သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးနေတဲ့ TNP ဥက္ကဌမိသားစုအလောင်းများတွေ့ရှိ


ပျောက်ဆုံးနေတဲ့ TNP ဥက္ကဌ
ပျောက်ဆုံးနေတဲ့ TNP ဥက္ကဌ

မိုင်းကိုင်မြို့နယ် တအန်း(ပလောင်)အမျိုးသားပါတီ TNP ဥက္ကဌ မိုင်းနုမ်ဟန်၊ သူ့ဇနီးနဲ့ ၇လသားအရွယ်သမီးရဲ့ ရုပ်အလောင်းတွေကို ဒီလ ၉ရက်နေ့မှာရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလ ၃ရက်နေ့က မိုင်းနုမ်ဟန်လို့ ယူဆတဲ့ အလောင်းတွေ့ခဲ့ပေမဲ့သံသယရှိတာကြောင့်ထပ်မံရှာဖွေချိန်မှာ မိသားစု ၃ဦးလုံးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မိုင်းကိုင်မြို့နယ် တအန်း(ပလောင်)အမျိုးသားပါတီ TNP ဥက္ကဌ မိုင်းနုမ်ဟန်၊ သူ့ဇနီးနဲ့ ၇လသားအရွယ် သမီးရဲ့ ရုပ်အလောင်းတွေကို ဒီလ ၉ရက်နေ့မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလ ၃ရက်နေ့က မိုင်းနုမ်ဟန်လို့ ယူဆတဲ့ အလောင်းတစ်လောင်းကို တွေ့ခဲ့ပေမဲ့ သံသယရှိတာကြောင့် ထပ်မံရှာဖွေချိန်မှာ မိသားစု ၃ဦးလုံးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို မဆုမွန်ပြောပြပါမယ်။

မိုင်းကိုင်မြို့နယ်၊ တအန်း(ပလောင်)အမျိုးသားပါတီ TNP ဥက္ကဌ မိုင်းနုမ်ဟန်နဲ့ မိသားစုဟာ သူ့မိခင်ဈာပနာက အပြန် မိုင်းကိုင်မြို့နယ်၊ တုံလောကျေးရွာမှာ ဇန်နဝါရီလ ၁၀ရက်နေ့ လူတစုရဲ့ ဖမ်းဆီးခံရပြီး ပျောက်ဆုံးခဲ့တာပါ။ ဒီဖမ်းဆီးမှုဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ RCSS လက်ချက်ဖြစ်ကြောင်း စွပ်စွဲတာတွေ ရှိခဲ့ပေမဲ့ RCSS က ငြင်းဆိုခဲ့ပါတယ်။

မတ်လ ၃ရက်နေ့မှာတော့ RCSS က ထွက်ပြေးလာသူ တပ်သားတစ်ဦးရဲ့ ပြောကြားချက်အရ တုံလောရွာအနောက်ဖက် ပန်ပွဲရွာအနီးမှာ ရှာဖွေရာမှာ မိုင်းနုမ်ဟန်လို့ ယူဆတဲ့ အလောင်းတစ်လောင်းကို ရှာဖွေ တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ မိုင်းနုမ်ဟန်ရဲ့ ညီဖြစ်သူက သံသယရှိတာကြောင့် ထပ်မံရှာဖွေချိန်မှာ ပန်ပွဲရွာအနီးမှာပဲ မိသားစု ၃ဦးလုံးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာပါ။

မိုင်းနုမ်ဟန်နဲ့ မိသားစုကို ရှာဖွေရာမှာ ပါဝင်ခဲ့တဲ့ TNP ပါတီ မိုင်းကိုင်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် မိုင်းအောင်ခမ်းက VOA ကို အခုလို ပြောပါတယ်။

“ ဒေသသတင်းအရ သွားရှာတယ်။ သူတို့ညွှန်းတဲ့နေရာတိုင်း တက်ကြည့်တာပေါ့နော်။ ကျင်း ၃ပေါက်ရှိတယ်။ ကျနော် အဲဒီတကျင်းပဲ သေချာပြန်ကြည့်တော့ အနံ့တွေရတယ်။ အနံ့တွေ ရတော့ သေချာကြည့်တော့ တော်တော်နက်တယ်။ အောက် ဆင်းကြည့်တယ်ပေ့ါနော်။ သေချာပြန်သွားကြည့်မှ အလောင်းကြီး။ ကျနော် မိုးကာနဲ့ သေချာပြန်ထုပ်လာတဲ့ အချိန်ကျမှ၊ ပေါ်ယူတက်ပြီး သေချာပြန်ကြည့်မှ မိုင်းနုမ်ဟန်၊ ဒါ သူ့ရဲ့ အနွေးထည်။ တီရှပ်ပေါ့။ သူအမြဲတမ်းဝတ်နေတဲ့ ဘောင်းဘီ။ ဖိနပ်တို့ကစ အကုန် ဟုတ်နေတာဆိုတော့ ဒါမိုင်းနုမ်ဟန်ပဲဆိုပြီး နောက်ထပ်ဆင်းလိုက်တယ်။ အဲဒီ ဂူထဲမှာပေါ့နော်။ ကျင်းထဲက လှိုဏ်ခေါင်း။ နောက် ထပ်ရုပ်အလောင်းတစ်ခုတွေ့တယ်။ ကျနော်တို့ ထပ်ဆင်းပြီးတော့ ပြန်ထုတ်လာတယ်။ ပြန်ထုတ် လာတဲ့ဟာ ပြန်ကြည့်တော့ သူ့ရဲ့ အမျိုးသမီးနဲ့ ကလေး ဖြစ်နေတယ်။”

မိုင်းနုန်ဟန်အပါအဝင် သူဇနီးနဲ့ ကလေးရဲ့ အဝတ်အစားတွေအားလုံးဟာလည်း ကိုက်ညီမှုရှိကြောင်း နဲ့ အလောင်းရချိန်မှာ ရုပ်ပျက်နေပြီဖြစ်တာကြောင့် ဘယ်လိုသတ်ဖြတ်ခံရတယ်ဆိုတာ မသိနိုင်ကြောင်း ပြောပါတယ်။

မိုင်းနုန်ဟန်မိသားစုဈာပနကိုတော့ ဒီလ ၁၃ရက်နေ့က ပန်ပွဲရွာအနီးမှာပဲ ပြုလုပ်ရာမှာ လူတစ်ထောင်ကျော်လောက် တက်ရောက်ခဲ့ပါတယ်။

မတ်လ ၃ရက်နေ့က တွေ့ခဲ့တဲ့ မိုင်းနုမ်ဟန်လို့ ယူဆခဲ့တဲ့ ရုပ်အလောင်းကိုတော့ DNA စစ်ဆေးချက်အရ မည်သူဖြစ်ကြောင်း သက်သေပြနိုင်ရင် သတင်း ထပ်မံ ထုတ်ပြန်ဖို့ ရှိနေပါတယ်။

မိုင်းနုမ်ဟန်နဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က အဖွဲ့ဝင် သံဃာတော် ဦးတိက္ခဉာဏက အမှန်တရားပေါ်ပေါက်ရေးနဲ့ တရားမျှတမှုရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း မိန့်ကြားပါတယ်။

“ အမှန်တရား အမြန်ဆုံးပေါ်ပေါက်ပါစေပေါ့။ ဟို ငါတို့ မလုပ်ပါဘူးလို့ ငြင်းနေတဲ့ RCSS လည်း သူတို့ လုပ်ရပ်ကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ဆက်လက်ပြီးတော့ ဝန်ခံဖို့ ၊ နောက် တအာန်းလူထုကို တောင်းပန်စရာရှိလည်း တောင်းပန်ဖို့ပေါ့။ နောက်ထပ်တစ်ခုကတော့ သတ်ဖြတ်ခံရတာ အမှန်တရားဖြစ်တဲ့အတွက်ကြောင့် အဲဒီအမှန်တရားကို မူတည်ပြီးတော့ ဆက်လုပ်စရာရှိတာကတော့ Investigation Team ဆိုပြီးတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ လုပ်ထားတာ။ အဲဒီကနေမှ ဦးဇင်းတို့ အလုပ် ဆက်လုပ်မှာပါ။”

မိုင်းနုမ်ဟန်မိသားစုသတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး ရှမ်းနဲ့ တအန်း(ပလောင်)အကြား လူမျိုးရေး ပြဿနာတွေ မဖြစ်စေလိုကြောင်းလည်း ဦးတိက္ခဉာဏက ဆက်လက်မိန့်ကြားပါတယ်။

“ ဦးဇင်းတို့ တောင်ပိုင်းဒေသမှာရှိတဲ့ တအာန်းမျိုးနွယ်စုတွေ ဖိနှိပ်ခံရတာ ကြာလှပြီ။ ဖိနှိပ်တာကလည်း ဒီတစ်ဖွဲ့တည်းဖြစ်နေတယ်။ အဲဒါတွေသည် ဒါက ရှမ်းလူမျိုးတွေက ဖိနှိပ်တယ်လို့တော့ ဦးဇင်းတို့က မခံယူဘူးပေ့ါဗျာ။ ဒါက လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ RCSS က ဖိနှိပ်တယ်လို့ ဦးဇင်းတို့က ခံယူတယ်။ ဒါက Online၊ Social Media မှာပဲဖြစ်ဖြစ် တအာန်းနဲ့ ရှမ်းသည် ပဋိပက္ခဖြစ်စရာအကြောင်း လုံးဝမရှိဘူး။ တအာန်းလူမျိုးတွေသည် ရှမ်းလူမျိုး မုန်းသလို၊ ရှမ်းလူမျိုးတွေကလည်း ရှမ်းလူမျိုးမုန်းစရာ အကြောင်း လုံးဝမရှိဘူး။ ဒါက လက်နက်ကိုင် တစ်စုရဲ့ လုပ်ရပ်ကြောင့် ဒါ အကုန်လုံး မုန်းတီးသွားတာမျိုး မဖြစ်စေချင်ဘူးပေါ့လေ။ ”

မိုင်းနုမ်ဟန်မိသားစု သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ သူတို့ ဖမ်းဆီးတဲ့ အချိန်မှာ တုံလောကျေးရွာဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPPက ထိန်းချုပ်ထားတာဖြစ်ကြောင်းနဲ့ RCSS နဲ့ မသက်ဆိုင်ကြောင်း ငြင်းဆိုထားပါတယ်။

၂၀၁၅ခုနှစ် ရွေးကောက်ပွဲကာလကလည်း မိုင်းကိုင်မြို့နယ်၊ TNP ဥက္ကဌ၊ လက်ရှိ ဗဟိုအလုပ်အမှုဆောင်ဖြစ်တဲံ မိုင်းအောင်ခမ်းနဲ့ အတွင်းရေးမှုဖြစ်သူကို RCSS က ဖမ်းဆီးပြီး တစ်လကျော်အကြာမှာ နိုင်ငံရေးမှာ မပါဝင်တော့ပါဘူးဆိုတဲ့ ခံဝန်နဲ့ ပြန်လည် လွှတ်ပေးတာ ရှိခဲ့ဖူးပါတယ်။

(Unicode)















XS
SM
MD
LG