သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၂ တောင်ကုတ် လူသတ်မှု မသင်္ကာသူ ၆ ယောက်ဖမ်းဆီး


ပြီးခဲ့တဲ့နှစ် ၂၀၁၂ ဇွန်လတုန်းက ရခိုင်ပြည်နယ် တောင်ကုတ်မြို့ မှာ
အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေ ပါဝင်တဲ့ လူ ၁၀ ယောက် သတ်ခံရမှုမှာ သံသယရှိသူ ၆ ယောက်ကို သက်ဆိုင်ရာကနေ မနေ့တုန်းက ဖမ်းဆီး လိုက်ပါတယ်၊ မှုခင်းဖြစ်ပြီး ၁ နှစ်လောက်ကြာ မှ မသင်္ကာသူတွေကို အာဏာပိုင်တွေ က ဖမ်းဆီးခဲ့တာလဲဖြစ်ပါတယ်၊ အဖမ်းခံရ တဲ့ မသင်္ကာသူ ၆ ယောက်လုံးဟာ တောင်ကုတ်မြို့မှာ နေထိုင်ကြသူတွေဖြစ်ပါတယ်၊ ဒီအကြောင်း အပြည့်အစုံကို စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းတင်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ်လောက်တုန်းက တောင်ကုတ်မြို့ကိုလာတဲ့ကာတစီးပေါ်က လူ ၁၀ယောက် အသတ်ခံရမှုနဲ့ ပါတ်သက်လို့ တောင်ကုတ်မြို့က လူ ၆ ယောက်ကို ဇူလိုင် လ ၁၇ ရက် ဗုဒ္ဓဟူးနေ့တုန်းက ဖမ်းဆီးခဲ့ပါတယ်၊ အဲဒီမသင်္ကာသူတွေကို ဒီနေ့မနက်မှာတော့ သံတွဲထောင်ကိုခေါ်လာပြီး ဖမ်းဆီးထားကြောင်း သံတွဲခရိုင်
သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ဝင် ဦးဝင်းနိုင်ကပြောပါတယ်။

"ဒီကရဲတွေက ညက ဆယ်နာရီလောက်မှာ သံတွဲကနေ ထွက်သွားတယ်ပေါ့။ သံတွဲက ထွက်သွားပြီး တောင်ကုတ်မှာ ပြီးခဲ့တဲ့ ညက ဖမ်းတယ်ပေါ့လေ။ မိုးမလင်းခင်မှာပဲ လူခြောက်ယောက်ဖမ်းထားတယ်ပေါ့။ ခုနှစ်ယောက်မှာ တစ်ယောက် မမိခဲ့ဘူး။ တစ်ယောက်ကတော့ ဝင်းနိုင်ခေါ် မောင်ပုတဲ့။ အဘဦးထွန်းရီ၊ ပိတောက်ဝါလမ်း၊ ကံနိုင်ရပ်ကွက်ပေါ့။ နောက်တစ်ယောက် ကတော့ ကိုလေးမောင်ခေါ် ထွန်းနိုင်တဲ့၊ သူက အေးရိပ်ငြိမ်ကားဝင်းမှာနေတယ်။
နောက် ကိုသန်းကျော်တဲ့။ အဘက ဦးကျော်ဖီး ကံနိုင်ရပ်ကွက် ခိုင်မာလာလမ်းမှာနေတယ်။ ပေါက်စီခေါ် မင်းသိုက်ထွန်း၊ အဘ ဦးထွန်းမြင့်၊ ခိုင်မာလာလမ်း ကံနိုင်ရပ်ကွက်ပဲ။ နောက် ထွန်းဝင်းခေါ် ဘကြီးတဲ့၊ အဘဦးဝင်းထိန် ကံနိုင်ရပ်ကွက်ပဲ။ ရွှေမောင်၊ အဘဦးထွန်းအောင်ကျော်ပေါ့။ ဘူတာရပ်ကွက်ဆိုပြီး အဲ့ဒီ့ခြောက်ယောက်ကို ဖမ်းမိလာတယ်ပေါ့ ဒါမနှစ်က လူဆယ်ဦးသတ်တဲ့အမှုနဲ့ လူခြောက်ဦးပေါ့။ အခုသူတို့ သံတွဲထောင်မှာပါ။ "

၂၀၁၂ ခုနှစ် ဇွန် လ ၃ရက်နေ့တုန်းက အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ ပါဝင်တဲ့ လူ ၁၀ ယောက် အသတ်ခံရမှုနောက်ဆက်တွဲ အဖြစ်နဲ့ ရခိုင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ အကြမ်းဖက် ပဋိပက္ခတွေစတင်ဖြစ်ပွားခဲ့တာပါ၊

ပြီးခဲ့တဲ့ ဇွန် လ ၃၀ ရက်နေ့တုန်းကလဲ အမျိုးသမီးငယ်တယောက်ကို
အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့ သတင်းကြောင့် လူ ၃၀ လောက် မြို့နယ်ရဲစခန်းကို
ဝိုင်းပြီး တရားခံကိုထုတ်ပေးဖို့တောင်းဆိုခဲ့သလို အစ္စလာမ်ဘာသာဝင်တွေရဲ့
အိမ်တချို့မီးရှို့ခံရ၊ အိမ်တချို့လည်းဖျက်ဆီးခံခဲ့ရပါတယ်။ ဒီ့အတွက် သံတွဲမြို့မှာ ပုဒ်မ ၁၄၄ထုတ်ပြန်ခဲ့ရပါတယ်။ မီးရှို့မှုမှာ ပါဝင်တယ်လို့ သံသယရှိသူတွေကို ဖမ်းဆီးထားတဲ့ အကြောင်းနဲ့ မငြိမ်မသက်မှုတွေရှိနေသေး တဲ့ သံတွဲမြို့အကြောင်း ကို သံတွဲခရိုင် သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ဝင် ဦးဝင်းနိုင်က ခုလို ဆက် ပြောပြပါတယ်၊

"အဲ့ဒီ့အထဲမှာပထမ လေးဦးဖမ်းတယ်။ နောက်တစ်ဦး။ ငါးဦးဖမ်းထားတယ်။ ငါးဦးဖမ်းထားတယ်ပဲ ကျနော်တို့ သိတယ်ပေါ့လေ ။ နောက်ထပ် တရားခံတွေ ကတော့ သူတို့ဘာသာသူတို့ဖော်ထုတ်ရမှာပေါ့။ နည်းနည်းလေး လှုပ်လှုပ်ရှိ တယ်ပေါ့။ လှုပ်လှုပ် လှုပ်လှုပ်ဆိုတာက နယ်ဆိုပေမဲ့ နယ်တိုင်းတော့ မဟုတ်ဘူး အစ္စလာမ်ရှိတဲ့ရွာတွေပေါ့။ နည်းနည်းလေး လှုံ့ဆော်မှုလေးတွေရှိတယ်ဆိုပြီး မနက်ကပဲ ကျနော့်ကို သတင်းပေးပါတယ်။ "


ရခိုပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် June လဆန်းမှာ စတင်ခဲ့တဲ့
ပဋိပက္ခတွေကြောင့် လူဦးရေ သောင်းနဲ့ချီပြိး အိုးအိမ်မဲ့ ဒုက္ခသည်တွေဖြစ်ခဲ့ရပြီး မတူညီတဲ့ လူမှုအသိုင်းအဝိုင်းတွေကြား တဖက်နဲ့ တဖက် ယုံကြည်မှုတွေ နည်းပါးနေကြတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။
XS
SM
MD
LG