သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု လွတ်မြောက်မှုကြောင့် မြန်မာပြည်ကို ခရီးသွားတွေ ပိုလာနိုင်


ဒေါ်စု လွတ်မြောက်မှုကြောင့် မြန်မာပြည်ကို ခရီးသွားတွေ ပိုလာနိုင်

မကြာသေးခင်ကပဲ ဖမ်းဆီးထားရာက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတာ၊ စစ်အစိုးရက နိုင်ငံရေး အပြောင်းအလဲတွေအတွက် ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့နောက် မြန်မာနိုင်ငံမှာ ၀င်ငွေရပေါက်ရလမ်း တခုဖြစ်တဲ့ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာလေမလား မျှော်လင့်မှုတွေလည်း ထွက်ပေါ်လာနေပါတယ်။ ဒေသတွင်းက နိုင်ငံတွေနဲ့စာရင် နိမ့်ကျနေတဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည် ဦးမော့လာလေမလား မျှော်လင့်နေကြတာပါ။ ဒီအကြောင်း ရိုက်တာစ် ရုပ်မြင်သံကြား သတင်းဆောင်းပါးကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

လူ့အခွင့်အရေး၊ နိုင်ငံရေး အခြေအနေတွေ တိုးတက်အောင် မလုပ်နိုင်ဘူးဆိုပြီး မြန်မာစစ်အစိုးရအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့အတူ ခရီးမသွားကြဖို့ လှုံ့ဆော်မှုတွေကြောင့် ချိနဲ့နေတဲ့ လုပ်ငန်းတွေဟာ နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ ဖွံ့ဖြိုးလာလေမလား မျှော်လင့်နေကြတာပါ။ အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုလို နိုင်ငံတွေက တိုက်ရိုက် လေကြောင်း ခရီးစဉ်တွေ မရှိတာ၊ မြန်မာနိုင်ငံကို အလည်အပတ် ပြည်ဝင်ခွင့်ဗီဇာ လျှောက်လွှာကို ၃ ရက်အထိ စိစစ်တဲ့ လုပ်ငန်းစဉ်တွေကလည်း ဒီလုပ်ငန်းမှာ အဟန့်အတားတွေ ဖြစ်နေတယ်လို့ ခရီးသွားလုပ်ငန်းက လူတွေက မြင်ကြပါတယ်။

ဒါပေမဲ့လည်း စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ကျင်းပအပြီး တပတ်လောက်အကြာမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတဲ့အတွက် အနောက်နိုင်ငံတွေက ကြိုဆိုခဲ့ ကြတာမို့ အလားအလာတွေ ကောင်းလာတော့မလား မျှော်လင့်လာကြတာပါ။

အများစုက ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဝင်စားကြပါတယ်။ ဒါကြောင့်လည်း သူပြန်လွတ်လာတဲ့အတွက် ခရီးသွားတွေလည်း ပိုပြီး လာကြလိမ့်မယ်လို့ သူထင်တဲ့အကြောင်း မြန်မာဧည့်လမ်းညွှန် ကိုစိုးရီက ပြောပြခဲ့ ပါတယ်။

ဖမ်းဆီးရာက ပြန်လွတ်လာလာချင်း ဆိုသလို ဒေါ်အောင်ဆန်းစုကြည်ကတော့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တိုင်းပြည်တွေနဲ့ ဆွေးနွေးလိုတယ်လို့လည်း ပြောခဲ့တာပါ။ မြန်မာနိုင်ငံကို ၁၀ ကြိမ်ကျော် ရောက်ဖူးတဲ့ ခရီးသွားလုပ်ငန်းက Marek Pietrowicz ကတော့ ခရီးသွားတွေ အသွားအလာ များလာတာနဲ့အမျှ အပြန်အလှန် အနေနဲ့ တိုင်းပြည်အတွက်လည်း အထောက်အကူ ဖြစ်မယ် လို့ မြင်ပါတယ်။

“အခုလက်ရှိ အခြေအနေတွေဟာ တိုင်းပြည် အနာဂတ်အတွက် အလွန်ကောင်းသလို ခရီးသွားတွေ အတွက်လည်း ကောင်းပါတယ်။ ဘကြောင့်လဲဆိုတော့ ခရီးသွားတွေ အနေနဲ့ သတင်းတွေကို ရမယ်၊ တိုင်းပြည်အနေနဲ့လည်း ပွင့်လင်းလာမယ်ဆိုရင် ဒီမိုကရေစီလည်း ပိုပြီး ထွန်းကားလာလိမ့်မယ်လို့ မျှော်လင့်ရ ပါတယ်။”

ဒါပေမဲ့လည်း ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းအသင်း (PATA) လို ဒေသတွင်း ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေက အခြေအနေတွေဟာ သတိထားဖို့ လိုဦးမယ်လို့ မြင်ပါတယ်။ အသင်းရဲ့ ဒုတိယ အမှုဆောင် အရာရှိချုပ် John Koldowski ကတော့ မြန်မာနိုင်ငံဟာ ခရီးသွားလုပ်ငန်းအတွက် အလားအလာတွေရှိတဲ့ တိုင်းပြည်တခု ဖြစ်ပေမယ့် လက်ရှိ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေဟာ တည်ငြိမ်တဲ့ အဆင့်ကို မရောက်သေးဘူးလို့ ဆိုပါတယ်။

“ဒီအခြေအနေကနေ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြရမှာပါ။ အခုအချိန်ဟာ ပြန်လည် ဆန်းစစ်ကြည့်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လုပ်ဖို့ လုပ်ကောင်းလုပ်ကြရမယ့် အချိန် ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ကတော့ မျှော်လင့်ချက်ထားပါတယ်၊ အပြုသဘောထားလည်း ရှိပါတယ်။ ဒါပေမဲ့လည်း လောလောဆယ်တော့ ကျနော်တို့ အနေနဲ့ စောင့်ကြည့်ချင်တဲ့ ဆန္ဒပဲ ရှိပါသေးတယ်။”

လတ်တလော အခြေအနေမှာတော့ အရေအတွက် များများစားစား မြန်မာနိုင်ငံကို ခရီးသွားနိုင်ဖို့ထက် အနည်းအကျဉ်းလောက်နဲ့ အစပျိုး လုပ်နိုင်တယ်လို့ သူက ပြောခဲ့တာပါ။ မြန်မာအစိုးရရဲ့ တရားဝင် ကိန်းဂဏန်းတွေကတော့ ပြီးခဲ့တဲ့ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း ခရီးသွားပေါင်း ၃၀၀,၀၀၀ လောက် မြန်မာနိုင်ငံကို လာခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါပေမဲ့လည်း ဒီပမာဏဟာ ကမ္ဘာလှည့် ခရီးသွား ၁၄,၀၀၀,၀၀၀ ရောက်လာခဲ့တဲ့ ထိုင်းနိုင်ငံ၊ ခရီးသွား ၁,၀၀၀,၀၀၀ ရှိခဲ့တဲ့ လာအိုလို နိုင်ငံနဲ့စာရင် အများကြီး နည်းပါးနေဆဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သတင်းမီဒီယာတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို မျက်မြင်ကိုယ်တွေ့ သိလိုသူတွေ၊ စူးစမ်းလိုသူတွေ အတွက်ကတော့ အလည်အပတ်လာဖို့ စိတ်ထက်သန်နေကြဆဲ ဖြစ်ပါတယ်။

“ကျမရဲ့ ပုဂ္ဂိုလ်ရေး အမြင်အရကတော့ ဒီတိုင်းပြည်ကို လူတွေ လာရောက် လည်ပတ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ စိတ်ဝင်စားစရာ တိုင်းပြည်တခုပါ။ လူတွေနဲ့လည်း ထိတွေ့ ဆက်ဆံနိုင် ပါတယ်။ ဒါဟာ နိုင်ငံရေး အခြေအနေ ဆိုတာထက် ပိုပါတယ်။”

မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလထဲတုန်းက သံဃာတော်တွေရဲ့ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေကို စစ်တပ်က ဖြိုခွင်းခဲ့တာ၊ ၂၀၀၈ ခုနှစ်မှာလည်း နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရ တဲ့နောက် ကျဆင်းသွားခဲ့ပေမဲ့ နောက်တနှစ်ဖြစ်တဲ့ ၂၀၀၉ ခုနှစ်ထဲမှာတော့ ၁၇% ပြန်တက်လာခဲ့ပါတယ်။ မကြာသေးခင်တုန်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၊ ဟိုချီမင်းစီတီး မြို့တွေကနေ တိုက်ရိုက်လေကြောင်း ခရီးစဉ်တွေ တိုးချဲ့ ပြေးဆွဲလာတာတွေကလည်း ခရီးသွားလုပ်ငန်း အတွက် အလားအလာကောင်းတွေ ဖြစ်မယ်လို့ မျှော်လင့်နေကြတာပါ။

ပစိဖိတ်-အာရှ ခရီးသွား လုပ်ငန်းအသင်း (PATA) ကတော့ ရှေ့လာမယ့် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် အတွင်း ပျမ်းမျှ ၆% ကနေ ၇% ကြားအထိ ခရီးသွားလုပ်ငန်းမှာ တိုးတက်လာနိုင်တယ်လို့လည်း ခန့်မှန်းထား တာ ဖြစ်ပါတယ်။

XS
SM
MD
LG