သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Myanmar Times အင်္ဂလိပ်အယ်ဒီတာချုပ် ဒန်ကလေ တရားစွဲခံရ


မြန်မာတိုင်းမ်စ် ဂျာနယ် အင်္ဂလိပ်ပိုင်း အယ်ဒီတာချုပ် Ross Dunkley.
မြန်မာတိုင်းမ်စ် ဂျာနယ် အင်္ဂလိပ်ပိုင်း အယ်ဒီတာချုပ် Ross Dunkley.
အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ထုတ်ဝေနေတဲ့ မြန်မာတိုမ်းဂျာနယ်ရဲ့ အင်္ဂလိပ်ဘာသာ အယ်ဒီတာချုပ် မစ်စတာ ရော့စ်ဒန်ကလီကို Myanmar Consolidated ကုမ္ပဏီရဲ့ ဒါရိုက်တာက ကိုယ်ထိလက်ရောက် ကျူးလွန်မှုအပါအဝင် ပုဒ်မ နှစ်ခုနဲ့ ကျောက်တံတား ရဲစခန်းမှာ မနေ့ကပဲ အမှုဖွင့်လိုက်ပါတယ်။ ဒီအကြောင်းကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ရန်ကုန်အခြေစိုက် VOA သတင်း ထောက် ကိုသူရစိုးက သတင်းပေးပို့ထားပါတယ်။

မြန်မာတိုမ်းဂျာနယ်ရဲ့ အင်္ဂလိပ်ဘာသာ အယ်ဒီတာချုပ် မစ်စတာ ရောစ်ဒန်ကလီကို အခုလို အမှုဖွင့် တရားစွဲဆိုလိုက်သူကတော့ Myanmar Consolidated Media ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်ရဲ့ ဇနီးလည်းဖြစ်၊ ကုမ္ပဏီရဲ့ဒါရိုက်တာဖြစ်တဲ့ဒေါက်တာ ခင်မိုးမိုး ဖြစ်ပါတယ်။ ဘာကြောင့် ဒီလို စွဲဆိုရသလဲဆိုတာကိုတော့ ဒေါက်တာခင်မိုးမိုးက အခုလို ပြောပါတယ်။

“ကျမ ဝန်ထမ်းတွေကို မနေ့က တွေ့ချင်တဲ့အကြောင်းရင်းကလည်း ဝန်ထမ်းအစည်းအဝေး ဖိတ်ကြားခြင်း-တဲ့။ MCM ကုမ္ပဏီ၊ မြန်မာတိုင်းမ်၏ ရှယ်ယာ ၅၁ % ကို ပိုင်ဆိုင်သော ကုမ္ပဏီ၏ ဒါရိုက်တာမှ မြန်မာတိုင်းမ်စ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းပေါင်း ၃၀၀ ကျော်၏ ရေရှည်အကျိုးကို ရှေ့ရှု၍ ဝန်ထမ်းများ အခက်အခဲများ၊ ဆန္ဒများကို ဖော် ထုတ်နိုင်ရန်အတွက် ညှိနှိုင်း ဆွေးနွေးလိုပါသဖြင့် အောက်ပါ အစီအစဉ်အတိုင်း အစည်းဝေး ပွဲ တက်ရောက်ပါရန် ဖိတ်ကြားအပ်ပါ သည်။ သို့- အောင်ကျော်ဦး- နဲ့ဆိုတော့ အောင်ကျော်ဦးကို ဒီစာပေးနေတဲ့ အချိန်မှာပဲ ကျမတို့ကို ဝင်ရောက်ပြီးတော့ ကိုယ်ထိလက်ရောက် စော်ကားတယ်၊ တားတယ်။ အဲဒါ ပြီးတဲ့အခါကျတော့ ဦးဝေလင်းနဲ့ ဦးဇော်မြင့်က သူ့ကို (ရော့စ်ကို) အတင်းဆွဲဖက်ထားတယ်။ ဖျန်ဖြေတယ်ပေါ့။ ကိုလူမော်ကို လက်သီးနဲ့ဆွဲထိုးတယ်။ ဒီလို မပြောနဲ့လို့ ပြောတော့ လက်သီးနဲ့ ထိုးခဲ့တယ်။ မနေ့က ”

ဒီအမှုနဲ့ပတ်သက်ပြီး ကျောက်တံတားရဲစခန်းမှာ ပုဒ်မ ၃၅၄ ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ လက်သီးနဲ့ထိုးတဲ့အတွက် ပုဒ်မ ၃၂၃ တွေနဲ့အမှုဖွင့်ထားတာပါ။
MCM ကုမ္ပဏီရဲ့အစုရှယ်ယာ ၅၁ % ကို လက်ရှိ ပြည်မြန်မာဂျာနယ်ကို ထုတ်ဝေနေ တဲ့ ဒေါက်တာ တင်ထွန်းဦးနဲ့ သူ့ဇနီးဖြစ်တဲ့ ဒေါက်တာခင်မိုးမိုးတို့ ပိုင်ဆိုင်ထားကြပြီး ရော့စ် ဒန်ကလေကိုတော့ မြန်မာတိုင်းမ်ဂျာနယ်ရဲ့ အင်္ဂလိပ်လိုထုတ်တဲ့ ဂျာနယ်ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာနဲ့အယ်ဒီတာချုပ် တာဝန် ပေးထားတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း မကြာသေးခင်ရက်ပိုင်းက ဒေါက်တာတင်ထွန်းဦးတို့ဇနီးမောင်နှံပိုင်ဆိုင်တဲ့ ရှယ်ယာ ၅၁ % ကို မူလပိုင်ရှင်ဖြစ်တဲ့ ဒေါ်ယမင်းထင်အောင်တို့က ပြန်ရောင်းဖို့ ညှိနှိုင်းခဲ့တဲ့ အတွက် အဆင်မပြေဖြစ် ခဲ့ပြီး နောက်ပိုင်း အခုလိုဖြစ်လာရတာပါ။

ဒေါက်တာခင်မိုးမိုးဟာ ဒါရိုက်တာဘုတ်အဖွဲ့ရဲ့ခွင့်ပြုချက်မရှိဘဲ ဝန်ထမ်းတွေနဲ့ အစည်းအဝေး လုပ်ခွင့် မရှိဘူးလို့လည်း ရော့စ် ဒန်ကလေက အခုလိုပြောပါတယ်။

“ကျနော့်အနေနဲ့ သူ့ကို စာရေးအကြောင်းကြားခဲ့ပါတယ်။ ညနေ သုံးနာရီမှာပါ။ အဲဒီစာမှာ သူ့အနေနဲ့ ကျနော့်ခွင့်ပြုချက်မရဘဲ ရုံးကို လာခွင့်မရှိဘူးဆိုတာကို ပြောထားပါတယ်။ သူ့အနေနဲ့ ပြဿနာရှိရင် ဘုတ် အဖွဲ့အဆင့်မှာ ရှင်းဖို့လိုပါတယ်။ တကယ်လို့ ဒီရုံးဝင်းထဲကို ကျနော့်ခွင့်ပြုချက် မရဘဲ လာမယ်ဆိုရင် ကျနော် တားမြစ်မယ်ဆိုတာ ကိုလည်း ရေးသားထားပါတယ်။”

ဒါ့အပြင်ဒေါက်တာတင်ထွန်းဦးနဲ့ဇနီးဒေါက်တာခင်မိုးမိုးတ့ိုကို ပေးပို့တဲ့စာမှာတော့ ဒေါက်တာ ခင်မိုးမိုး ဟာ အုပ်ချုပ်မှုအဖွဲ့ထဲမှာ မပါသလို အမှုဆောင်ဒါရိုက်တာလည်း မဟုတ်ဘူး လို့ ဖော်ပြထားပါတယ်။ မြန်မာတိုင်းမ်ဂျာနယ်ရဲ့ တာဝန်ရှိသူတွေစာရင်း မှာတော့ ဒေါက်တာခင်မိုးမိုးကို ဒါရိုက်တာအဖွဲ့ဝင် အဖြစ် ဖော်ပြထားတာဖြစ်ပါတယ်။

မြန်မာတိုင်းမ်ဂျာနယ်ဟာ လာမယ့် နေ့စဉ်သတင်းစာတွေ ထုတ်ဝေခွင့် ရပြီဆိုရင် နေ့စဉ် သတင်းစာ ထုတ်ဝေနိုင်ဖို့ ပြင်ဆင်နေချိန်မှာ အခုလို အမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီအမှု မပြီးမချင်း သတင်းစာ ထုတ်ဝေဖို့ ကိစ္စကို ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်ကလည်း ရော့စ်ဒန်ကလီဟာ အမျိုးသမီးတစ်ယောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန် ခဲ့တယ်ဆိုပြီး ကမာရွတ်တရားရုံးမှာ တရားစွဲဆိုခံရဖူးပါတယ် ခင်ဗျာ။
XS
SM
MD
LG