သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရောင်းစားခံ မြန်မာ ၁၉ ဦးကို ကယ်တင်နိုင်ခဲ့


ထိုင်းနိုင်ငံ၊ စမွတ်စခုံခရိုင်အတွင်းက ရေလုပ်ငန်းတွေမှာ တရားမဝင်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ။
ထိုင်းနိုင်ငံ၊ စမွတ်စခုံခရိုင်အတွင်းက ရေလုပ်ငန်းတွေမှာ တရားမဝင်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ။

ထိုင်းနိုင်ငံမဟာချိုင်ဒေသက ပုဇွန်အခွံခွာတဲ့စက်ရုံမှာ ရောင်းစားခံတဲ့ မြန်မာနိုင်ငံသား ၁၉ ဦးကို ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့၊ ဘန်ကောက်ြမို့မှာ ရှိတဲ့ မြန်မာသံရုံးအပါအဝင် အလုပ်သမားရေးလုပ်နေတဲ့အဖွဲ့ ဖြစ်တဲ့ FED အဖွဲ့တို့ ပူပေါင်းပြီး ကယ်ဆယ်ခဲ့ပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့က ကယ်တင်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို သြဂုတ်လ ၂၃ ရက်နေ့မှာ မြဝတီဘက်အခြမ်းမှာရှိတဲ့ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးအဖွဲ့တွေထံ လွဲပြောင်းပေးလိုက်ပြီလို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဖွယ်မြို့နယ် ကြည်တိုင်ကုန်းကျေးရွာသားတွေ အများအပြားပါဝင်တဲ့ အသက် (၁၈) နှစ်ကနေ (၃၅) နှစ်အထိ တောင်သူ (၁၉) ဦးဟာ နိုင်ငံကူးလက်မှတ်လုပ်ပေးမယ်၊ ထိုင်းနိုင်ငံမှာ ဝင်ငွေကောင်းတဲ့အလုပ်ရမယ်ဆိုတဲ့ ပွဲစားရဲ့ပြောစကားအရ ကျပ်ငွေ (၇) သိန်းစီ ပေးခဲ့ကြရပြီး တရားမဝင်တဲ့နည်းနဲ့ မဟာချိုင်ဒေသက ပုဇွန်ရုံကို ပို့ဆောင်ခံခဲ့ကြရပါတယ်။ လူကုန်ကူးခံရသူ (၁၉) ဦးကို မဟာချိုင်ဒေသအရောက် လေးသုတ်ခွဲပြီး အလုံပိတ်ကားနဲ့ ပို့ခဲ့တာဖြစ်လို့ ကားထဲမှာ အန္တရာယ်ဖြစ်မတတ် အသက်ရှူကြပ်ခဲ့ရကြောင်း လူကုန်ကူးခံရသူ တစ်ဦးက ပြောပါတယ်။

“သူတို့က တောကြိုတောကြားကနေ ခေါ်သွားတာ။ ကားက လေးဆင့်စီးရတယ်ခင်ဗျ။ ပထမတဆင့်မှာ ကျနော်တို့ လေး ငါးယောက် ထပ်ပြီးတော့ စီးခဲ့ရတယ်။ ထပ်တင်လာတာဆိုတော့ ‘အကိုရယ်၊ လူတွေက အသက်ရှူလို့မရဘူး၊ ရပ်ပေးပါအုံးဗျ’-ဆိုလည်း သူက ဗမာစကားနားမလည်တော့ သူ့ကားပဲ လှိမ့်မောင်းနေတာဆိုတော့ ကျနော်တို့မယ် အော်သာအော်ရတယ်။ ကျနော်တို့ကို ရပ်မပေးဘူးခင်ဗျ။ ကျနော်တို့မှာ လုံးဝ အားမရှိတော့ဘဲ ပျော့ကျသွားတော့ ကားပေါ်က မဆင်းနိုင်တော့ ဆွဲချပြီး ကျနော်တို့ကို ပုန်းခိုင်းထားတယ်။ ကျနော်တို့က ပုန်းနေရသေးတယ်။”

တောင်သူ (၁၉) ဦးထဲမှာ အသက် (၁၈) နှစ်အရွယ် အမျိုးသမီး လေးဦးအပါအဝင် အမျိုးသမီး ခြောက်ဦးပါဝင်ခဲ့ပါတယ်။ တရားဝင်လမ်းကြောင်းက မဟုတ်တဲ့အတွက် အန္တရာယ်များတဲ့ အဖြစ်အပျက်တွေကို တွေ့ကြုံခဲ့ရကြောင်း လွတ်မြောက်လာသူ တောင်သူ အမျိုးသမီးတစ်ဦးက အခုလို ပြောပြပါတယ်။

“ဒီကနေ စခေါ်သွားတော့ လှေနဲ့ခေါ်တယ်လေ။ လှေနဲ့ခေါ်ပြီး ဟိုဘက်ကို လိုင်းကားတစ်စီး နဲ့ ပို့တယ်ပေါ့ အမရယ်၊ ပို့တဲ့အခါကျတော့ လမ်းပေါ်က စစ်ဆေးရေးဂိတ်တွေ ရှိရင် အမတို့က ပြေးရတာလေ၊ ဗွက်တွေထဲရော၊ ပြောင်းခင်းတွေထဲရောပေါ့လေ၊ ပြေးပြီးတော့ တော်တော်လေး မိုးချုပ်တဲ့အခါကျတော့ ကားသေးသေးလေးနဲ့ လာခေါ်တယ်။ ကားလေးက သေးသေးဆိုတော့ လူတွေကို ထပ်နေတာပေါ့အမရယ်။ ဂိုဒေါင်ထဲမှာ တညသိပ်တယ်ပေါ့နော်။ ဂိုဒေါင်ထဲ သော့ခတ်ပြီး တညသိပ်ပြီးတော့ မနက်ခင်း ငါးနာရီလောက်ကျတော့ ဒီအတိုင်း သုံးထပ် ထပ်စီးလိုက်ရတယ်။ လှေနဲ့ ဒီဘက်ကမ်းကို ကူးတဲ့အခါကျတော့ လမ်းလျှောက်ပြီး ပြေးကြတယ်။ တော်တော်လေး မိုးချုပ်မှ ကားနဲ့ တဆင့်လာခေါ်တယ်။ ကားကလည်း အလုံပိတ်ပဲလေ။ မမြင်ရဘူး၊ မှောင်နေတာပဲ။ ယောက်ကျားလေး၊ မိန်းကလေး အတူတူ ထပ်စီးရတယ်ပေါ့လေ။ အောက်လမ်းကနေဆိုတော့ လန့်နေရတာပေါ့။ ပြေးလည်းပြေးရ၊ လွှားလည်း လွှားရ။ အဖွဲ့တွေကလည်း လေးဖွဲ့ ကွဲသွားတယ်လေ။”

မြန်မာသံရုံးက အကြောင်းကြားလာတဲ့အတွက် သြဂုတ်လ (၂၂) ရက်နေ့မှာ လူကုန်ကူးခံရသူတွေကို ကယ်ဆယ်ခဲ့ပြီးနောက် သြဂုတ်လ (၂၃) ရက်နေ့မှာတော့ ထိုင်း၊ မြန်မာနယ်စပ် မြဝတီမြို့က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ဆီ လွဲှပြောင်းပေးခဲ့ကြောင်းကိုလည်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ကိုစိုင်းအေးက ရှင်းပြပါတယ်။

“သံရုံးကနေ ကျနော်တို့ဆီကို ပြန်လွဲှလာပေးတယ်ပေါ့နော်။ ကျနော်တို့ကလည်း မဟာချိုင်နယ်မြေ ပုလိပ်ကို ကျနော်တို့ သွားပြီး အကြောင်းကြားရတယ်။ ပုလိပ်ကနေတဆင့် စက်ရုံကို သွားပြီးတော့ ကူညီဆောင်ရွက်ပေးတယ်ပေါ့နော်။”

သူတို့အားလုံးဟာ ထိုင်းနိုင်ငံမှာ တနေ့လုပ်အားခ အနည်းဆုံး ဘတ် (၃၀၀) စီ ရမယ်ဆိုတဲ့အတွက် လိုက်လာခဲ့ပြီး မဟာချိုင်ဒေသက ပုဇွန်ရုံကို ရောက်တဲ့ အခါ တနေ့လုပ်အားခအဖြစ် ဘတ်ငွေ ၂၀ ကနေ ၃၀ လောက်သာ ရခဲ့ကြောင်းလည်း ပြောပြပါတယ်။ နိုင်ငံကူးလက်မှတ် လုပ်ပေးမယ်ဆိုပြီး တရားမဝင် ခိုးလမ်းကနေ လိမ်လည်ပို့ဆောင်ပေးတဲ့ ပွဲစားတွေကိုတော့ မြန်မာနိုင်ငံဘက်မှာ ဖမ်းမိထားတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ကတော့ ဒီနှစ်ထဲမှာ ဖမ်းဆီးရမိတဲ့ လူကုန်ကူးမှုပေါင်း (၂၇) ကြိမ် အတွင်း လူဦးရေ (၁၁၈) ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

လူကုန်ကူးမှုနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ် ထုတ်ပြန်တဲ့ နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို Tier -2 လို့ ခေါ်တဲ့ စောင့်ကြည့်စာရင်းထဲမှာထည့်ထားပေမယ့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဆက်စပ်နေတဲ့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကတော့ Tier-3 အဆိုးဆုံးအဆင့်ကို သတ်မှတ်ခံထားရပါတယ်။ ဒီအတွက် ထိုင်းနိုင်ငံရဲ့ အာဏာသိမ်း စစ်အစိုးရဟာ နိုင်ငံတကာ အစိုးရတွေနဲ့ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံပြီး လူကုန်ကူးမှု ပပျောက်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောထားပါတယ်။ ဇွန်လ (၂၅) ရက်နေ့ကပဲ နိုင်ငံခြားသား အလုပ်သမားတွေနဲ့ လူကုန်ကူးမှု ပြဿနာ ဖြေရှင်းရေး ယာယီ စီမံချက်အဖြစ် အမိန့်အမှတ် ၇၀/၂၅၅၇ ကိုလည်း ထုတ်ပြန်ခဲ့တာပါ။ ဒီအထဲမှာလည်း လူကုန်ကူးခံရမှု၊ လုပ်အား ခေါင်းပုံဖြတ်ခံရမှုတွေ၊ အလုပ်သမားတွေကို အနိုင်ကျင့် စော်ကားမှု မရှိစေရေးတွေ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံအတွင်းမှာ အလုပ်အကိုင် ရှာဖွေလိုတဲ့ မြန်မာနိုင်ငံသားတွေကတော့ လူကုန်ကူးခံနေရဆဲ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG