ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ကို မြန်မာတောင်တက်အဖွဲ့ဝင် ကိုပြည့်ဖြိုးအောင် နဲ့ ကိုဝင်းကိုကို တက်ရောက်ပြီး နိုင်ငံတော်အလံကို လွှင့်ထူခဲ့ပါတယ်။ အခုအခါမှာတော့ အဲဒီ တောင်တက် အဖွဲ့ဝင်တွေဟာ တောင်ခြေ ကို ပြန်လည် ဆင်းသက်လာပြီ ဖြစ်ပါတယ်။ ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံ ကိုယ်စားပြု အသင်း ဧဝရက်တောင် တက်ရောက်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကိုအောင်အောင်က ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။
ဧဝရက်တောင်ထိပ်မှာ မြန်မာနိုင်ငံ အလံလွှင့်ထူနိုင်ဖို့ သမိုင်းဝင် ဒီခရီးစဉ်ကို လွန်ခဲ့တဲ့ မတ်လကုန်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ အကောင်အထည်ဖေါ်နိုင်ခဲ့ပါတယ်။ ထူးဖောင်ဒေးရှင်းရဲ့ အကူအညီ နဲ့ မြန်မာတောင်တက် အဖွဲ့ဝင် ၃ ဦးဟာ နီပေါလ်နိုင်ငံကနေ ဧဝရက်တောင်ကို တက်ခဲ့တာပါ။ အဖွဲ့ဝင် ၃ ဦးအနက် ၂ ဦးကတော့ တောင်ထိပ် အထိ အရောက် သွားနိုင်ခဲ့တယ် လို့ မြန်မာနိုင်ငံ တောင်တက်အဖွဲ့ချုပ် အမှုဆောင် တဦးဖြစ်တဲ့ ဦးမျိုးသန့်က အခုလို ပြောပါတယ်။
"သုံးယောက်က တယောက် ညီညီအောင်ကတော့ ကျန်းမာရေးကြောင့် ခွင့်ပြုချက် မရလို့ Base Camp မှာ ကျန်ခဲ့ပါတယ်။ တောင်ထိပ်ရောက်သွားတာကတော့ ဝင်းကိုကို နဲ့ ပြည့်ဖြိုးအောင် တို့ ဖြစ်ပါတယ်။ တောင်ထိပ်အထိ တက်ခဲ့ပါတယ်။ မြန်မာစံတော်ချိန် ..မှာ ပြည့်ဖြိုးအောင်နဲ့ Contact ရပါတယ်။ သူက Camp – 4 ကို ပြန်ရောက်နေပါပြီ။"
တောင်တက်အဖွဲ့ဝင်တွေဟာ ဒီကနေ့ မနက် ၇ နာရီ ၇ မိနစ်က ဧဝရက်တောင်ထိပ် ကို ရောက်ရှိခဲ့ပြီးနောက် မကြာခင်မှာပဲ ပြန်ဆင်းလာ ခဲ့ကြပါတယ်။ ပေ ၃ သောင်းနီးပါး မြင့် တဲ့ ဧဝရက်တောင်ကို တက်ရောက်ဖို့ တောင်တက် အဖွဲ့ဝင်တွေ ဟာ လွန်ခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့မှာ အမြင့်ပေ ၁၇၅၀၀ မှာရှိတဲ့ တောင်ခြေ စခန်းကို ရောက်ရှိခဲ့ပြီး အဲဒီကနေ တဆင့် တောင်တက်လေ့ကျင့်ရေး အစီအစဉ်တွေ ကို စတင်ခဲ့ပါတယ်။
ရောက်ရှိနေတဲ့ အမြင့်ပေက လေထုဖိအားကို ခံနိုင်ရည်ရှိအောင် အကြိမ်ရေ အတော်များများ အတက်အဆင်း ပြုလုပ်လေ့ကျင့်ခဲ့ကြတာပါ။ ဒုတိယအကြိမ်မြောက် ကြိုးပမ်းမှုအပြီး အခုလို ခရီးစဉ်အောင်မြင်တာဖြစ်တယ်လို့လည်း ဦးမျိုးသန့်က ပြောပါတယ်။
" ၂၀၁၄ခုက ထူးဖောင်ဒေးရှင်း တောင်တက်အဖွဲ့က ကြိုးစားခဲ့ဖူးပါတယ်။ အဲ့ဒီ့တုန်းက နီပေါမှာ ရေခဲတောင်ပြိုမှုတွေဖြစ်ခဲ့တဲ့အတွက် နီပေါမှာ တောင်တက် ခရီးစဉ်တွေ အားလုံးဖျက်သိမ်းခဲ့တဲ့အတွက် ကျနော်တို့ ဆက်မတက်ပဲ ပြန်လာခဲ့ရ တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ထူးဖောင်ဒေးရှင်း အကူအညီနဲ့ပဲ ထပ်မံကြိုးစားရ တာဖြစ်ပါတယ်။"
မြန်မာတောင်တက်အဖွဲ့ဝင် ၃ ဦးထဲက ကိုညီညီအောင် ကတော့ သွေးထဲ မှာ အောက်စီဂျင် ပါဝင်မှု လျော့ကျသွားတဲ့ အတွက် တောင်ခြေစခန်းမှာပဲ ကျန်နေခဲ့တာပါ။ ဒါပေမယ့်လည်း ကျန်တဲ့ အဖွဲ့ဝင် ၂ ဦးကတော့ ရေခဲမှတ်အောက် ကျရောက်နေတဲ့ ရာသီဥတုအောက်မှာ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ထိပ်ကို တက်ရောက်ပြီး မြန်မာနိုင်ငံအလံကို စိုက်ထူနိုင်ခဲ့ပါတယ်။