သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အတိုင်ပင်ခံရဲ့ အစိုးရတနှစ်ပြည့် မိန့်ခွန်း


မေး။ ။ကိုကျော်ကျော်သိန်းရှင့် အခု ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ မိန့်ခွန်းပါ ကောက်နှတ်ချက်အနှစ်ချုပ်ကို ပြောပါဦး။

ဖြေ။ ။ဟုတ်ကဲ့ပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီမိန့်ခွန်းကို ကိစ္စကြီး ၃ ရပ်ဆိုပြီးတော့ ပြောသွားပါတယ်။ ပထမ ကိစ္စကြီးကတော့ ပြောင်းလဲချိန်တန်ပြီဆိုပြီးတော့ NLD ပါတီက ကြွေးကြော်ပြီးတော့ ရွေးကောက်ပွဲဝင်ခဲ့ရာမှာ အခု ၁ နှစ်ပြည့်ပြီးတဲ့နောက် ဒီ ပြောင်းလဲချိန်တန်ပြီဆိုတာ ဘယ်လောက်ခရီးရောက်နေပြီလဲ။ တခုလုံးကို ခြုံပြီးတော့ ပြောရရင်တော့ ပြောင်းလဲချိန်တန်ပြီဆိုတာ သိပ်ကြီးတော့ ခရီးမရောက်သေးဘူးဆိုတဲ့ သဘောတွေ့ရပါတယ်။ နောက်တခုကတော့ ငြိမ်းချမ်းရေးကိစ္စပါ။့ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး အထူးပြောရမှာကတော့ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းအဆုံးမှာမှ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထည့်ပြောမသွားပဲနဲ့ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းအဆုံးမှာမှ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ( UNFC) အဖွဲ့ဝင် ၅ ဖွဲ့ တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင် ၅ ဖွဲ့ကနေ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စာချုပ် NCA လက်မှတ်ရေးမယ်လို့ သဘောတူလိုက်တာကို သီးခြားဆက်ပြီးတော့ တဆက်တည်း ကြေညာသွားပါတယ်။ ဒီဟာက ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းမှာပါတာမဟုတ်ပါဘူး။ သီးခြားကြေညာသွားတာပါ နောက်ဆက်တွဲအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောတဲ့အချိန်မှာ ဒီသဘောတူညီချက်ကို မသိသေးတဲ့အတွက် ထည့်ပြောမသွားနိုင်ပဲနဲ့ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းဆုံးတဲ့အချိန်ကျမှ ထည့်ပြောသွားတာပါ။ အဲဒီအဖွဲ့ ၅ ဖွဲ့ကတော့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ( UNFC) အဖွဲ့ဝင် ၅ ဖွဲ့ ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ ၀ အမျိုးသားအဖွဲ့ WNO၊ ရခိုင်အမျိုးသား ကောင်စီ ANC၊ လားဟူ ဒီမိုကရက်တစ် ပါတီ တို့က ဒီ NCA ကိုလက်မှတ်ရေးထိုးမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အတွက် အင်မတန်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ ကိစ္စကြီး ၃ ရပ်မှ နောက်ဆုံးကတော့ ပြည်သူအပေါ်မေတ္တာထားမယ်၊ နိုင်ငံအပေါ် သစ္စာစောင့်ထိန်း မယ်ဆိုတာကို ပြောသွားတာပါ။ ပြည်သူအပေါ်မေတ္တာထားမယ်ဆိုတာမှ ပညာရေး၊ ကျန်းမာရေးတွေကို ဘယ်လောက်လုပ်ပေးခဲ့တယ်၊ နိုင်ငံအပေါ် သစ္စာစောင့်ထိန်း မယ်ဆိုတာမှာ နိုင်ငံရဲ့ ဘဏ္ဍာငွေ အလဟသမဖြစ်အောင် အကြိုးရှိရှိ ဘယ်လိုတွေသုံးခဲ့တယ် ဆိုတာတွေကို ထောက်ပြီးတော့ ဒါတွေကို ဆက်လုပ်သွားမယ်ဆိုတာကို ပြောသွားတာပါ။

မေး။ ။ဟုတ်ကဲ့ပါရှင့် ဒါကတော့ အနှစ်ချုပ်ပေါ့နော် အခု ကိုကျော်ကျော်သိန်းက ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းကို စောင့်နားထောင်နေတဲ့သူ၊ သတင်းထောက် ၁ ယောက်အနေနဲ့ ဒီမိန့်ခွန်းအပေါ်မှာ ဘယ်လိုသဘောရပါသလဲ။

