သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ သုံးသပ်ဆွေးနွေးမည်


NLD အစိုးရရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တခုလုံးကို သုံးသပ်မယ့် ဆွေးနွေးပွဲတရပ်ကို ဒီလ သြဂုတ်လ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပဖို့ စီစဉ်နေပါတယ်။ ပြည်တွင်း ပြည်ပက ကျွမ်းကျင်ပညာရှင်တွေ ပါဝင်မယ့် ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အမြင်တွေကတော့ အမျိုးမျိုး ရှိနေပါတယ်။ ကျယ်ပြန့်လွန်းတဲ့အကြောင်းရပ်တွေ ဖြစ်နေတာမို့ အသေးစိတ်ဆွေးနွေးပြီး ထိထိရောက်ရောက် အဖြေရှာဖို့ ခက်ခဲမယ်လို့ သုံးသပ်မှုရှိသလို၊ ဒီဆွေးနွေးပွဲဟာ ရလဒ်ကောင်းတွေ ထွက်လာနိုင်မယ်လို့ မျှော်လင့်မှုတွေကလည်း ရှိနေပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။

Forum on Myanmar Democratic Transition
Forum on Myanmar Democratic Transition

“မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီသီတင်းပတ်ကုန် နေပြည်တော်မှာ ဆွေးနွေးပွဲ ကျင်းပဖို့ စီစဉ်နေတာပါ။ NLD အစိုးရရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တခုလုံးကို သုံးသပ်မယ့် ဒီဆွေးနွေးပွဲမှာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းနဲ့ မြန်မာနိုင်ငံရဲ့ အနေအထား၊ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေး တည်ဆောက်မှု၊ သတင်းမီဒီယာတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ စသဖြင့် ကဏ္ဍတွေခွဲပြီးတော့ ဆွေးနွေးပွဲတွေ လုပ်သွားမှာဖြစ်ပါတယ်။ ကဏ္ဍအလိုက် နယ်ပယ်အသီးသီးကနေ ကျွမ်းကျင်တဲ့ ပြည်တွင်းပြည်ပက တတ်ကျွမ်းပုဂ္ဂိုလ်တွေ ပါဝင်ဆွေးနွေးမှာဖြစ်လို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေနဲ့ အနာဂတ်အတွက် အကောင်းဆုံး လမ်းညွှန်ချက် တွေ ထွက်ပေါ်လာနိုင်တယ်လို့ ဒီဆွေးနွေးပွဲမှာ ပါဝင် ဆွေးနွေးမယ့်သူတဦးဖြစ်တဲ့ မြန်မာ့ရေးရာ လေ့လာရေးအဖွဲ့က အကြီးတန်း သုတေသနမှူး ဦးအေးမောင်ကျော်က ပြောပါတယ်။

“အားလုံးပြောရရင် ခုနကပြောတဲ့ ကဏ္ဍ ၄- ၅ ခုကနေပြီးတော့ လက်ရှိရောက်နေတဲ့ အဆင့်နေရာကို ကျနော်တို့ သိမယ်။ ဘာတွေ လိုအပ်နေသေးသလဲဆိုတဲ့ သုံးသပ်ချက်တွေပေါ်ထွက်လာမယ်။ နောက်တခုက ကျနော်တို့ ဘာတွေသင်ခန်းစာတွေရှိသလဲ အရင်အစိုးရလက်ထက်က ဆောင်ရွက်ရမယ့်ကိစ္စတွေကို ကျနော်တို့ ဘယ်လောက်အထိလုပ်နိုင်ပြီလဲပေါ့နော်၊ ဘယ်လောက်အထိ ကျန်သေးသလဲ စသဖြင့် သုံးသပ်ချက်တွေက ဘက်ပေါင်းစုံထွက်လာလိမ့်မယ်လို့ကျနော်ထင်တယ်။ ဒါတွေက ကျနော်တို့ဆက်သွားမယ့် အစိုးရသက်တမ်း ၃ နှစ်ကျော်လောက် ကာလအတွင်းမှာ ဒါတွေက ကိုးကားစရာပေါ့နော် ၊ မှီငြမ်းကိုးကား စရာအဖြစ်ဖြစ်လာမယ်လို့ ကျနော်ထင်ပါတယ်။”

လက်ရှိ NLD အစိုးရ အနေနဲ့ ရွေးကောက်ပွဲကာလ ကြွေးကြော်လာခဲ့တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလို အဓိကကျတဲ့ ကိစ္စရပ်တွေမှာ ဘယ်လောက်အထိ ဆောင်ရွက်နိုင်ခဲ့ပြီလဲ။ ဘာတွေ လုပ်ဖို့ကျန်နေသေးလဲ ဆိုတာတွေကို သုံးသပ်ကြမှာဖြစ်ပြီး အနာဂတ်မှာ ဘယ်လို အကောင်းဆုံး ဆောင်ရွက်နိုင်မလဲ ဆိုတာကို ဝိုင်းဝန်း အဖြေရှာကြတဲ့သဘော ဖြစ်လို့ အရေးပါတဲ့ ဆွေးနွေးပွဲတရပ် ဖြစ်တယ်လို့ ဦးအေးမောင်ကျော်က ပြောပါတယ်။

ဒါပေမဲ့ ဒီဆွေးနွေးပွဲမှာ အားနည်းချက်တချို့ ရှိတယ်လို့ သုံးသပ်တာတွေလည်း ရှိပါတယ်။ သုံးရက်တာ ကျင်းပမယ့် ဆွေးနွေးပွဲမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေက ကျယ်ပြန့်လွန်းတာကြောင့် အသွင်ကူးပြောင်းရေးကာလ စိန်ခေါ်မှုတွေကို အသေးစိတ် ဆွေးနွေးနိုင်မှာ မဟုတ်ဘဲ ထိရောက်မှုနည်းနိုင်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

“ခေါင်းစဉ်က ကျနော့်အမြင်အားဖြင့် အင်မတန်မှ ကျယ်ပြန့်တယ်လို့ မြင်ပါတယ်။ ကျယ်ပြန့်ပြီးတော့ တိုင်းပြည်ရဲ့ လက်တလောသွားနေတဲ့ အသွင်ကူးပြောင်းရေးကာလနဲ့ နှိုင်းယှဉ်မယ်ဆိုရင် နည်နည်းလေးအားနည်းချက်ရှိနေတယ်လို့ ကျနော်တို့မြင်တယ်။ အထူးသဖြင့်ကတော့ ဘာလဲဆိုတော့ အဓိကအားဖြင့်တော့ ကဏ္ဍကိုလိုက်ပြီးတော့ သီးသန့်လုပ်တဲ့ ဖိုရမ်မျိုးဆိုရင် ၃ ရက်လောက်အတွင်းမှာ ပိုပြီးတော့ ထိရောက်တဲ့ အကျိုးရှိတဲ့ ရလဒ်မျိုး ထွက်နိုင်မယ်လို့ ကျနော်ကတော့မြင်တယ်။

ဥပမာအားဖြင့် Peace နဲ့ ပတ်သက်တဲ့ ကျနော်တို့ ဖိုရမ်လိုမျိုး နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းနဲ့ ဆက်စပ်တဲ့ဖိုရမ်လိုမျိုး နောက်အခုလက်တလောပေါ့လေ အရေးတကြီးကျနော်မှာ စိန်ခေါ်မှုဖြစ်နေတာက One Belt One Road ပေါ့လေ တခုတည်းသော ရပ်ဝန်း၊ တခုတည်းသော လမ်းကြောင်း စီးပွားရေး ရပ်ဝန်းနဲ့ ပတ်သက်တဲ့ ဖိုရမ်လိုမျိုးပေါ့ အဲလိုသီးခြားခေါင်းစဉ် တခုအောက်မှာ လုပ်တဲ့ ဖိုရမ်လိုမျိုးဆိုရင်တော့ ၃ ရက်တာ ကာလအတွင်းမှာ တကယ်ကို တိုင်းပြည်ရဲ့အပြောင်းအလဲအတွက် လိုအပ်တဲ့ မူဝါဒ လမ်းစဉ်ပိုင်းတွေ လုပ်ငန်းစဉ်ပိုင်းတွေကို ခြုံငြုံမိနိုင်တယ်လို့ မြင်တယ်။

ဒါပေမယ့် အခုလုပ်မယ့် ဖိုရမ်မှာကျတော့ ခေါင်းစဉ်က အရမ်းကျယ်ပြန့်တယ်။ နယ်ပယ်တွေကလည်း ကျယ်ပြန့်တဲ့အခါကျတော့ ပညာရှင်တွေအနေနဲ့ နယ်ပယ်အလိုက် ထိတွေ့နိုင်မယ့်အနေအထား၊ သုံးသပ်နိုင်မယ့်အနေအထားက သိပ်ပြီးတော့ အသေးစိတ်ဖြစ်လာဖို့က နည်းတယ်ပေါ့လေ။ အဲဒီအတွက်ကြောင့် လာမယ့် ဖိုရမ်ရဲ့ ရလဒ်က ကျနော့်အမြင်အားဖြင့်တော့ လက်ရှိကျနော်တို့နိုင်ငံမှာ ကြုံတွေ့နေရတဲ့ အသွင်ကူးပြောင်းရေးကာလ စိန်ခေါ်မှုတွေကို အပေါ်ယံလောက်ပဲ ထိနိုင်တို့နိုင်တဲ့အနေအထား ဖြစ်လိမ့်မယ်လို့ ကျနော်သုံးသပ်ပါတယ်။”

အခုဆွေးနွေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက် အဖွင့် အမိန့်ခွန်းစကား ပြောကြားမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာတော့ ဝန်ကြီးဌာနတွေက အဆင့်မြင့်အရာရှိတွေ၊ ဥပဒေပြုလွှတ်တော်အမတ်တွေ၊ ပြည်တွင်း ပြည်ပက နိုင်ငံရေး သုတေသီတွေ၊ စီးပွားရေးပညာရှင်တွေ၊ သတင်းမီဒီယာသမားတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေ အပြင် ဒေသတွင်းနိုင်ငံတချို့က သံအမတ်ကြီးတွေလည်း တက်ရောက် ပါဝင်ဆွေးနွေးကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG