သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာခိုလှုံနေတဲ့ စစ်ဘေးရှောင်တချို့ မြန်မာဘက်ပြန်လာ


နေရပ်ပြန်တဲ့ မြန်မာစစ်ဘေးရှောင်ဒုက္ခသည်များ၊ ဂျူလိုင် ၂၇။ ၂၀၂၂

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းက ဥကရစ်ထ စခန်းတိုက်ပွဲကြောင့် ထိုင်းမြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ်ဖွတ်ဖရမြို့နယ်ထဲမှာခိုလှုံနေတဲ့ မြန်မာစစ်ဘေးရှောင်တွေထဲက လူ၁၀၀ကျော် ဇူလိုင်လ၂၆ရက်နေ့မှာ မြန်မာနိုင်ငံဘက်ကို နေရပ်ပြန်ခဲ့ကြပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်၊ ကရင်ပြည်နယ်မြဝတီခရိုင် အတွင်းက ဥကရစ်ထ စခန်းတိုက်ပွဲအတွင်း ဇွန်လကုန်ကနေ ဇူလိုင်လဆန်းအထိ တပတ်နီးပါးစစ်ကောင်စီဘက်ကလေကြောင်းကနေ ဗုံးကြဲမှုတွေလုပ်ခဲ့တာကြောင့်ရော နှစ်ဖက်တိုက်ပွဲတွေကြောင့်ပါ ဒေသခံစစ်ဘေးရှောင်ဒုက္ခသည်တွေဟာ နေရပ်စွန့်ခွါပြီးထိုင်းဘက်ခြမ်းကိုထွက်ပြေးတိမ်းရှောင်လာခဲ့တာပါ။ ဒီထဲက စစ်ဘေးရှောင်ဒုက္ခသည် ၁၀၀ကျော်ဟာ ဇူလိုင်လ၂၆ရက်နေ့မှာ နေရပ်ပြန်ခဲ့ကြောင်းစစ်ဘေးရှောင်တွေကိုအကူညီပေးနေသူတဦးကပြောပြပါတယ်။

"ထိုင်းဘက်ခြမ်းက မောရီချိုင်း မြန်မာဘက်ကဥကရစ်ထမှာစစ်ဖြစ်တုန်းက ဒီဘက်ကို ကူးလာကြတဲ့ရွာသားတွေပါ။ သူတို့ပြန်ကြတယ်။ လူအားလုံး ၁၁၈ဦးပါ။ များသောအားဖြင့်သေ့ဘောဘိုးရွာသားတွေဖြစ်တယ်။ နောက်တခြားဘေးနားကရွာသားတွေဖြစ်တယ်။ ဥကရစ်ထရွာသားတွေ သေဘောဘိုးရွာသားတွေများတယ်။ ပြန်တာကတော့သူတို့သဘောနဲ့သူတို့ပါပဲ ။ဟိုဘက်မှာတိုက်ပွဲတွေရပ်နေပြီဆိုပြီး သူတို့ရပ်ရွာတွေပြန်ပြီး သူတို့အိုးအိမ်တွေစိုက်ခင်းတွေ တိရစာန်တွေကျန်ခဲ့တယ်ဆိုပြီးပြန်ကြတာပါ"

အခုလို နေရပ်ပြန်သူတွေရှိသလို မြန်မာဘက်မှာအခြေအနေမတည်ငြိမ်သေးဘူးဆိုပြီးနေရပ်မပြန်ကြသေးတဲ့သူတွေလည်း ရှိနေသေးတယ်လို့လည်းဆိုပါတယ်။

"သူတို့က အစုတွေကွဲနေတယ်။ ကျနော်တို့ိဟိုနေ့စားစရာတွေသွားပို့တော့ လူ၁၀၀ကျော်လောက်ကျန်နေတဲ့နေရာလည်းရှိတယ်။ အဓိက ကတော့ဟိုဘက်မှာ( မြန်မာဘက်)တိုက်ပွဲအခြေအနေကဘယ်လိုလဲမသိသေးဘူး။ အဲဒီမှာ( မြန်မာဘက်မှာ)အဖွဲ့တွေက ကွဲထွက်နေတာတွေလည်းရှိတယ်။ သုံးထပ်ကွေ့ဆိုတဲ့နေရာမှာလည်းတိုက်ပွဲကနေ့စဉ်လိုဖြစ်နေတယ်။ တချို့က မပြန်ရဲသေးဘူး။ ထိုင်းကလည်းအတင်းတော့မနှင်ဘူး။ သူတို့ သဘောနဲ့ပြန်ချင်ရင်ပြန်လို့ပြောတယ်။ ဒီဘက် (ထိုင်းဘက်)မှာကျန်နေသေးတာလည်း လူ၁၀၀ကျော်လောက်ကျန်နေပါသေးတယ်"

ဇွန်လနောက်ဆုံးအပတ်မှာ ကရင်ပြည်အတွင်းက စစ်ကောင်စီတပ်တွေနဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNDO ကရင်အမျိုးသားကာကွယ်ရေးတပ် PDF ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေပြင်းထန်နေချိန်မှာ စစ်ကောင်စီဘက်က နေစဉ်နီးပါးလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်နယ်စပ်ကျေးရွာတွေကပြည်သူတွေ ဗုံးထိမှန်သေဆုံးတာဒဏ်ရာရတာတွေဖြစ်ခဲ့တာပါ ဒီအတွက် ဒေသခံကျေးရွာသားတွေဟာ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်လာကြတာ တလနီးပါးရှိပြီဖြစ်ပါတယ် အခုအခါမှာတော့ တိုက်ပွဲအခြေအနေတွေသိတ်မပြင်းထန်တော့တဲ့အတွက် စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ နေရပ်ရင်းကိုပြန်သွားခဲ့ကြတာဖြစ်ပါတယ်။

Unicode








XS
SM
MD
LG