃာတော်တွေနဲ့ ကိုရင်တွေ အပါအဝင် အနည်းဆုံး အရပ်သား ၁၀ ယောက်လောက် ပျံလွန်၊ သေဆုံးပြီး ဒေသခံရွာသား ၇၀၀ လောက် မိုင်းရှူးမြို့ကို ထွက်ပြေးကြတယ်၊ နောက် ဘုန်းတော်ကြီးကျောင်းတွေလည်း ပျက်စီးခဲ့တယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ လလယ်လောက်က စတင်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ အရင်က မြို့နယ် ၃ ခုလောက်မှာ ဖြစ်ပွားနေရာက ဒီလအတွင်းမှာတော့ မြို့နယ် ၁၀ ခုလောက်အထိ ပျံ့နှံ့နေပြီလို့ ဦးစိန်ကြည်က ပြောပါတယ်။

“အစကတော့ တိုက်ကြတာက ၃-၄ မြို့နယ်လောက်ပဲ ရှိတယ်လေ။ ဥပမာ တန့်ယန်းမြို့နယ်၊ မိုင်းယိုင်မြို့နယ်၊ ကျေးသီးမြို့နယ်၊ တခါတလေ လားရှိုးမြို့နယ် တစိတ်တပိုင်း၊ အခုဟာက ၁၀ မြို့နယ်လောက်အထိ ပျံ့နှံ့သွားပြီ။ ကျောက်မဲ၊ သီပေါ၊ လားရှိုးကားလမ်းရဲ့ အထက်ပိုင်းဘက်၊ ကားလမ်းရဲ့ မြောက်ဘက်ပိုင်းဘက်ကို အဲဒီဘက်မှာ သွားပြီးတော့ လှုပ်ရှားကြပြီ ရှမ်းတပ်က။ နမ့်ဆန်မြို့နယ်၊ မိုးမိတ်မြို့နယ်၊ သီပေါမြို့နယ် သီပေါရဲ့ မြောက်ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ လွန်ခဲ့တဲ့ ၅ ရက်၊ ၆ ရက်က၊ ၂၈ ရက်နောက်ပိုင်းပေါ့။ အဲဒါကြောင့် အခု အားလုံးတွက်လိုက်မယ်ဆိုရင် ၉ မြို့နယ်၊ ၁၀ မြို့နယ်လောက် ပြန့်သွားပြီ၊ ဒီ ရှမ်းပြည်တောင်ပိုင်း၊ အလယ်ပိုင်းကနေ ဟိုးမြောက်ပိုင်းအထိပေါ့။”

ပြီးခဲ့တဲ့လအတွင်းက ဒီတိုက်ပွဲတွေမှာ မြန်မာစစ်အစိုးရဘက်က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)၊ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)၊ ကျောက်မဲအခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ) ၁ နဲ့ မိုင်းနောင်အခြေစိုက် စကခ ၂ က တပ်ရင်းတွေသာ ပါဝင် တိုက်ခိုက်ခဲ့ရာက အခုအခါမှာ တပ်မ ၃၃၊ ၅၅ နဲ့ ၉၉ က တပ်ရင်းတွေကိုပါ ထပ်မံ အင်အားဖြည့်လာတာကြောင့် ဒီစစ်ဆင်ရေးဟာ ရေရှည် ဆက်ဖြစ်နိုင်မယ်လို့ ဦးစိန်ကြည်က သုံးသပ်ပါတယ်။

တရုတ်၊ မြန်မာ နယ်စပ်က စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကတော့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပေါ် အခုလို သုံးသပ်ပါတယ်။

“တိုက်ပွဲတခုလုံး ခြုံပြောရရင်တော့ တိုက်ပွဲက ဖြိုးဖြိးဖြောက်ဖြောက်တော့ ဖြစ်နေတာ။ ပွဲကြီးတွေ မဖြစ်ဘူး။ မိုင်းအောတို့ မိုင်းရှူးတို့ဆိုတာ မြို့နယ်တွေပါတယ်။ ကျေးသီးကလည်း မြို့နယ်၊ အဲဒီမရောက်ခင် လဲချားဆိုတာလည်း မြို့နယ်ငယ်တွေ အများကြီးရှိတယ်။ အဲလိုမျိုးပြောရင် ၁၀ မြို့နယ် ကချင်မှတောင် ကမယ်။ သံလွင်မြစ်ရဲ့ အနောက်ဘက်ခြမ်းမှာရော အရှေ့ဘက်ခြမ်းမှာရော ဖြန့်ပြီးတော့ စစ်တွေ ဖြစ်နေတယ်။ ဒီဟာက ဗမာအစိုးရအတွက်တော့ သူ့ဘက်က ဖြေရှင်းနည်း မကောင်းဘူး ဆိုရင်တော့ ရှမ်းမြောက်နဲ့ ရှမ်းအလယ်တို့က မကြာခဏ တိုက်ပွဲတွေ ဖြစ်လာတဲ့ နေရာတွေ ဖြစ်လာတော့မှာ။ ဗမာအစိုးရ အနေနဲ့ ကိုပန်ဖတို့ကို တည်တည်ငြိမ်ငြိမ်နဲ့ ဆွေးနွေးဖို့ ကြိုးစားရင် ကြိုးစား၊ မကြိုးစားရင် ခုနက ကျနော်ပြောတဲ့ ခွင်ကြီးတခုလုံးကတော့ သိပ်တည်ငြိမ်အေးချမ်းမယ့်ပုံ မပေါ်ဘူးဗျ။”

တချိန်တည်းမှာတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးပါတီ ၁၀ ခုက မြန်မာအစိုးရသစ်ဟာ အသွင်ကူးပြောင်းရေးကို လက်တွေ့ပြသတဲ့ အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားသလို KNU ခေါ် ကရင်အမျိုးသား အစည်းအရုံးကလည်း နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ တောင်းဆိုထားပါတယ်။

XS
SM
MD
LG