မြန်မာနိုင်ငံထဲက အမေရိကန်ဒေါ်လာဘီလီယံ ၅၀ ကုန်ကျမယ့် ထားဝယ်အထူးစီးပွါးရေးဇုန်ကို လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကစတင်ခဲ့ပေမယ့် ရှေ့ဆက်မသွားနိုင်ဖြစ်ခဲ့ရပါတယ်။ ခုတော့ ဒီစီမံကိန်းကိုပြန်ပြီးအကောင်အထည်ဖော်ဖို့ မြန်မာ၊ ထိုင်းနဲ့ဂျပန်နိုင်ငံတို့က လက်မှတ်ရေးထိုးလိုက်ကြပါပြီ။ ဒီစီမံကိန်းကြီး ပြီးသွားရင် အရှေ့တောင်အာရှဒေသတွင်းနဲ့အခြားနိုင်ငံတွေအတွက် ဘယ်လိုအကျိုးစီးပွါးတွေဖြစ်လာနိုင်ပါသလဲ၊ Reuters သတင်း တပုဒ်ကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။
ရှေ့ဆက်တိုးဖို့နှောင့်နှေးနေခဲ့တဲ့ မြန်မာပြည်ထဲက ထားဝယ်စီမံကိန်းကိုပြန်လည်စတင်နိုင်ဖို့ မြန်မာ၊ ထိုင်းနဲ့ဂျပန်နိုင်ငံတို့ဟာ ကုန်သွယ်ရေး သဘောတူစာချုပ် MOI ကို ဂျူလိုင် ၃ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးလိုက်ကြပါတယ်။ တိုကျိုမှာကျင်းပတဲ့ ဂျပန်-မဲခေါင်ထိပ်သီးညီလာခံကို တက်ရောက်နေကြတဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ဘေးပန်းဆွေးနွေးပွဲအတွင်း သုံးနိုင်ငံကခေါင်းဆောင်တွေ ခုလို လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ဒီစီမံကိန်းနဲ့ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ် Prayut Chan-Ocha ကပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောသွားပါတယ်။
“သုံးနိုင်အတူ ဒီလို ပူးပေါင်းလုပ်ကိုင်ခြင်းအားဖြင့် ထားဝယ်စီမံကိန်းဟာပစိဖိတ်နဲ့ အိန္ဒိယသမုဒ္ဒရာကို ပေါင်းကူးပေးမယ့် ကမ္ဘာ့စီးပွါးရေးတံခါးသစ်ကြီး ဖြစ်လာပါလိမ့်မယ်။ ထိုင်းနိုင်ငံအတွင်း ပုကလိကလုပ်ငန်းတွေ အခြေစိုက်လုပ်ကိုင်နိုင်တဲ့အတွက် ဒေသတွင်းမှာ သူတို့ရဲ့ကုန်ပစ္စည်းကို အဓိက ဖြန့်ဖြူးပေးတဲ့ နေရာဖြစ်လာမှာဖြစ်သလို ဂျပန်ရဲ့အကျိုးစီးပွားအတွက် ထိုင်းနိုင်ငံဘက်က အကောင်းဆုံးကြည့်ရှုစောင့်ရှောက်သွားဖို့ ထပ်လောင်းအတည်ပြုပါတယ်” - လို့ ထိုင်းဝန်ကြီးချုပ်က ပြောသွားတာပါ။
ထားဝယ်ကနေချိတ်ဆက်ပြီး အမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ အရှေ့တောင်အာရှက အခြားဒေသတွေကိုဆက်သွယ် ပေးနိုင်မယ့် အဝေးပြေးလမ်းနဲ့ မီးရထား လမ်းဖောက်လုပ်မယ့် ထားဝယ်စီမံကိန်းအောင်မြင်ခဲ့ရင်တော့ ဒါဟာများပြားရှုပ်ထွေးလှတဲ့ မလက္ကာရေလက်ကြားက ကုန်စည်ကူးသန်းမှုတွေကို ချိတ်ဆက် ပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသက ကုန်စည်တွေကိုလည်း တရုတ်နဲ့ဂျပန်နိုင်ငံတွေဆီကို ဒီလမ်းကြောင်းကနေ ကုန်သွယ်ရေးလမ်းတိုအဖြစ် ပို့ဆောင်ပေးနိုင်မှာပါ။
ဂျပန်အတွက်ကတော့အရှေ့တောင်အာရှဒေသအတွင်း ကောင်းကောင်းဆက်သွယ်ထားတဲ့လမ်းကြောင်းက သူတို့ရဲ့ကုန်စည်ရောင်းချဖို့အတွက်နဲ့ ဂျပန်ပိုင်စက်ရုံံတွေ၊ ထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ချိတ်ဆက်လုပ်ကိုင်ရတာက ပိုပြီးလွယ်ကူစေတာပါ။ ဂျပန်ကုန်ပစ္စည်းတွေမှာ အဓိက ယာဉ်နဲ့ လျှပ်စစ်ပစ္စည်းတွေ ပါဝင်ပါတယ်။ ထိုင်းနိုင်ငံကို ဒီမိုကရေစီစနစ်ပြန်ပြီးကျင့်သုံးဖို့ ဂျပန်နိုင်ငံအနေနဲလိုလားတဲ့အကြောင်း ဝန်ကြီးချုပ်မစ္စတာ အာဘေးကထညိ့သွင်းပြောဆိုပါတယ်။
“ဂျပန်နဲ့ ထိုင်းနိုင်ငံ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ထိုင်းဝန်ကြီးချုပ်ရဲ့ စိတ်အားထက်သန်လှတဲ့ ခေါင်းဆောင်မှုအောက်မှာ တည်ငြိမ်ပြီး ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံရေး အခင်းအကျင်းတွေဘက်ပြန်သွားဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။”
ထားဝယ်စီမံကိန်းဟာ ဘန်ကောက်ရဲ့အနောက်မြောက်ဘက် ၁၁၉ ကီလိုမီတာအကွာက Kanchanaburi ခရိုင်ကို ထားဝယ်ကနေ ၁၃၈ ကီလိုမီတာအထိ ရှည်တဲ့လမ်းဖောက်သွားပြီး စီမံကိန်းကိုစတင်မှာဖြစ်ပါတယ်။
ဒီစီမံကိန်းကြီးပြီးဆုံးသွားရင်တော့ ဒါဟာ အရှေ့တောင်အာရှဒေသအတွင်း အကြီးဆုံးစီးပွါးရေးဇုန်ဖြစ်လာပါလိမ့်မယ်။
စတုရန်း မိုင် (၁ဝဝ) ပတ်လည် ရေနက်ဆိပ်ကမ်းလည်းပါဝင်မယ့် ထိုင်းမြန်မာနယ်စပ်က ထားဝယ်အထူး စီးပွါးရေးဇုန်ထဲမှာရေနံ၊ ဓာတုနဲ့ အကြီးစား စက်မှုလုပ်ငန်း တွေပါဝင်မှာပါ။
ဒီစီမံကိန်းကိုကတည်းကအစပျိုးထားခဲ့တာနှစ်နဲ့ချီ ရှိနေပါပြီ။ ဒါပေမယ့်လည်း အီတာလျံ ထိုင်းကုမ္ပဏီတခုဖြစ်တဲ့ ITD က စီမံကိန်းအတွင်း ဓာတ်အားပေးဖို့ သဘောတူညီချက်နဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံစိတ်ချရမှုနဲ့ပတ်သက်ပြီး ကတိပျက်ကွက်ခဲ့တဲ့အတွက်ကြောင့် စီမံကိန်း ရှေ့ဆက်ဖို့ နှောင့်နှေးခဲ့ရတာပါ။ ထိုင်းအစိုးရဘက်ကတော့ ဒီစီမံကိန်းကို အောက်တိုဘာလမှာ စတင်နိုင်မယ်လို့ပြောဆိုထားပါတယ်။ မြန်မာအစိုးရဘက်ကလည်း ဂျပန်-မြန်မာပူးပေါင်းဆောင်ရွက်ရေးနဲ့ပတ်သက်ကလို့ လက်ရှိအချိန်မှာဂျပန်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုက အဆင့်၁၂ မှာရှိနေပြီး အခြေခံအဆောက်အအုံ၊ စက်မှု၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍတွေမှာ ပိုပြီးရင်းနှီးမြှုပ်နှံဖို့ သူ့အနေနဲ့ ဆန္ဒရှိတဲ့အကြောင်း မြန်မာသမ္မတဦးသိန်းစိန်က NHK သတင်းဌာနနဲ့ ပြုလုပ်တဲ့ ဂျူလိုင် ၂ရက်နေ့က တွေ့ဆုံမေးမြန်းခန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။