သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အသွင်ကူးပြောင်းရေး စိန်ခေါ်မှု ကန်-ဝန်ကြီး ထောက်ပြ


 အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken သတင်းစာရှင်းလင်းပွဲလုပ်စဉ်။(သတင်းဓါတ်ပုံ-VOA သတင်းထောက် မသိင်္ဂ ီလင်း)
အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken သတင်းစာရှင်းလင်းပွဲလုပ်စဉ်။(သတင်းဓါတ်ပုံ-VOA သတင်းထောက် မသိင်္ဂ ီလင်း)

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေမှာ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံကို မနေ့ကပဲ ရောက်လာတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောကြားလိုက်ပါတယ်။ ရွေးကောက်ပွဲလွန်ကာလ ဒီမိုကရေစီ အကူးအပြောင်း လုပ်ငန်းစဉ်တွေကို အကဲခတ်ဖို့ မြန်မာနိုင်ငံကို သွားရောက်ပြီး၊ ထိပ်တန်းနိုင်ငံရေး ခေါင်းဆောင်တွေနဲ့ပါ အမေရိကန် အဆင့်မြင့်သံတမန်က တွေ့ဆုံခဲ့တာပါ။ ခရီးစဉ်အဆုံးသတ်အဖြစ် ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ VOA သတင်းထောက် မသိင်္ဂ ီလင်းက အပြည့်အစုံ ပြောပြပေးမှာပါ။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေကို အောင်မြင်စွာကျင်းပနိုင်တဲ့အပေါ် အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken က ချီးကျူးခဲ့ပေမဲ့၊ ရွေးကောက်ပွဲ နောက်ပိုင်းမှာလည်း နိုင်ငံရေး၊ စီးပွားရေး အပါအဝင် တခြားစိန်ခေါ်မှုတွေကို ရင်ဆိုင်ရဦးမယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။ ခရီးစဉ်အဆုံးသတ်အဖြစ် နေပြည်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ အမေရိကန် အဆင့်မြင့် သံတမန် Blinken က ပြောဆိုခဲ့တာပါ။

“လာမယ့် အသွင်ကူးပြောင်းရေး အစီအစဉ်တွေဟာ ဒီမိုကရေစီ အပြည့်အ၀ ထွန်းကားရေးအတွက် အရေးကြီးတဲ့ သမိုင်းမှတ်တိုင်တခုသာ ဖြစ်ပါတယ်။ ရှေ့လျှောက် စိန်ခေါ်မှုတွေ အများအပြားရှိမယ် ဆိုတာလည်း ကျနော်တို့ သိပါတယ်။ စီးပွားရေး ဖွံ့ဖြိုးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ခံစားခွင့်ရဖို့လိုသလို၊ ရေရှည်ခံဖို့လည်း လိုပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းတွေလည်း ရှေ့ဆက်ရဦးမှာပါ။”

ခရီးစဉ်အတွင်း တေ့ွဆုံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူဦးဆောင်တဲ့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ဆက်ဆံရေးတွေ ခိုင်မာအောင် ဆက်လက်တည်ဆောက်သွားဖို့ ရည်ရွယ်ထားတယ်လို့လည်း Mr. Blinken က ပြောဆိုခဲ့ပါတယ်။ NLD ပါတီ ဦးဆောင်တဲ့ အစိုးရသစ်နဲ့ အတူလက်တွဲပြီး မြန်မာနိုင်ငံကို ဆက်လက် ကူညီပံ့ပိုးသွားမယ်လို့လည်း ကတိပြုပြောကြားခဲ့တာပါ။

“ဒီနှစ်ထဲမှာ အသစ်တက်လာမယ့် အစိုးရသစ်နဲ့ လက်တွဲ အလုပ်လုပ်ဖို့လည်း မျှော်လင့်ထားပါတယ်။ အမေရိကန် အနေနဲ့ မကြာသေးခင် နှစ်တွေကတည်းက မြန်မာနိုင်ငံကို ပံ့ပိုးကူညီမှုတွေ ရှိခဲ့သလို၊ အစိုးရသစ်လက်ထက်မှာလည်း တိုးမြှင့် ဆောင်ရွက်လိုကြောင်း ပြောချင်ပါတယ်။”

အမေရိကန်အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့နဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကဏ္ဍစုံကနေ အားဖြည့် ကူညီဖို့ ရှိနေတယ်လို့လည်း ဒုဝန်ကြီး Blinken က ပြောဆိုခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့ ကူညီထောက်ပံ့မှုတွေဟာ မြန်မာပြည်သူတွေ အတွက်သာဖြစ်ပြီး အာရှမှာ အင်အားကြီးလာတဲ့ မြန်မာအိမ်နီးချင်း တရုတ်နိုင်ငံကို ချိန်ခွင်လျှာညှိဖို့ လုပ်တာ မဟုတ်ဘူးလို့လည်း Mr. Blinken က သတင်းထောက်တစ်ယောက်ရဲ့ မေးမြန်းမှုကို သွယ်ဝိုက်ဖြေကြားသွားပါတယ်။

“မြန်မာနိုင်ငံနဲ့ ကျနော်တို့ ထိတွေ့ဆက်ဆံနေတာတွေ၊ အစိုးရနဲ့ လူထုနဲ့ လက်တွဲ လုပ်ကိုင်နေတာတွေဟာ မြန်မာနိုင်ငံအတွက်သာ ဖြစ်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံ အပါအဝင် တခြားဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေနဲ့ အကောင်းဆုံး ဆက်ဆံရေးတွေ ထူထောင်နိုင်မယ်လို့လည်း အခိုင်အမာမျှော်လင့်ထားပါတယ်။”

လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့လည်း အမှုရင်ဆိုင်နေရတဲ့ ဆန္ဒပြကျောင်းသားတွေ၊ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စကို ပြီးပြတ်အောင် ဖြေရှင်းပြီး ထိန်းသိမ်းထားရာကနေ လွှတ်ပေးဖို့ကိုလည်း Mr. Blinken က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Blinken ရဲ့ အခုနောက်ဆုံး ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်အတွင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့ရုံသာမက သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းတို့နဲ့ လည်းတွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG