သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂလိပ်စာလုံးပေါင်း ထူးချွန်သူ မြန်မာကျောင်းသား


အင်္ဂလိပ်စာ စာလုံးပေါင်းပြိုင်ပွဲမှာ ထူးချွန်ပြီး တနိုင်ငံလုံးအဆင့် ဝင်ရောက်ယှဉ်ပြိုင်ရမယ့် (၇) တန်းကျောင်းသား မောင်လွင်မိုးအောင်။
အင်္ဂလိပ်စာ စာလုံးပေါင်းပြိုင်ပွဲမှာ ထူးချွန်ပြီး တနိုင်ငံလုံးအဆင့် ဝင်ရောက်ယှဉ်ပြိုင်ရမယ့် (၇) တန်းကျောင်းသား မောင်လွင်မိုးအောင်။
အမေရိကန်ပြည်ထောင်စုတခုလုံးက လက်ရွေးစင်ကျောင်းသားတွေ လာပြိုင်ကြမယ့် နိုင်ငံလုံးအဆင့် National Spelling Bee စာလုံးပေါင်း ပြိုင်ပွဲကို ပြည်နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေထဲမှာ အမေရိကန်ရောက် မြန်မာကျောင်းသားလေး တစ်ယောက်လည်း ပါဝင်ပါတယ်။

ဒီကျောင်းသားလေးကတော့ Indiana ပြည်နယ် Fort Wayne မြို့က Lutheran South Unity School မှာ ၇ တန်း တက်နေတဲ့ မြန်မာကျောင်းသားလေး မောင် လွင်မိုးအောင်ဖြစ်ပါတယ်။ မောင်လွင်မိုးအောင် အခုလို နိုင်ငံလုံးအဆင့် စာလုံးပေါင်းပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ပုံကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

အသက် ၁၂ နှစ်ပဲ ရှိသေးတဲ့ မောင်လွင်မိုးအောင်ဟာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီမြို့တော်မှာ လာမယ့် မေလ ၂၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ကျင်းပမယ့် နိုင်ငံလုံးအဆင့် National Spelling Bee ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ သူက Indiana ပြည်နယ်(မြောက်ပိုင်း) နဲ့ Ohio ပြည်နယ် (အနောက်မြောက်ပိုင်း) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် သူဖြစ်ပါတယ်။ အမေရိကန်-မြန်မာ ကလေးတစ်ဦး အခုလို ထူးချွန်ကျောင်းသား တစ်ယောက်ဖြစ်လာအောင် မိဘတွေရဲ့ ပညာရေး မျှော်မှန်းချက်ကြီးမားစွာနဲ့ ပံ့ပိုးကူညီပေးခဲ့တာ ဖြစ်ပါတယ်။

အခုလိုကျောင်းအဆင့်၊ ပြည်နယ်အဆင့်တွေမှာ မောင်လွင်မိုးအောင် ဗိုလ်စွဲနိုင်ခဲ့တဲ့အပေါ် ဖခင်ဖြစ်သူ ဦးသန်းအောင်က ဗွီအိုအေကို အခုလိုရှင်းပြပါတယ်။

“သူက ကျောင်းမှာ Spelling Bee ကို လေးနှစ်ဆက်တိုက် အနိုင်ရပြီး ဖြစ်ပါတယ်။ County (စီရင်စု) မှာ တက်ပြိုင်ရပါတယ်။ သူ့ကျောင်းအနေနဲ့ ကိုယ်စားပြုပြီး သွားပြိုင်ရပါတယ်။ ကျောင်းအနေနဲ့ပြိုင် တဲ့အခါကျ သူက County မှာ ဒုတိယအကြိမ် ဗိုလ်စွဲခြင်း ဖြစ်ပါတယ်။ ဒီနှစ်လည်း County မှာ တစ်ခါ ဗိုလ်စွဲသွားတဲ့အတွက် Regional ကို သူပြိုင်ရတာ။ ရီဂျင်နယ်မှာ နိုင်သွားတဲ့အတွက် National ကို တက်ရမှာ ဖြစ်ပါတယ်။ နေရှင်နယ်ကို တက်ရမှာဖြစ်လို့ ဝါရှင်တန်ဒီစီကို သွားဖို့ ဖြစ်လာပါတယ်။”

နိုင်ငံလုံးအဆင့် National Spelling Bee ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ အကြောင်း မောင်လွင်မိုးအောင်နဲ့အတူ စာလုံးတွေကို အတူလိုက်ကျက်မှတ်လေ့လာနေတဲ့ အမဖြစ်သူ မမိုးမိုးအောင်က ပြောပြပါတယ်။

“သူ ကျောင်းမှာ နိုင်သွားတော့ Word တွေရှိတဲ့ Different Origin တွေ ပေးထားတယ်လေ။ အဲဒီ Words (စကားလုံးတွေ) သမီး ကွန်ပြူတာထဲမှာ Spelling CD ထဲမှာ ထည့်ပြီး သူ့ကို ပေးကျက်တယ်လေ။ အဲဒီကနေ မပြိုင်ခင် သမီးသူ့ကို ပြန်မေးတယ်။ သမီးတို့ Spelling CD တွေမှာ Definition တွေ အကုန်လုံး သိရတယ်လေ။ Spelling Words တွေ Definition လိုက်ရှာပြီးတော့ အဲဒီဝဘ်ဆိုဒ်ထဲမှာထည့်တယ်။ သူက ပြန်ပေးကျက်ရတယ်။ အခု ပိုကျက်နေရတယ်။ သူ့ဟာက အဲဒီလောက် အချိန်မရှိတော့ဘူးလေ။ သူ လုပ်နိုင်သလောက် လုပ်တယ်လေ။ တအားလည်း (Push မလုပ်ချင်ဘူး)မတွန်းချင်ဘူးလေ။”

Spelling Bee စာလုံးပေါင်းပြိုင်ပွဲမှာ တကျောင်းလုံးအဆင့် လေးတန်းကနေ ခုနှစ်တန်းအထိ လေးနှစ်ဆက်တိုက် ဆုဆွတ်ခူးခဲ့ပြီး ပြည်နယ်လုံးဆိုင်ရာအဆင့်မှာ နှစ်နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့တဲ့ မောင်လွင်မိုးအောင်က သူ့အနာဂတ်အတွက် မိဘတွေဖြစ်စေချင်တဲ့အတိုင်း ကျောင်းပညာရေးကို တစိုက်မတ်မတ် လေ့လာလိုက်စားခဲ့ပြီး အခုလာမယ့် ဝါရှင်တန်ဒီစီပြိုင်ပွဲအတွက် နာရီနဲ့ချီပြီး လေ့ကျင့်နေတယ်လို့ အခုလိုပြောပါတယ်။

“နိုင်သွားတာ သိပ်ပျော်တယ်။ ရင်တုန်နေတယ်။ လေ့ကျင့်တာ Hours everyday.”

အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ခွင့်ရသူတွေမို့ မြန်မာကလေးတွေ ပညာရေးကို အလေးအနက်ထား ကြိုးစားလာစေချင်တယ်လို့ ဦးသန်းအောင်က ပြောပါတယ်။

“ကျနော်ကတော့ အမေရိကားကို လွတ်လပ်တဲ့နိုင်ငံဖြစ်တဲ့အတွက် အင်မတန် လည်း သွားချင်နေတဲ့ နိုင်ငံတစ်ခု ဖြစ်တဲ့အတွက် အမေရိကားကို ရွေး လိုက်တာပါ။ ဒီလိုမျိုးရောက်လာပြီးတော့ ဒီနိုင်ငံမှာ အခြေချ နေထိုင်ဖြစ်တာပါ။ ကျနော်တို့မိသားစုရဲ့ ပညာရေးနဲ့ပတ်သက်တဲ့ Plan ပေါ့နော်- သူတို့အတွက် ဘယ်လို ရည်ရွယ်ချက် ထား ထားသလဲဆိုတော့ ပညာရေးမှာ ကျနော်တို့လိုချင်တဲ့ A+ Student ဖြစ်ဖို့ သူတို့ကို ကျနော်တို့က အမြဲတမ်းပြောထားပါတယ်။ အဲဒီအတွက်ကို သူတို့ ကြိုးစားပေးပါတယ်။

"ကျနော်တို့က ဒီကလေးတွေကို ကျူရှင်တွေ ဘာတွေ မထားပါဘူး။ ကျနော်တို့ ဇနီးမောင်နှံနှစ်ယောက်လည်း တတ်သလောက် မှတ်သလောက် ကျနော်တို့ သင်တယ်။ သမီးကြီးဆို အထက်တန်းကျောင်းရောက်လာတဲ့အတွက် သူ့ရဲ့ပညာရေးက မြင့်လာတဲ့အတွက်ကို တချို့ဟာတွေက ကျနော်တို့ထက်ကို ပိုသိတယ်လေ။ သိတဲ့အခါကျ သူ့ကိုပဲ အကူအညီတောင်းပြီးတော့ အကုန်လုံးကို Working together လုပ်ပါတယ်။”

မောင်လွင်မိုးအောင်ရဲ့ ဖခင်ကတော့ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်ပြီးတော့ မိခင်ဖြစ်သူကတော့ ဒေါ်အေးအေးနွယ်ဖြစ်ပါတယ်။ ၁၉၉၉ခု နှစ် ကတည်းက မြန်မာဒုက္ခသည်တွေအဖြစ် အမေရိကန်ပြည်ထောင်စု မှာ ရောက်ရှိ အခြေချခဲ့ကြပြီး မွေးချင်းသုံးဦးအနက် အစ်မဖြစ်သူ မမိုးမိုးအောင်နဲ့ ညီငယ် စိုးမိုးအောင်တို့ကလည်း ထူးချွန်ကျောင်းသူ၊ ကျောင်းသားတွြေုဖစ်ကြပါတယ်။
မောင် လွင်မိုးအောင် ၂၀၁၃ ခုနှစ်က အင်္ဂလိပ်စာလုံးပေါင်း ထူးချွန်ဆုရရှိစဉ်။
မောင် လွင်မိုးအောင် ၂၀၁၃ ခုနှစ်က အင်္ဂလိပ်စာလုံးပေါင်း ထူးချွန်ဆုရရှိစဉ်။
XS
SM
MD
LG