ဖြေ။ ။မိန့်ခွန်းကိုပြောမယ်ဆိုရင် မိန့်ခွန်းက အရမ်းကြီးဘဝင်ကျလောက်စရာ ၊ ကျေနပ်လောက်စရာ ၁ နှစ်အတွင်း အစိုးရ စွမ်းဆောင်ချက်တွေနဲ့ ပတ်သက်လို့ အားနည်းချက်တွေကို ပြတ်ပြတ်သားသား ဝင်ခံပြီးတော့ ၊ အားသာချက်တွေကိုလည်း ရှင်းရှင်းလင်းလင်း သိသိသာသာနဲ့ ထောက်ပြသွားတယ်လို့ ခံစားရတဲ့ပုံမျိုး ကျနော့်မှာ မရှိပါဘူး။ ဒါသတင်းထောက်တယောက်အနေနဲ့ ကျနော်ကြည့်တာပါ။ ဆိုတော့ အားနည်းချက်တွေ အများကြီးရှိတယ်ဆိုတာကို သူ့အနေနဲ့ ဝင်ခံသွားတာ ရှိပါတယ်၊ လိုအပ်ချက်တွေရှိတယ်ဆိုတာ။ ကျေနပ်လောက်စရာဖြစ်အောင် အားနည်းချက်တွေကို လက်ခံပြီးတော့ ပြောသွားတာ မရှိပါဘူး။ အဲဒီလို အားသာချက်တွေအောင်မြင်ချက်တွေကို ထောက်ပြသွားတဲ့နေရာမှာ သိပ်အားမကောင်းဘူးလို့ သတင်းထောက်တယောက်အနေနဲ့ ကျနေ်ာအဲဒီလို ခံစားရပါတယ်။ သတင်းထောက်တယောက်အနေနဲ့ လေ့လာချက်ပေါ့လေ နောက်ဆုံးမှာ သူပြောတဲ့နေရာမှာ အစက NLD က ဒီ ပြောင်းလဲချိန်တန်ပြီဆိုတာနဲ့ ရွေးကောက်ပွဲဝင်ခဲ့တယ်။ အခု ၁ နှစ် အစိုးရဖြစ်ပြီးနောက်မှာတော့ ဒီကြွေးကြော်သံကို ပြည်သူနဲ့အတူဆိုတဲ့ ကြွေးကြော်သံအသစ်နဲ့ အစားထိုး ပြီးတော့ ဆက်ပြီးသွားချင်တယ်ဆိုတာကို သူပြောသွားတာကို နားထောင်ရတဲ့အခါမှာ မကြာခင်မှာပဲ ကြားဖြတ်ရွေးကောက်ပွဲက ကျင်းပတော့မှာဆိုတော့ ကြားဖြတ်ရွေးကောက်ပွဲအတွက် အာဏာရ NLD ပါတီအနေနဲ့ ဆောင်ပုဒ်တခုအနေနဲ့များထွက်လာလေမလားဆိုပြီးတော့ကျနော် သတင်းထောက်တယောက်အနေနဲ့ တွေးမိပါတယ်။

မေး။ ။အခု NLD အရပ်သားအစိုးရ တက်လာတာ ၁ နှစ်ပြည့်ချိန်ပေါ့နော် ပြည်သူတွေအကြား အားရကျေနပ်သူတွေရှိသလို ဝေဖန်သူတွေလည်းရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိန့်ခွန်းကို အစိုးရအသစ်အပေါ် အားမရတဲ့ ပြည်သူတွေအတွက် အားရလောက်တဲ့အဖြေကို ပေးနိုင်မယ်လို့ ထင်ပါသလား။

ဖြေ။ ။အဲဒါကတော့ အမျိုးမျိုးဖြစ်ပါလိမ့်မယ်။ NLD ပါတီနဲ့ဒေါ်အောင်ဆန်းစုကြည်ကို နဂိုကတည်းက ချစ်ခင်မြတ်နိုးသူတွေ အတွက်ကတော့ ဒီမိန့်ခွန်းက သူတို့အတွက် လုံလောက်ပါတယ်။ နဂိုကတည်းက NLD ပါတီနဲ့ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြည့်မယ်လို့ အခွင့်အရေးပေးထားတဲ့သူတွေအတွက်ကတော့ ဒီမိန့်ခွန်းက သိပ်ပြီးအားရကျေနပ်စရာကောင်းမှာမဟုတ်ပါဘူး။ NLD ပါတီနဲ့ဒေါ်အောင်ဆန်းစုကြည်ကို နဂိုကတည်းက မထောက်ခံတဲ့လူတွေ ၊ တနည်းအားဖြင့် ဆန့်ကျင်တဲ့သူတွေ ဒီမိန့်ခွန်းမှာ သူတို့ဘက်က ဝေဖန်တိုက်ခိုက်စရာ အချက်အလက်တွေအများကြီးရသွားနိုင်တယ်လို့ ကျနော်အဲဒီလို သုံးသပ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ ကျေးဇူးပါပဲ ကိုကျော်ကျော်သိန်းရေ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG