သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားကို အလုပ်သမားစေလွှတ်မှု ခေတ္တရပ်ဆိုင်းမည်


မလေးရှားကို အလုပ်သမားစေလွှတ်မှု ခေတ္တရပ်ဆိုင်းမည့် အကြောင်း အစိုးရထုတ်ပြန်ချက်။
မလေးရှားကို အလုပ်သမားစေလွှတ်မှု ခေတ္တရပ်ဆိုင်းမည့် အကြောင်း အစိုးရထုတ်ပြန်ချက်။

မလေးရှားနိုင်ငံကို မြန်မာအလုပ်သမားတွေ စေလွှတ်တာတွေကို ဒီဇင်ဘာ ၆ ကစလို့ ခေတ္တရပ်ဆိုင်းမယ်လို့ မြန်မာအစိုးရ အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင်ဝန်ဆောင်လုပ်ငန်းရှင်တွေကို မနေ့က အသိပေးကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ မလေးရှားနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေကြောင့်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်သမားစေလွှတ်မှုကို ခေတ္တရပ်ဆိုင်းလိုက်တာ၊ မလေးရှားနိုင်ငံ မြန်မာသံရုံး ဘက်ကလည်း အလုပ်သမားတွေကို သတိပေးနိုးဆော်စာ ထုတ်ပြန်ထားတာတွေဟာ လက်ရှိ အလုပ်အကိုင်နေကြဆဲ သိန်းချီတဲ့ မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ဘယ်လိုဂယက်ရိုက်မှုတွေရှိနိုင်သလဲ ဆိုတဲ့ အမြင်သုံးသပ်ချက်ကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

မလေးရှားကို သွားရောက်အလုပ်လုပ်ကိုင်လိုတဲ့ မြန်မာအလုပ်သမားတွေကို စေလွှတ်တဲ့ လုပ်ငန်းစဉ်ကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၆ရက်နေ့ကစပြီး ခေတ္တရပ်ဆိုင်းဖို့ အလုပ်သမားတွေကို မလေးရှားကို တာဝန်ယူစေလွှတ်ပေးနေတဲ့ မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် နဲ့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ အားလုံးကို မြန်မာအစိုးရ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး ၊ ပြည်သူ့အင်အားဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်အမိန့်ပေးလိုက်တာဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေများကြောင့် ခေတ္တရပ်ဆိုင်းတာဖြစ်တယ်လို့ ဆိုထားပြီး ခွင့်ပြုမိန့်ရထားပြီးသား အလုပ်သမားတွေကို စေလွှတ်လိုတယ် ဆိုရင် အဲ့ဒီ့အလုပ်သမား မလေးရှားရောက်ပြီးလို့ ပြသနာ တစုံတရာပေါ်ပေါက်လာခဲ့မယ်ဆိုရင် သက်ဆိုင်ရာအေဂျင်စီရဲ့ကျခံမှုနဲ့ မြန်မာနိုင်ငံကို အမြန်ဆုံးပြန်လည်ခေါ်ယူရမှာဖြစ်ကြောင်းနဲ့ တကယ်လို့ မဆောင်ရွက်ခဲ့ရင် လိုင်စင်ရုပ်သိမ်းသည်အထိ အရေးယူခံရမယ်ဆိုတာ သိရှိကြောင်း့ ကတိခံဝန်ချက် လက်မှတ်ရေးထိုးပြီးမှ အလုပ်သမားစေလွှတ်ခြင်းကို ခွင့်ပြုမယ်လို့ အလုပ်သမား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ကြေညာချက် ထုတ်ထားတာပါ။ဒီကြေညာချက်နဲ့ပတ်သက်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူအခြေစိုက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိကိုလည်း အသိပေးပြောဆိုထားပြီးဖြစ်ပါတယ်။

ဒီထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်ပြီး မလေးရှားကို စေလွှတ်မယ့် မြန်မာအလုပ်သမားတွေအတွက်ရော မလေးရှားနိုင်ငံထဲ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအတွက် လုံခြုံရေးဆိုင်ရာ ဂယက်ရိုက်ခတ်မှုတွေရှိနိုင်ပါသလဲဆိုတာကိုတော့- အမေရိကန်ပြည်ထောင်စု Arizona ပြည်နယ်ရောက်မလေးရှားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးခဲ့တဲ့ မြန်မာနိုင်ငံဒုက္ခသည်များ အစည်းအရုံး ဥက္ကဋ္ဌဟောင်း ဦးမောင်လှကို ဆက်သွယ်မေးမြန်းတဲ့အခါ -သူက မြန်မာအစိုးရအနေနဲ့ နိုင်ငံသားတွေအတွက် အန္တရာယ်သိပ်များတဲ့ အခြေအနေမှာ အလုပ်သမားတွေကို စေလွှတ်မှုကို လုံးဝရပ်ဆိုင်းပစ်မယ်ဆိုတဲ့ ယတိပြတ်သဘောထားကို ခိုင်ခိုင်မာမာ ချမှတ်သင့်တယ်လို့ ဖြေပါတယ်။

အမေရိကန်ပြည်ထောင်စု Arizona ပြည်နယ်ရောက်ရှိနေတဲ့မလေးရှားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးခဲ့တဲ့ မြန်မာနိုင်ငံဒုက္ခသည်များ အစည်းအရုံး ဥက္ကဋ္ဌဟောင်း ဦးမောင်လှကို ဆက်သွယ်မေးမြန်းခဲ့တဲ့အသံဖိုင်အပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

အလားတူပဲ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း မလေးရှားရောက်မြန်မာနိုင်ငံသားတွေနဲ့ အလုပ်သမားတွေကို သတိပေးနိုးဆော်စာလည်း ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ် မောင်တောအရေး ဆန့်ကျင်ဆန္ဒပြမှုတွေ ရှိနေတဲ့အတွက် မလိုလားအပ်တဲ့ကိစ္စရပ်တွေ မဖြစ်ပေါ်စေရေး အထူးဂရုပြုသွားလာကြဖို့ နိုးဆော်တိုက်တွန်းထားတာဖြစ်ပါတယ်။အခုလို မလေးရှားနိုင်ငံတွင်း ရခိုင်ပြည်နယ် မောင်တောအရေး မလေးရှားဝန်ကြီးချုပ်ကိုုယ်တိုင် ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့တဲ့အပြင် သံရုံးရှေ့မှာလည်း ဆန္ဒပြမှုတွေ ရှိနေတဲ့အတွက် မလေးရှားနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေရတဲ့ သိန်းချီတဲ့မြန်မာအလုပ်သမားတွေကြားထဲ လုံခြုံရေး စိုးရိမ်မှုတွေမြင့်မားနေချိန်လည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG