မြန်မာနိုင်ငံမှာ နောက်ဆုံးကောက်ယူ ရရှိထားတဲ့ စစ်တမ်းတွေအရ တီဘီရောဂါပိုး ရှိနေသူပေါင်း ၃၀၀,၀၀၀ ရှိနေပြီး အဲဒီထဲက ၃၀% ကျော်ကို စစ်ဆေးဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေတယ်လို့ ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ တီဘီရောဂါ တိုက်ဖျက်ရေးနေ့မှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ တီဘီရောဂါ ကူးစက်ပျံ့နှံ့မှု အများဆုံး ၂၂ နိုင်ငံထဲမှာလည်း ပါဝင်နေတာပါ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အပြည့်အစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံတွင်း တီဘီ အဆုတ်ရောဂါပိုးရှိသူ အားလုံးရဲ့ ၃၀% ကျော်ကို စစ်ဆေးဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေတယ်လို့ ဒီကနေ့ ကမ္ဘာ့ တီဘီရောဂါ တိုက်ဖျက်ရေးနေ့မှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံက လူဦးရေ ၅၃ သန်းအနက် ၃၀၀,၀၀၀ လောက်မှာ တီဘီရောဂါပိုး ရှိနေတယ်လို့ ခန့်မှန်းရတာကြောင့် လူ ၁,၀၀၀ မှာ ၆ ယောက်နှုန်း ဖြစ်နေတာပါ။ တီဘီရောဂါဟာ လေကနေတဆင့် လွယ်လွယ်ကူကူ ကူးစက်နိုင်ပြီး ရောဂါပိုးရှိတဲ့သူ တယောက်ကနေ အနည်းဆုံး ၁၅ ယောက်အထိ အလွယ်တကူ ကူးစက်နိုင်တာကြောင့် ၁,၀၀၀ မှာ ၆ ယောက်နှုန်းဆိုတာ အတော်လေးများတယ်လို့ WHO က ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ တီဘီရောဂါပိုးရှိသူ အားလုံးရဲ့ ၆၄% ကိုပဲ ရောဂါပိုး ရှိမရှိ စစ်ဆေးနိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ၃၀% ကျော်ကိုတော့ စစ်ဆေးဖော်ထုတ်ဖို့ လက်လှမ်းမမီဘဲ ဖြစ်နေတာပါ။ ဒီအချက်အလက်တွေကို ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်အတွင်း ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ သိရှိရတာလို့ ရန်ကုန်အခြေစိုက် WHO ရုံးက တီဘီရောဂါရေးရာ ကျွမ်းကျွင်သူ အီဗာ နေသန်စန် (Eva Nathanson) က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
“၂၀၀၉ နဲ့ ၂၀၁၀ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်း တီဘီရောဂါ ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ တီဘီတိုက်ဖျက်ရေးဌာန၊ နိုင်ငံတကာ အဖွဲ့တွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း စစ်တမ်းကောက်ယူခဲ့ပါတယ်။ ကနဦး တွေ့ရှိချက်တွေက တီဘီရောဂါသည်တွေ အတော်လေး များနေတာကို တွေ့ရပါတယ်။ မြို့ပြနဲ့ ကျေးရွာ ဒေသပေါင်း ၇၀ က လူပေါင်း ၅၀,၀၀၀ ကြားမှာ စစ်တမ်းကောက်ခံခဲ့တာမှာ မြန်မာနိုင်ငံ လူဦးရေ ၅၃ သန်းအနက် ၃၀၀,၀၀၀ မှာ တီဘီရောဂါ ရှိနေပါတယ်။”
မြန်မာနိုင်ငံမှာရှိတဲ့ ၃၀၀,၀၀၀ သော တီဘီရောဂါပိုး ရှိသူတွေထဲက အများစုကလည်း ဆေးကုသမှုကို ကောင်းကောင်း မခံယူကြဘူးလို့ ပြောပါတယ်။ ကုသမှု ခံယူတဲ့သူ တချို့ကျပြန်တော့ နေနည်းနည်းပြန်ကောင်းလာပြီ ဆိုတာနဲ့ ဆေးကို ကုန်တဲ့အထိ မသောက်တော့တာကြောင့် ဆေးတမျိုးပြီးတမျိုး စားလည်း ဆေးမတိုးတော့ဘဲ ရောဂါက အင်မတန် ကုရခက်တဲ့ အခြေအနေကို ရောက်သွားတယ်လို့ ဆိုပါတယ်။ ဒီလို တီဘီရောဂါ ကာကွယ် တိုက်ဖျက်ရေးအတွက် လိုအပ်တာတွေကို WHO က အစိုးရ ကျန်းမာရေးဌာနနဲ့ ပူးပေါင်း ကြိုးစားသွားမယ်လို့လည်း မစ်စ် အီဗာ နေသန်စန်က ပြောပါတယ်။
“အခုနောက်ဆုံး ကောက်ခံရရှိတဲ့ စစ်တမ်းက စုဆောင်းရရှိထားတဲ့ အချက်အလက်သစ်တွေနဲ့ ရှေ့ဆက် ဘယ်လို နည်းဗျူဟာတွေ ချမှတ်ဆောင်ရွက်ရမယ် ဆိုတာ ပိုပြီး ရှင်းရှင်းလင်းလင်း သိထားပါတယ်။”
တကယ်တော့ ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံမှာ တီဘီရောဂါပိုးတွေ ရှိကြတယ်လို့ WHO က ဆိုပါတယ်။ အဲဒီထဲက ၁၀% ဟာ သူတို့ရဲ့သက်တမ်း တချိန်ချိန်မှာ တီဘီရောဂါ ထလာတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ခံအားကောင်းပြီး အာဟာရ မျှတမယ်၊ ကျန်းမာမယ်ဆိုရင် မိမိခန္ဓာကိုယ်ထဲမှာ တီဘီရောဂါပိုး ရှိရင်တောင် တီဘီရောဂါသည် ဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုယ်ခံအားမကောင်း၊ မကျန်းမာလို့ တီဘီရောဂါ ထလာတယ်ထားဦး၊ စနစ်တကျ ကုသမှု ခံယူမယ်ဆိုရင် ဒီရောဂါဟာ လုံး၀ ပျောက်ကင်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လူတိုင်းလူတိုင်း ရက်ရှည်ကြာ ချောင်းဆိုးလာပြီး ဖျားလာပြီဆိုရင် စစ်ဆေးကုသမှု ခံယူဖို့ အရေးကြီးတယ်လို့ မစ်စ် အီဗာ နေသန်စန်က ဆိုပါတယ်။
“တီဘီဟာ လုံး၀ ပျောက်ကင်းအောင် ကုသနိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ တီဘီရောဂါပိုး ရှိသူတွေ အနေနဲ့ ရောဂါကုသမှုကို အစောဆုံး ခံယူသင့်ပါတယ်။ မြန်မာနိုင်ငံမှာ တီဘီဆေးဝါးတွေ၊ စစ်ဆေးတာတွေကို အစိုးရ ဒေသန္တရ ဆေးခန်းတွေက အခမဲ့ ဆောင်ရွက်ပေးနေပါတယ်။ လူမှု အသိုင်းအဝိုင်းတွေ အနေနဲ့လည်း တီဘီရောဂါ အကြောင်းကို သိရှိပြီး ဝိုင်းဝန်းကာကွယ်ဖို့ လိုပါတယ်။”
အခုနောက်ဆုံး ကောက်ယူထားတဲ့ စစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ တီဘီရောဂါဟာ အမျိုးသားတွေနဲ့ လူနေထူထပ်တဲ့ မြို့ပြဒေသတွေမှာ နေထိုင်ကြသူတွေ ကြားမှာ အဖြစ်များတယ်လို့ ဆိုပါတယ်။ တိုင်းတွေထက် ပြည်နယ်တွေမှာလည်း အဖြစ်များတယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်မှာ တီဘီရောဂါကြောင့် နှစ်စဉ် လူ ၁,၀၇၀,၀၀၀ လောက် သေဆုံးနေကြရတာပါ။ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် အတွင်းမှာ တီဘီရောဂါပိုး ထပ်ပြီး ကူးစက်ခံရသူ ၉,၀၀၀,၀၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီထဲက ၅၅% ဟာ အာရှနိုင်ငံတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့နှစ်အတွင်း တီဘီရောဂါကြောင့် သေဆုံးသူပေါင်း ၂၉,၀၀၀ လောက် ရှိတယ်လို့ WHO ရဲ့ အင်တာနက် ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ တီဘီရောဂါ ကူးစက်ပျံ့နှံ့မှု အများဆုံး ၂၂ နိုင်ငံထဲမှာလည်း အပါအဝင် ဖြစ်ပါတယ်။