သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု မြန်မာ ၂ ယောက် သေဒဏ်ချခံရ


ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံက ကမ္ဘာလှည့်ခရီးသွား ၂ ဦး အသတ်ခံခဲ့ရတဲ့ အမှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး မြန်မာနိုင်ငံသား အလုပ်သမား ၂ ဦးကို ထိုင်းတရားရုံးက ဒီကနေ့ပဲ သေဒဏ်ချမှတ်လိုက်ပါတယ်။

တရားရုံးဆုံးဖြတ်ချက်ကိုတော့ အကျိုးဆောင် ရှေ့နေတွေက အယူခံပြန်ဝင်ဖို့လည်း စီစဉ်နေကြပါတယ်။ အကြောင်းစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်းက ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်ကမ္ဘာလှည့်ခရီးသွား ၂ဦး ဖြစ်တဲ့ David Miller နဲ့ Hannah Witheridge တို့ အသတ်ခံရတဲ့ အမှုနဲ့ပတ်သက်လို့ တနှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် အခုနောက်ဆုံး တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး သေဒဏ်အပြစ်ပေးလိုက်တာပါ။ မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့အပေါ် စွပ်စွဲထားတဲ့ အမှု ၇ မှု အတွက် ကော့စမွေတရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ရာမှာ အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်စီရင်ချက် ချခဲ့တာလို့လည်း အကျိုးဆောင်ရှေ့နေဖြစ်တဲ့ ဦးအောင်မျိုးသန့်ကပြောပါတယ်။

“ပုဒ်မတွေအတိုင်းကို ပြစ်ဒဏ်တွေကိုဖတ်ပြတယ်။အဲဒီ ပြစ်ဒဏ်တွေကိုပဲပေးတယ်ပေါ့ ။ အဲဒီထဲက အမြင့်ဆုံးဖြစ်တဲ့သေဒဏ်ကို ခံစားစေ ဆိုတာမျိုးပေါ့။ ကော့စမွေ တရားရုံးအနေနဲ့က သေဒဏ်ပေးတဲ့သဘောပေါ့။အဲဒီအမိန့်စာ စာရွက်ရဖို့ အန်ကယ်တို့အခုစောင့်နေပါတယ်။”

အခုလို သေဒဏ်ချမှတ်လိုက်တဲ့ တရားရုံး ဆုံးဖြတ်ချက်အတွက် အထက်တရားရုံးကို အယူခံဆက်တက်မယ်လို့လည်း အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“အန်ကယ်တို့က အယူခံတက်ရမှာပါ။ သာမန်ဆိုရင်တော့အယူခံရက်က အထက်တရားရုံးကို တစ်လအတွင်း တက်ရမှာပါ။ ဒါပေမဲ့အခုက သေဒဏ်ဖြစ်တဲ့ အတွက် ကာလစည်းကမ်းအရ အမြန်ဆုံး တပတ်အတွင်း တက်ရမယ်လို့ ယူဆရပါတယ်။ အန်ကယ်တို့ကတော့ အောက်ရုံးက အခုလို လုပ်တယ်ဆိုရင် အထက်ရုံးကိုအယူခံဆက်တက်ရမှာပဲ။”

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းခြေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ယောက်ကတော့ သတ်ဖြတ်မှု ကျုးလွန်ကြောင်း အစောပိုင်းမှာတော့ ဝန်ခံပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။

၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ လူသတ်မူနဲ့ တရားစွဲဆိုခံ ခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံ ကော့စမွေ အကျဉ်းထောင် မှာ ဖမ်းဆီးထားပြီး အခုနောက်ဆုံး တရားရုံးကနေ သေဒဏ်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG