သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ခရီးသွားလုပ်ငန်း ၂၅% တိုးလာ


မြန်မာ့ခရီးသွားလုပ်ငန်း ၂၅% တိုးလာ
မြန်မာ့ခရီးသွားလုပ်ငန်း ၂၅% တိုးလာ

မြန်မာနိုင်ငံကို ဒီနှစ်အတွင်း နိုင်ငံခြား ခရီးသည်တွေ လာတာ ၂၅% လောက် တိုးလာတယ်လို့ သိရပါတယ်။ ဒီလိုဖြစ်လာရတာက မြန်မာပြည်ကိုလာဖို့ ပြည်ဝင်ခွင့် ဗီဇာတွေ အရင်ကထက် လွယ်ကူလာတာတွေရယ်၊ မြန်မာပြည်နဲ့ ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေ တိုးလာတာရယ်ကြောင့်လို့ ဆိုပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ အခု ၂၀၁၁ ခုနှစ် ပထမ ၅ လအတွင်း နိုင်ငံတကာ ခရီးသည်ပေါင်း ၁၅၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ဒီပမာဏက အရင် ၂၀၁၀ နဲ့စာရင် ၂၅% လောက် တိုးလာတာလို့ မြန်မာ့ခရီးသွား လုပ်ငန်းရှင် တဦးက ပြောပါတယ်။

“မနှစ်ကနဲ့ ယှဉ်ရင်တော့ ၂၅% လောက် တက်တယ်လို့ ပြောရမှာပေါ့။ အိမ်နီးချင်း နိုင်ငံတွေကလည်း Tourism၊ အထူးသဖြင့် ထိုင်းကလည်း လူတွေက သိပ်မသွားချင်ကြတဲ့အခါ မြန်မာပြည်ကလည်း Awareness ဖြစ်လာတာပေါ့။ Destination Awareness ဖြစ်လာတဲ့ အချိန်မှာ လေကြောင်းလိုင်းတွေကလည်း အခုဆို ဗီယက်နမ် လေကြောင်းလိုင်းတို့၊ တခြား တရုတ်ဘက်က လေကြောင်းလိုင်းတွေရော၊ Air Asia ရော ဒါမျိုးတွေက ၂ ခေါက် ၂ ခေါက် ပြေးတော့ ဧည့်သည်တွေလည်း ပိုရတာပေါ့။ ဗီဇာတွေ ဘာတွေလည်း ခါတိုင်းထက်စာရင် လွယ်ကူလာတာပေါ့။ Visa on Arrival လည်း ကြိုတင် ခွင့်ပြုတယ်ဆိုရင်၊ ခွင့်ပြုချက်နဲ့ Sponsor ရှိရင် ပေးတယ်ဆိုတော့၊ အဲဒါတွေကြောင့် ဖြစ်ပါလိမ့်မယ်။”

ဒါပေမဲ့ နိုင်ငံရဲ့ ခရီးသွားကဏ္ဍကို မြှင့်တင်နိုင်ဖို့ အတွက်က ခရီးသွားဇုန်တွေ ထပ်တိုး တည်ဆောက်ပေးတာ၊ ဟိုတယ်တွေ တိုးပြီး ရင်းနှီးမြှုပ်နှံဖို့နဲ့ လမ်းပန်းဆက်သွယ်ရေး အပိုင်းမှာလည်း ပြုပြင်ဖို့ လိုတယ်လို့ ထောက်ပြပါတယ်။ မြန်မာနိုင်ငံက နိုင်ငံတကာ ခရီးသည်တွေအတွက် တခြား အိမ်နီးချင်း နိုင်ငံတွေထက် စာရင် ဈေးကြီးနေသေးတယ်လို့လည်း ခရီးသွား လုပ်ငန်းရှင်တွေက ထောက်ပြ ပြောဆိုပါတယ်။

“လာတာများပေမဲ့ တခုရှိတာက Caring Capacity မနိုင်ရင်လည်း မဖြစ်ဘူးလေ။ ဥပမာ အခုဆိုရင် လာမယ့် Season အတွက်တောင် ဟိုတယ်တွေက တော်တော်ပြည့်နေပြီ။ သယ်ယူပို့ဆောင်ရေး လေယာဉ် Seat တွေကအစ မချောင်တော့ဘူးပေါ့။ အဲဒါမျိုးတွေကို ထပ်ပြီး တိုးချဲ့ဖို့ လုပ်နိုင်မှပဲ ဧည့်သည်တွေ တိုးချဲ့လို့ ရမှာပေါ့။

“ပုံမှန်ကတော့ Market အပေါ် မူတည်တယ်။ 4 Days 3 Nights လောက် ဆိုရင်တော့ ဒေါ်လာ ၂၅၀ လောက် ရှိတာပေါ့။ တကယ်လို့ 5 Days၊ 6 Days လောက် သွားတယ်ဆိုရင်တော့ ၅၀၀ လောက် ဖြစ်တာပေါ့။ နယ်တွေသွားမယ်၊ ပုဂံ၊ မန္တလေးကို လေယာဉ်နဲ့သွားမယ် ဆိုရင်တော့ နည်းနည်း ပိုကုန်တာပေါ့။ နည်းနည်း ဈေးကြီးတယ်လို့ ပြောတယ်။ အထူးသဖြင့် Transport Cost တွေရယ်၊ Food Cost တွေကလည်း တက်လာတာပေါ့။ အဲဒါဆို နည်းနည်းတော့ ဈေးကြီးတာပေါ့။”

အိမ်နီးချင်း ထိုင်းနိုင်ငံက တနှစ်ကို နိုင်ငံတကာ ခရီးသည် ၁၄,၀၀၀,၀၀၀ လောက် ရှိနေချိန်မှာ မြန်မာနိုင်ငံက တနှစ်ကို နိုင်ငံတကာ ခရီးသည် ၂၀၀,၀၀၀ ကျော်လောက်ပဲ ရရှိနေတာဖြစ်လို့ ခရီးသွားလုပ်ငန်းက ဘက်ပေါင်းစုံ မြှင့်တင်ရမယ့် အနေအထား ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။

“ကျနော်တို့ အခု Myanmar Tourism Board အနေနဲ့တော့ အခု စပြီးတော့ စီမံချက်တွေ ဆွဲနေပါတယ်။ အုပ်စုတွေ အဖွဲ့လိုက် စီမံချက်တွေ လုပ်နေကြပါပြီ။ Transport Sector မှာ လိုအပ်နေတဲ့ မော်တော်ယာဉ်တွေ ဖြည့်ဆည်းဖို့၊ ခေတ်မီတဲ့ ကားတွေပေါ့၊ Cost တွေကလည်း ကားတွေရဲ့ ဆီဈေးတွေအပြင် Spare Parts တွေကလည်း ဈေးကြီးတော့ အဲဒါတွေကို ပြုပြင်ထိန်းသိမ်းဖို့ မလွယ်တဲ့ ကားတွေအစား အစားထိုး လုပ်နိုင်ဖို့လည်း ရှိတော့ ရှိပါတယ်။ နောက် ဟိုတယ်ဇုန်တွေ ထပ်ဖွဲ့ပြီး ဟိုတယ်တွေ တိုးချဲ့ဖို့လည်း လုပ်တော့ လုပ်နေပါတယ်။ ပုဂံတို့၊ ရန်ကုန်တို့၊ နောက် တခြား မန္တလေးတို့အထိပေါ့၊ အဲဒါတွေလည်း လုပ်နေပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တိုးတက်မှု မရှိမချင်း နိုင်ငံတကာရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဆက်ပြီး ထားရှိဖို့ တိုက်တွန်းထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍမှာ လူ့အခွင့်အရေး ချိုးဖောက်မှု မရှိတဲ့၊ သဘာ၀ ပတ်ဝန်းကျင်ကို ပျက်စီးမှု မဖြစ်စေတဲ့ တာဝန်သိ ခရီးသွားလုပ်ငန်းတွေကို ပါတီအနေနဲ့ ကြိုဆိုတယ်ဆိုပြီး ဒီနှစ် မေလအတွင်းက ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG