သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နီပေါလ်ခရီးစဉ် လုံခြုံရေး အထူးတင်းကြပ်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

နီပေါလ်နိုင်ငံ ခတ္တမန်ဒူမြို့တော်မှာ နိုဝင်ဘာလ (၃၀)ရက်နေ့ကနေ ဒီဇင်ဘာလ (၃)ရက်နေ့ထိ ကျင်းပမယ့် ဆယ်ကြိမ်မြောက် အရှေ့အာရှ စီးပွားရေးထိပ်သီးညီလာခံကို တက်ရောက်မယ့် ကမ္ဘာ့ ခေါင်းဆောင်တွေရဲ့ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ၃,၅၀၀ ခန့်စေလွှတ်ချထားဖို့ နီပေါလ်အစိုးရက စီစဉ်နေပါတယ်။

လုံခြုံရေးကို အဓိကအားဖြင့် နီပေါလ်စစ်တပ်က တာဝန်ယူပြီး နီပေါလ်ရဲအပြင် နီပေါလ် လက်နက်ကိုင်ရဲနဲ့ NID ခေါ် နီပေါလ် အမျိုးသားထောက်လှမ်းရေးဌာနတို့နဲ့ ညှိုနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ လုံခြုံရေးသတင်းရပ်ကွက်တွေက ဆိုပါတယ်။

ဒီကနေ့ ကြာသာပတေးနေ့ ခတ္တမန်ဒူကို ဆိုက်ရောက်မယ့် မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပြင် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်တို့ကို နီပေါလ်နိုင်ငံတကာလေဆိပ် Tribhuvan ကနေ သူတို့တည်းခိုမယ့် ဟိုတယ်ကို အထူးလုံခြုံရေးအစီအစဉ်နဲ့ ပို့ဆောင်ဖို့ စီစဉ်ထားကြောင်းသိရပါတယ်။

ထိပ်သီးညီလာခံကို တက်ရောက်ဖို့ နီပေါလ်အစိုးရက အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နီပေါလ်ဝန်ကြီးချုပ် KP Sharma Oli က ဖိတ်ကြားခဲ့တာဖြစ်ပြီး ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါလ်သမ္မတ Bidhya Devi Bhandari နဲ့တွေ့ဆုံဖို့ရှိပြီး ဝန်ကြီးချုပ် Oli နဲ့လည်း နှစ်နိုင်ငံ အပြန်အလှန် အကျိုးပြု ဆက်ဆံရေး အတွက် ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

ခတ္တမန်ဒူမှာ မြန်မာနိုင်ငံက ထွက်ပြေးခိုလှုံခဲ့ကြတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထံက အန္တရာယ်ရှိနိုင်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အတော်တော်များများ စေလွှတ်ချထားမယ်လို့ ရဲလုံခြုံရေးသတင်းရပ်ကွက်ကို ကိုးကားပြီး နီပေါလ်သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

ညီလာခံကျင်းပရာနဲ့ ခေါင်းဆောင်တွေတည်းခိုမယ့် ဟိုတယ်တွေမှာ လုံခြုံရေးစစ်ဆေးမယ့် ဂိတ် (၉)နေရာရှိပြီး ရဲက ပစ္စည်းတွေကိုလည်း စကင်နာစက်တွေနဲ့ စစ်ဆေးဖို့ ရှိတဲ့အပြင် ပထမဦးဆုံးအကြိမ်အဖြစ်လည်း ညီလာခံကျင်းပရာနေရာမှာ လုံခြုံရေးအတွက် အဝေးထိန်းဒုံးယာဉ်တွေကို အသုံးပြုဖို့ ရှိတယ်လို့ ခတ္တမန်ဒူ သတင်းရပ်ကွက်တွေက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG