မြန်မာနိုင်ငံတွင်း စစ်အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ စီးပွားရေး လုပ်ငန်းတွေကို အခွန်အတုပ် ကင်းလွတ်ခွင့်တွေ ပေးနေတာကြောင့် လက်ရှိ အခွန်အတုပ် ကောက်ခံမှု စနစ်မှာ မမျှမတ ဖြစ်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တခုရဲ့ လေ့လာချက် တရပ်မှာ ဖော်ပြပါတယ်။ ဒီလို အခြေအနေမျိုးကြောင့် အစိုးရဘဏ္ဍာငွေ အားနည်းပြီး ငွေစက္ကူတွေကို အကန့်အသတ်မဲ့ ရိုက်ထုတ်ရာကနေ အောက်ခြေလူထုမှာ စီးပွားရေး အကျပ်အတည်းတွေ ပိုကြုံနေရတယ်လို့ မြန်မာ့စီးပွားရေး လေ့လာသူ တဦးကလည်း ထောက်ပြပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး မှတ်တမ်းကွန်ယက်ရဲ့ ဗိုက်မှောက်နေရတဲ့ ဘဝများ ဆိုတဲ့ အစီရင်ခံစာထဲမှာ စစ်ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေဟာ အခွန်ကင်းလွတ်ခွင့်တွေ ရနေပေမဲ့ အောက်ခြေ လူထုမှာတော့ မတရား အခွန်ကောက်ခံမှုတွေ၊ ခြစားမှုတွေကြောင့် ဒုက္ခ ပိုရောက်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံတွင်း ဖြစ်နေတဲ့ အခွန်စနစ်ရဲ့ အားနည်းချက်တွေနဲ့ ခြစားမှု အခြေအနေတွေကို ရေးသားဖော်ပြပါတယ်။
မြန်မာနိုင်ငံ စီမံဘဏ္ဍာဌာနမှာ အရာရှိတဦးအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ မြန်မာ့စီးပွားရေး လေ့လာသူ ဦးစိန်ဌေးကတော့ အရင် မဆလခေတ်ကတည်းက အလားတူ အခြေအနေမျိုး ကြုံပေမဲ့ အခု နအဖ စစ်အစိုးရ လက်ထက်မှာ စီးပွားရေးသမားတွေကို အခွန်ကင်းလွတ်ခွင့် ပေးတာတွေ ပိုများပြီး ပိုဆိုးလာတယ်လို့ ပြောပါတယ်။
“စစ်အစိုးရရဲ့ ခေတ်ကျတော့ ပိုများလာတယ်။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီတွေနဲ့ ပတ်သက်တာတွေ၊ အထူးသဖြင့် ဦးပိုင်လီမိတက်ဆိုရင် Tax တွေကို Exemption ပေးတာတွေ ရှိတယ်။ အဲဒါမျိုးအထိ ရှိလာတော့ အခွန်အကောက်က မြန်မာပြည်မှာ ဖွံ့ဖြိုးပြီး နိုင်ငံတွေလို တိတိကျကျ ကောက်တာမဟုတ်ဘူး။ အဲဒါကြောင့်လည်း အခွန်အကောက်ရငွေ နည်းလို့ လိုအပ်တဲ့ဝင်ငွေ တိုင်းပြည် ဘတ်ဂျက်မှာဆို ပိုက်ဆံတွေ ထုတ်ထုတ်သုံးနေတာ၊ ရိုက်ရိုက်ပြီး သုံးနေတာကြောင့် ဈေးနှုန်းတွေ တက်တာပေါ့။”
နောက်တခုက မြန်မာနိုင်ငံမှာ အခွန်နဲ့ပတ်သက်လို့ လူတွေ တော်တော်များများ ညည်းကြတယ်။ တကယ်တမ်း တခြားနိုင်ငံတွေမှာဆိုရင် အခွန်အတုပ်ကို ပုံမှန်ပေးရတော့ မြန်မာနိုင်ငံမှာ အခွန်နဲ့ ပတ်သက်တဲ့ ဗဟုသုတ၊ နားလည်မှုရော လွဲနေတဲ့သဘော ဖြစ်မနေဘူးလား။
“လွဲနေတာပေါ့ဗျာ၊ ဒါက လူတွေလွဲတယ်ဆိုပေမဲ့ လူတွေ အပြစ်မရှိဘူး။ အစိုးရက အခွန်အကောက် သေသေချာချာကောက်ပြီး လူတွေအတွက် ပြန်လုပ်ပေးတာ မရှိဘူး။ အဲတော့ လူတွေက အခွန်ကို ကြောက်တာပေါ့။ ဒီနိုင်ငံမှာဆို အခွန်အကောက်ကို ကောက်လိုက်တယ်၊ ကောက်ပြီးရင် လူထုအတွက် ပြန်ပြီး လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်လက်မဲ့ကြေးက အစ အကုန်လုံး တာဝန်ယူတယ်။ ရတဲ့ငွေကိုလည်း သေသေချာချာ စနစ်တကျ ပြန်သုံးပေးတယ်။ အဲတော့ လိုလိုလားလား ပေးချင်တာပေါ့၊ ပေးကြတာပေါ့။”
တခြားတခုက အပစ်ရပ် အဖွဲ့အစည်းတွေ ဘာတွေက ကောက်နေတဲ့ အခွန်မျိုးတွေ ရှိတယ်။ အဲဒါတွေက နည်းနည်း ရှုပ်ထွေးနေမှု မရှိဘူးလား၊ မြန်မာနိုင်ငံမှာ။
“အဲဒါက တကယ်တမ်းပြောရင် နိုင်ငံတော်ဆိုရင် မြန်မာနိုင်ငံမှာ အစိုးရ တရပ်ပဲ ရှိတာမလား။ ဆိုတော့ ဒီအစိုးရနဲ့ပဲ ဆိုင်တာပေါ့။ အဲဒါကို သူတို့အုပ်စိုးသူက နားလည်မှုနဲ့ သူ့သက်ဆိုင်ရာ ဒေသတွေမှာ အခွန်အကောက်တွေကို လုပ်ခွင့်ပေးထားတာ။ အဲဒါကိုက မဟုတ်ဘူးလေ။ အမေရိကန် ပြည်ထောင်စုဆို ပြည်နယ် ၅၀ ရှိတယ်။ ပြည်နယ် ၅၀ မှာ သူ့ပြည်နယ်အလိုက် ကောက်တာရှိတယ်။ ဒါပေမဲ့ အဲဒီအတွက် Federal ဆိုတာလည်း ရှိတယ်။
“ဟိုမှာ အဲဒီလိုမဟုတ်ဘူး။ သူတလူ၊ ငါတမင်း။ ဒါက အရင် မဆလ ခေတ်ကတည်းက ရှိခဲ့တယ်၊ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတွေမှာ ကိုယ့်ဘာသာ အခွန်ကောက်တာမျိုး။ ဒါ ပြောမယ်ဆိုရင်တော့ တရားမဝင်ပါပဲ။ အခုကတော့ တဘက်လှည့်နဲ့၊ နားလည်မှုနဲ့ အပစ်ရပ် အဖွဲ့တွေကို သူတို့သက်ဆိုင်ရာ နယ်မြေတွေမှာ အခွန်ကောက်ခွင့်ပေးတာ တကယ်တော့ ဒါ သဘာ၀ သိပ်တော့မကျဘူးဗျ။ တကယ်က သေချာ စနစ်တကျ လုပ်ရမှာ။ အဲဒါ နိုင်ငံတော်ဘဏ္ဍာ ဝင်တာလည်း မဟုတ်ဘူး။”
