သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက် ၂ ဦး အယူခံ နိုင်ငံတော်တရားလွှတ်တော်ချုပ် ကြားနာမည်


 ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး

ထောင်ဒဏ် (၇)နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ နောက်ဆုံးအယူခံတင်သွင်းထားတာကို နိုင်ငံတော်တရားရုံးချုပ်က ဒီကနေ့ မတ်လ (၂၆)ရက် နေ့မှာ နေပြည်တော်မှာ ကြားနာမှာဖြစ်ပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ အမှုအပေါ် အောက်တရားရုံးတွေရဲ့ အမိန့်စီရင်ချက်တွေဟာ ဥပေဒကြောင်းအရ မှန်ကန်မှုမရှိတဲ့အတွက် နိုင်ငံတော်တရားရုံးချုပ်အနေနဲ့ ပြင်ဆင်ပြီး မှန်ကန်တဲ့ တရားစီရင်ရေး ဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်း CPJ နိုင်ငံတကာ သတင်းသမားများ ကာကွယ်စောင့်ရှောက်အရေးအဖွဲ့ကြီးက ဗွီအိုအေကို ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

ဗြိတိသျှကိုလိုနီလက်ထက်ကတည်းက ချမှတ်ထားတဲ့ အစိုးရလျှို့ဝှက်ချက် ဥပဒေနဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးနှစ်ဦးကို ၂၀၁၈ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့က ရန်ကုန် ခရိုင်တရားရုံးကနေ ထောင်ဒဏ် (၇)နှစ်စီချမှတ်ခဲ့တာပါ။ ဒီစီရင်ချက်နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းတရားရုံးမှာ ရိုက်တာသတင်းထောက်နှစ်ဦးက အယူခံတင်သွင်းခဲ့ပြီး ဇန်နဝါရီလမှာ တရားရုံးက အဲဒီအယူခံကို ပယ်ချခဲ့ပါတယ်။

အခုနောက်ဆုံးအဆင့် အယူခံကို နိုင်ငံတော်တရားရုံးချုပ်ကို တင်သွင်းခဲ့ပြီးနောက် ဒီကနေ့ အင်္ဂါနေ့ နေပြည်တော်မှာ သူတို့နှစ်ဦးအမှုကို လက်ခံကြားနာမှာဖြစ်ပါတယ်။ ရိုက်တာသတင်းထောက်တွေအနေနဲ့ ဥပဒေကြောင်းအရ ပြစ်မှုကျူးလွန်ခြင်းမရှိပဲ အောက်တရားရုံးတွေက စီရင်ချက်အမှားတွေကို ချမှတ်ထားတဲ့အတွက် အခု နိုင်ငံတော်တရားရုံးချုပ်အနေနဲ့ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ပြင်ဆင်ဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်း နယူးရောက်အခြေစိုက် CPJ သတင်းသမားများကာကွယ်စောင့်ရှောက်ရေး အဖွဲ့ရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး Steve Butler က ဗွီအိုအေကို အခုလို ပြောပါတယ်။

“သူတို့ကို စီရင်ချက်ချတဲ့နေရာမှာ ဥပဒေကြောင်းအရကို လွဲှမှားနေတာပါ။ ဒါကြောင့် နိုင်ငံတော်တရားရုံးချုပ်အနေနဲ့ အခွင့်အလမ်းရှိနေပါတယ်။ တရားလိုတွေဘက်က သက်သေထွက်ဆိုချက်တွေအပေါ်မှာလည်း ကျနော်တို့ အယုံအကြည်မရှိပါဘူး။ သူတို့ လွတ်မြောက်သင့်ပါတယ်။ သူတို့ရဲ့ ရှေ့နေတွေဘက်က အကျိုးသင့်အကြောင်းသင့် ပြန်ပြီးတင်ပြထားတာလည်းရှိပါတယ်။ နိုင်ငံတော် တရားရုံးချုပ် အနေနဲ့ သူတိုရဲ့ဆုံးဖြတ်ချက်တွေကို ပြန်ပြင်ပြီး မှန်ကန်တဲ့ တရားရေးစီရင်မှုဘက်ကနေ ရပ်တည်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်။”

ရိုက်တာသတင်းထောက်တွေရဲ့ အမှုမှာ အဓိက အရေးပါတဲ့ သက်သေတဦးဖြစ်သူ မကြာသေးခင်ကမှ ထောင်ဒဏ် တနှစ်ပြည့်လို့ လွတ်မြောက်လာတဲ့ ဒုရဲမှူးဟောင်းမိုးရန်နိုင်က သူ့ကို အမှုနဲ့ ပတ်သက်ပြီး လိမ်လည်ထွက်ဆိုဖို့ စီအိုင်ဒီ မြန်မာရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ညွန်ကြားခဲ့ကြောင်း မတ်လ (၉)ရက်နေ့က 7 Day သတင်းဂျာနယ်ရဲ့ Hero သူရဲကောင်းဆုကို လက်ခံရရှိချိန် အများပြည်သူရှေ့ စင်မြင်ပေါ်မှာ အခုလိုပြောသွားပါတယ်။

“တရားရုံးကို သက်သေမထုတ်ခင်မှာ ကျနော့်ကို အချုပ်ထဲမှာရှိတာပေါ့နော် ၊ အဲဒီအချုပ်ထဲမှာရှိတယ် မနက်ဖြန်သက်သေထွက်မယ် မှတ်မှတ်ရရ ၂၀ ရက်နေ့ အဲဒီနေ့က ဒါထွက်မယ့် ၁၉ ရက်နေ့မှာ ကျနော်တို့ စီအိုင်ဒီကအရာရှိတွေက ဘယ်လိုထွက်ပါဆိုပြီးတော့ လာပြီးတော့ သင်ကြားခံရတာပေါ့နော်။ သူတို့ရှေ့မှာတော့ ကျနော်တရားရုံးတွေ အများကြီး သက်သေထွက်ခဲ့ဖူးပါတယ် ကျနော်နားလည်ပါတယ် ဒီလောက်ပဲပြောလိုက်တာ။ ဒါပေမယ့် သူတို့ပြောတာတွေက ကျနော်တရားရုံးမှာ ထွက်ဆိုခဲ့တာနဲ့ ဆန့်ကျင်တဲ့ ဟာတွေကို ထွက်ခိုင်းတာပါ။”

အခုလို ဒုရဲမှူးဟောင်း မိုးရန်နိုင်က ရိုက်တာသတင်းထောက်တွေကို ရဲဘက်က အမှုဆင်ဖမ်းဆီးခဲ့တာဖြစ်ကြောင်း အမှန်အတိုင်းထွက်ဆိုချက်၊ အထက်အရာရှိတွေက စေခိုင်းလို့ လုပ်ရတယ်ဆိုတဲ့ ပြောဆိုချက်အမှန်တွေကို နိုင်ငံတော်တရားရုံးချုပ်အနေနဲ့ ကြားလိမ့်မယ်လို့ မျှော်လင့်ကြောင်း Steve Butler ကပြောပါတယ်။

“အစောပိုင်းကတည်းက သူရဲ့ ထွက်ဆိုချက်တွေဟာ အလွန်ပဲ ပြတ်သားရှင်းလင်းပါတယ်။ သတင်းထောက်နှစ်ယောက်ကို ထောက်ချောက်ဆင်ဖမ်းဆီးဖို့ သက်သေအချက်အလက်တွေကို ပြင်ဆင်ထားဖို့ အထက်အရာရှိတွေက ညွန်ကြားခဲ့ကြောင်း သူက ပြောခဲ့တာပါ။ ကျနော်တို့လည်း ဒါကိုလက်ခံပါတယ်။ နိုင်ငံတော် တရားရုံးချုပ်အနေနဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ပြောတာကို ကြားပါလိမ့်မယ်။ ဒါကြောင့်လည်း အမှန်တရားကို ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

အောက်တရားရုံးတွေကနေ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့အမှုကို ကိုင်တွယ် စီရင်ဆုံးဖြတ်ချက်တွေမှာ ဥပဒေကြောင်းအရ အငြင်းပွားစရာခိုင်ခိုင်မာမာရှိနေတဲ့အတွက် နိုင်ငံတော်တရားရုံးချုပ်အနေနဲ့ ဒါတွေကို သုံးသပ်ပြီး မှန်မှန်ကန်ကန်စီရင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ သတင်းထောက်တွေ ဖြစ်တဲ့အတွက် တယ်လီဖုန်းတွေထဲမှာ တွေ့တာတွေက တကယ့်လျှို့ဝှက်တဲ့အဆင့် ရှိသလား မရှိဘူးလားပေါ့ ၊ ဥပမာအားဖြင့် ပုပ်ရဟန်းမင်းကြီး ခရီးစဉ်ဆိုရင် သတင်းစာထဲမှာတောင်မှ ကြေညာထားတဲ့ဟာတွေဖြစ်တယ်လေ။ ဆိုတော့ အဲလိုမျိုး သတင်းထောက်တယောက်အနေနဲ့ ဒါ သတင်းအချက်အလက် ခိုင်မာဖို့အတွက် စုဆောင်းထားတဲ့ကိစ္စတွေ နောက်ပြီးတော့ AA နဲ့ ဆက်သွယ်တဲ့ ဖုန်းနံပတ်တွေတွေ့တယ်၊ ANC နဲ့ ဆက်သွယ်တဲ့ အရေးကြီးတဲ့ ဖုန်းနံပတ်တွေ၊ သတင်းထောက်ကတော့ သတင်းဖြစ်လာပြီဆိုရင် သတင်းခိုင်မာမှုရအောင် အချက်အလက်တွေစုဖို့အတွက်သူ့မှာ တယ်လီဖုန်းနံပတ်တွေ ရှိဖို့လိုတယ်။ ဒါတွေတွေ့ရုံနဲ့ ဒီအမှုမှာ သုံးသပ်ဆုံးဖြတ်ထားတဲ့အချက်အလက်တွေက မှားယွင်းနေတာတွေကို ထောက်ပြနိုင်မယ်ဆိုရင် တရားရုံးချုပ်ကနေပြီးတော့ ဒါတွေကို ထည့်သွင်းစဉ်းစားပြီးတော့ ဆောင်ရွက်ပေးမယ်လို့ ကျနော်ထင်ပါတယ်။”

ဒါအပြင် အမှုနဲ့ ပတ်သက်လို့ သက်သေအဖြစ်ထွက်ဆိုခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖိအားပေး အရေးယူအပြစ်ပေးခဲ့တာတွေရှိခဲ့တဲ့အပေါ်မှာ ရိုက်တာသတင်းထောက်တွေဘက်က အမှုနဲ့ ပတ်သက်လို့ အပြည့်အဝခုခံချေပခွင့်ရခဲ့သလားဆိုတဲ့ မေးခွန်းအပေါ်မှာ နိုင်ငံတော်တရားရုံးချုပ်ဘက်က ထည့်သွင်းစဉ်းစားသင့်ကြောင်း ဦးမင်းလွင်ဦးက ပြောပါတယ်။

၂၀၁၇ခုနှစ် သြဂုတ်လနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းရေး အတွင်း ရိုဟင်ဂျာ ၁၀ ဦး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်လို့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကနေ စုံစမ်းဖေါ်ထုတ် ရေးသားဖို့ ကြိုးစားနေချိန်မှာ ရဲတပ်ဖွဲ့ဘက်က သိရှိခဲ့ပြီး ၂၀၁၇ခုနှစ် ဒီဇင်ဘာလမှာ သူတို့နှစ်ဦးကို ရန်ကုန်မှာ အမှုဆင်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦး စုံစမ်းရေးသားထားတဲ့သတင်းကိုတော့ ရိုက်တာသတင်းဌာနကနေ ၂၀၁၈ခုနှစ် ဖေဖေါ်ဝါရီလ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

သူတို့နှစ်ဦးကို သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် ဖိအားပေးတောင်းဆိုနေပေမယ့် သူတို့ရဲ့ အမှုကို တရားရုံးဘက်က ကိုင်တွယ်နေတဲ့အတွက် ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောဆိုထားပါတယ်။

AP, Reuters, Fobes နဲ့ Time အပါအဝင် နာမည်ကြီး သတင်းဌာနတွေ စုပေါင်းပြီး မကြာသေးခင်ကထူထောင်ခဲ့တဲ့ One Free Press Coalition ဆိုတဲ့ သတင်း လွတ်လပ်ခွင့် ညွန့်ပေါင်းအဖွဲ့ရဲ့ မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်တဲ့ ကမ္ဘာပေါ်မှာ အဖိနှိပ်ခံ အရေးကြီး သတင်းသမား ၁၀ ဦး ရဲ့ အမည်စာရင်းမှာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အမည်တွေကို ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG