သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံနဲ့ နည်းပညာပွင့်လင်းမြင်သာမှု


နည်းပညာနဲ့ ပွင့်လင်းမြင်သာမှုကိုအဓိကထားတဲ့ TechCamp Myanmar 2016 သင်တန်း (သတင်းဓါတ်ပုံ- ကိုစည်သူ ရိုက်ကူးတင်ပြသည်)
နည်းပညာနဲ့ ပွင့်လင်းမြင်သာမှုကိုအဓိကထားတဲ့ TechCamp Myanmar 2016 သင်တန်း (သတင်းဓါတ်ပုံ- ကိုစည်သူ ရိုက်ကူးတင်ပြသည်)

မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကာလမှာ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိလာအောင် နည်းပညာအကူအညီနဲ့ တွန်းအားပေးနိုင်ဖို့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေက ကြိုးစားနေကြပါတယ်။ လူမှုကွန်ယက်စာမျက်နှာတွေမှာ နည်းပညာကိုအကျိုးရှိအောင် အသုံးချဖို့၊ သတင်းအချက်အလက်တွေကို နည်းပညာအကူအညီနဲ့ အချိန်မှန်ဖြန့်ဝေနိုင်ဖို့ နယ်ပယ်အသီးသီးက ကျွမ်းကျင်နည်းပညာရှင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ရန်ကုန်မြို့မှာစုဝေးကြတာပါ။ နည်းပညာနဲ့ ပွင့်လင်းမြင်သာမှုကိုအဓိကထားတဲ့ TechCamp Myanmar 2016 အကြောင်း ကိုစည်သူ ပြောပြပေးမှာပါ။

နိုင်ငံရဲ့ပြောင်းလဲလာတာနဲ့အမျှ ပွင့်လင်းမြင်သာမှုရှိအတွက် နည်းပညာရဲ့အကူအညီကို နည်းစနစ်ကျကျ အသုံးချနိုင်ဖို့ ဖန်တီးရာအဖွဲ့နဲ့ အမေရိကန်သံရုံးတို့ရဲ့ အကူအညီနဲ့ နည်းပညာရှင်တွေက အရပ်ဖက်အဖွဲ့အစည်းတွေကို သင်တန်းပေးနေတာပါ။

TechCamp Myanmar လို့ခေါ်တဲ့ နည်းပညာအကူအညီပေးရေး သင်တန်းမှာ Facebook ကိုအကျိုးရှိအောင်သုံးဖို့၊ လှို့ဝှက်နံပါတ်တွေကို စနစ်တကျထားရှိဖို့၊ စုဆောင်းထားရှိတဲ့ သတင်းအချက်အလက်တွေကို လူထုအကြားမှာ မှန်မှန်နဲ့ မြန်မြန်ရောက်ရှိဖို့ လိုအပ်တဲ့ နည်းပညာအကူအညီတွေကို ထောက်ပံ့ပေးနိုင်ဖို့ သင်တန်းပေးဆွေးနွေးကြတာပါ။

TechCamp Myanmar ပြုလုပ်ဖြစ်ရတဲ့အကြောင်းကိုတော့ ဖန်တီးရာအဖွဲ့ရဲ့ Program Director တဦးဖြစ်တဲ့ ကိုမိုက်ကယ်က အခုလိုပြောပါတယ်။

“အဓိကတော့ ကျနော်တို့မြန်မာနိုင်ငံက အခု အစိုးရအသစ်တခုရောက်လာပြီပေါ့နော်။ ကျနော်တို့ နှစ်ပေါင်းများစွာ တောင့်တခဲ့တဲ့ ဒီမိုကရေစီဆိုတဲ့ဟာကို စပြီးတော့ မြင်လာပြီ။ ဒီမိုကရေစီ ဆိုတဲ့ဟာက ကျနော်တို့ magic လိုပေါ့။ ချက်ချင်းရတာမဟုတ်ဘူး။ ဒီမိုကရေစီဆိုတဲ့ဟာက ကျနော်တို့ လုပ်ပိုင်ခွင့်တွေရတာဖြစ်တယ်။ ဒီပွင့်လင်းလာတဲ့ ကျနော်တို့ အုပ်ချုပ်ရေးစနစ်မှာ ဒီနည်းပညာတွေ ပိုပြီး ပွင့်လင်းတိုးတက်အောင်လုပ်မယ်၊ ဒီနည်းပညာတွေသုံးပြီးမှ ကျနော်တို့ရဲ့ transparency ပေါ့နော် ပွင့်လင်းမြင်သာမှုအတွက် အားကောင်းအောင်လုပ်မယ်။ အစိုးရ ကိုလည်း ပြည်သူတွေကနေပြီးတော့မှ engage ပိုလုပ်နိုင်အောင်ပေါ့နော် အဲဒါကို လုပ်ချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ နောက်တခုကကျတော့ ဒီမှာလာတဲ့လူတွေက ကျနော်တို့ သီးသန့်ဖိတ်ထားတဲ့လူတွေဖြစ်ပါတယ်။ သူတို့မှာ အခက်အခဲတွေ ၊ issue တွေရှိတယ်။ သူတို့ကို သေချာ အင်တာဗျူးပြီးမှ ဖိတ်ထားတာအတွက်ကြောင့် သူတို့ရဲ့လိုအပ်ချက်တွေကို ဒီ ၂ ရက်တာအတွင်းမှာ သူတို့ကို အကောင်းဆုံးပေါ့နော်။ ပံ့ပိုးနိုင်မယ်လို့မျှော်လင့်ပါတယ်။”

ဒီနေ့အစီအစဉ်မှာ မြန်မာနိုင်ငံနေရာအနှံ့အပြားက ဒေသလူမှုဖွံ့ဖြိုးရေးဆောင်ရွက်နေတဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေက လှုပ်ရှားသူ (၇၀) ကျော်တက်ရောက်နေတာပါ။

Social Media လို့ခေါ်တဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ လူထုကို ဘယ်လိုဘယ်ပုံစည်းရုံးနိုင်ဖို့၊ အစိုးရကို ဘယ်လိုဖိအားပေးနိုင်မလဲဆိုတာလေ့လာဖို့ ဒီအစီအစဉ်မှာ ပါဝင်ခဲ့တာလို့ မန္တလေးကနေ လာတက်တဲ့ မစုချစ် ကပြောပါတယ်။

“ကျမတို့အခုဆိုရင် လူတိုင်းက smart ဖုန်းတွေ သုံးလာကြတယ်။ အကုန်လုံးက ဒီ social media တွေလည်း သုံးလာကြတယ်ဆိုတဲ့အချိန်မှာ ကျမတို့က ထုံးစံအတိုင်း ပုံမန်အတိုင်း journalist တွေခေါ် ကျမတို့ သတင်းစာ ရှင်းလင်းပွဲတွေလုပ်နေတာက သူတို့ထက်ပိုပြီးတော့ လူအများကို ထိရောက်မယ် social media ကနေ ဘယ်လိုမျိုးကျမတို့ advocacy လုပ်ကြမလဲပေါ့။ ဒီဟာက လူထုကိုပေါ့နော်။ နောက်တခုကကျတော့social media မှာ အားကောင်းလာပြီဆိုရင် ကျမတို့ decision maker လို့ခေါ်တဲ့ လွှတ်တော် ဘက်က အစိုးရအဖွဲ့ကို ဘယ်လိုမျိုး advocacy တွေ social media ကနေပြီးတော့ လုပ်နိုင်မလဲဆိုတဲ့ဟာကို ကျမအနေနဲ့ သိချင်လို့ လာ join ဖြစ်တာပါ။”

လူမှုကွန်ယက်စာမျက်နှာတွေ အရေးပါလာတာကြောင့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ နည်းပညာအသုံးချပြီး လူမှုအကျိုးပြုလုပ်ငန်းတွေလုပ်နိုင်ဖို့မျှော်လင့်ကြောင်း TechCamp Myanmar အစီအစဉ်ရဲ့ သင်တန်းဆရာတွေကပြောပါတယ်။

TechCamp Myanmar အစီအစဉ်ရဲ့ သင်တန်းနည်းပြအဖြစ်ပါဝင်တဲ့ ဗွီအိုအေမြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်းထွန်းက ပြောပါတယ်။

“ဒီပွင့်လင်းမြင်သာမှုနဲ့ နည်းပညာဆိုတာက ဒါမြန်မာနိုင်ငံအတွက်အသစ်။ အလားတူပဲ အခုဒီနေ့ သင်တန်း၊ ဒီမှာလာပြီးတော့ လာတက်ကြတဲ့သူတွေထဲမှာ CSO လို့ခေါ်တဲ့ Civil organization တွေ ၊ နိုင်ငံတကာမှာ အဟောင်းဆိုပေမယ့် မြန်မာပြည်မှာ အသစ် ။ ဆိုတော့ ဒီအသစ်အသစ်တွေက ဒီလိုနည်းပညာနဲ့ ဒီလို အသစ်အသစ် အဖွဲ့အစည်းတွေက ဘယ်လိုအသုံးချပြီးတော့ ဖွံ့ဖြိုးလာတဲ့ မြန်မာပြည်ကို သူတို့ဘယ်လိုအကျိုးဆောင်မလဲဆိုတာကို ပံ့ပိုးဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ သင်တန်းကိုလုပ်တာပေါ့နော်။ အထူးသဖြင့်ကျနော်တို့ VOA ဆိုရင်ဘာလဲဆိုတော့ Main Stream Media ပေါ့။ ရေဒီယိုတို့ အသံလွှင့်ဌာနတို့ကို regulate လုပ်ပြီးတော့ တိကျမှန်ကန်အောင်၊ နားလည်တက်ကျွမ်းတဲ့လူတွေရဲ့ ထင်မြင်ယူဆချက်တွေက ဘယ်လိုလဲဆိုပြီးတော့ ကျနော်တို့က ပြောတယ်။ ဟိုဘက်ကျတော့ အခု နည်းပညာသစ်တွေနဲ့ social media ကတော့ freedom of Expression နဲ့ နည်းပညာကို ပေါင်းစပ်ပြီးတော့ ကိုယ့်ရဲ့ လူတယောက်ချင်းစီရဲ့ ထင်မြင်ယူဆချက်တွေကို ပြောတာ။ အစတုန်းကဆိုရင် ကျနော်သိပ်အထင်မကြီးဘူး။ နောက်ပိုင်းကျတော့ ဒီ Network ကြီးတွေက social media နဲ့ Technology တွေကကြီးလာပြီးတော့ ချိတ်စက်မှုတွေ များလာတော့ ၊ ကျနော်တို့လည်း ပြန်အားကိုးလာရတယ်။ အခု VOA ဆိုရင် ကျနော်တို့ Facebook တွေရှိလာပြီ။ VOA က တီဗီ၊ ရေဒီယို လွှင့်ပေးလိုက်တယ်ဆိုတာ လေထဲမှာ ပျောက်သွားတာပဲ။ ကျနော်တို့ Facebook တွေ Website တွေတင်ထားတဲ့အခါကျတော့ သူက နေတယ်။တချိန်လုံးရှိနေတယ်။ အဲဒီမှာ ကျနော်တို့ရဲ့ အမာခံ ပရိတ်သတ် ဆိုတာလည်း ရှိနေတယ်။”

လူမှုရေးတက်ကြွလှုပ်ရှားသူတွေအနေနဲ့ နည်းပညာကိုအကျိုးရှိအောင်အသုံးချနိုင်ဖို့ အချက်အလက်စုဆောင်းခြင်း၊ လူထုသတင်းပညာ၊ ဒစ်ဂျစ်တယ်နည်းနဲ့ သတင်းများတင်ဆက်ခြင်း၊ ဒီဂျစ်တယ်လုံခြုံရေးတွေနဲ့ သဘာဝဘေးအန္တရာယ်ကြုံတွေ့တဲ့အခါ အသုံးပြုနိုင်တဲ့ ဒစ်ဂျစ်တယ်နည်းလမ်းတွေ စတဲ့ ခေါင်းစဉ်တွေနဲ့ ကဏ္ဍစုံကို မတ်လ(၈) ရက်နဲ့ (၉) ရက်တွေမှာ နည်းပညာရှင်တွေက ပို့ချပေးနေတာဖြစ်ပါတယ်။

XS
SM
MD
LG