အခွန်အတုပ်တွေနဲ့ ပတ်သက်ပြီး အစိုးရ အနေနဲ့ တရားဝင် ထုတ်ပြန်ပေးတာမျိုးရော ရှိလား။ လူထုကို တနှစ်တနှစ် အခွန် ဘယ်လောက်ရတယ်၊ ဒီအခွန်တွေကို ဘယ်လိုပြန်သုံးလဲဆိုတာ။
“ရှိပါတယ်။ ဥပဒေအရတော့ ရှိတာပေါ့။ ဒါပေမဲ့ စစ်အစိုးရက သိတဲ့အတိုင်း ပိုက်ဆံဘယ်လောက်ထုတ်လို့ ဘယ်လောက် ရိုက်မှန်းလဲ မသိဘူး။ သူလုပ်ချင်သလို လုပ်နေတာ။ ပြန်ပြီး ပြည်သူလူထုကို အသိပညာ ပေးတာတွေ ဘာတွေ နည်းပါတယ်။ ရှိတော့ ရှိတာပေါ့လေ။ ရိုးရိုးတန်းတန်း Statement ထုတ်တာတို့၊ အခွန်နှုန်း မြှင့်တာတို့၊ ဒါမျိုးတော့ ရှိတာပေါ့။
“မြန်မာပြည်ရဲ့ အခွန်အကောက် စနစ်ကတော့ အင်္ဂလိပ်က ချလိုက်တဲ့ ဥပဒေတွေပဲ။ On Paper မှာတော့ ကောင်းတာပေါ့။ နောက်ပိုင်းတော့ တဖြည်းဖြည်းနဲ့ ပျက်လာတာ။ အခွန်အကောက်က အဆင်ပြေသလိုလုပ်၊ အခွန်ကို ကြိုက်သလိုရှောင်၊ ဒါမျိုးတွေ လုပ်နေတာ များပြီ။ အခု ပိုဆိုးတာပေါ့၊ နအဖခေတ် ရောက်တဲ့အခါကြတော့။ နောက်ပိုင်း ကန်ထရိုက်တွေပေး၊ ပေးပြီးမှ မင်း ဒီလမ်းကို ဖောက်ကွာ၊ ဖောက်ပြီးမှ သူ့ကို အခွန်ကောက်ခွင့် ပေးလိုက်တယ်။ လော်စစ်ဟန်သားဆို လားရှိုးလိုင်း၊ ဒါမျိုးတွေပေါ့။ အဲဒါတွေက သိပ် သဘာ၀ မကျဘူး။ အဲဒါကြောင့် မြန်မာပြည်ရဲ့ စနစ်ကတော့ ပျက်နေတာပေါ့။”
မြန်မာ့စီးပွားရေး လေ့လာသူ ဦးစိန်ဌေး ပြောပြသွားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်းမှာ ဟိုးအရင် တပါတီခေတ်ကတည်းက အစိုးရ ဘဏ္ဍာရေး အသုံးစရိတ်တွေ၊ အခွန်အသုံးစရိတ်တွေ စသဖြင့် နိုင်ငံတော် ဘဏ္ဍာရေးနဲ့ ပတ်သက်လို့ လူထုကို အသေအချာ ရှင်းလင်း ချပြတာမျိုး၊ ဒါနဲ့ပတ်သက်လို့ လူထုကို အသိပေး ဆွေးနွေးတာမျိုး မရှိပါဘူး။ အခုလည်း ရွေးကောက်ပွဲတရပ် ကျင်းပပေးပြီး တက်လာမယ့် အစိုးရကို အာဏာလွဲှပေးမယ်လို့ လက်ရှိ စစ်အစိုးရက ပြောနေပေမဲ့ နှစ် ၂၀ ကျော် သူတို့ တာဝန်ယူခဲ့တဲ့ ကာလအတွင်း အခွန်ဘဏ္ဍာငွေ ဘယ်လောက်ရတယ်၊ ဘယ်လိုသုံးစွဲတယ် ဆိုတာတွေကို အခုအချိန်အထိ အများပြည်သူကို ရှင်းလင်းပြောကြားတာတွေ မရှိသေးပါဘူး။