သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရအလွှဲအပြောင်း ၁၁ ရက်နေ့ အချောသတ် ဆွေးနွေးမည်


 ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ကို VOA သီးသန့်မေးမြန်းခဲ့စဉ် (၁၁.၁၈.၂၀၁၅)
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ကို VOA သီးသန့်မေးမြန်းခဲ့စဉ် (၁၁.၁၈.၂၀၁၅)

သမ္မတနဲ့ အစိုးရတာဝန် အလွဲှအပြောင်းကိစ္စတွေအတွက် လက်ရှိ အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ အနိုင်ရ NLD ပါတီ ကိုယ်စားလှယ်တွေအကြား လာမယ့် ၁၁ ရက်နေ့မှာ အချောသပ် ဆွေးနွေးဖို့ ပြင်ဆင်နေကြပါတယ်။ သမ္မတ အာဏာ အလွဲှအပြောင်းကိစ္စတွေအတွက် နှစ်ဖက်အကြား ကွဲလွဲတဲ့အမြင်အချို့ ရှိနေတာမို့၊ ဒီအပေါ် ညှိနှိုင်းဆောင်ရွက်ဖို့ ကျန်ရှိနေတယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က ဗွီအိုအေကို ပြောပါတယ်။ ဦးရဲထွဋ်ကို ဗွီအိုအေ သတင်းထောက် ကိုထက်အောင်က ဆက်သွယ်မေးမြန်းစဉ် သူက အခုလိုစပြောပါတယ်။

ဦးရဲထွဋ်။ ။ ကျနော်တို့ ၁၁ ရက်နေ့တွေ့မယ်လေ။ ကျနော်တို့က ဖိတ်စာပို့ထားတာပေါ့ သူတို့ဘက်ကတော့ အကြောင်းမပြန်သေးဘူး။

ထက်အောင်။ ။ ဘာတွေများအဓိကထားပြီးဆွေးနွေးဖို့ရှိပါသလဲ အဲဒီအခါ ကျရင်လေ။

ဦးရဲထွဋ်။ ။ အဓိက ကျနော်တို့ဘက်ကပြင်ဆင်ထားတာတော့ဗျာ သမ္မတ လွဲပြောင်းရေးတာဝန်နဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက သဘောတူထားတာတော့ ရှိပါတယ်။ အဲဒါကတော့ ကတိ သစ္စာပြုတာကို လွှတ်တော်မှာလုပ်မယ်။ တာဝန်လွှဲပြောင်းတဲ့အခန်းအနားကို သမ္မတ အိမ်တော်မှာလုပ်မယ် ဒါကတော့ အခြေခံအားဖြင့် သဘောတူပြီးသားပါ။ အခု ကျနော်တို့ ထပ်ဖြည့်ရမှာတော့ သမ္မတ အိမ်တော်မှာ အခမ်းအနားကို ကျင်းပရင် ဘယ်လိုပုံစံနဲ့ လုပ်မလဲဆိုတဲ့ ကိစ္စကတော့ ကျနော်တို့ ကြားမှာ ပြန်ညှိဖို့လိုနေသေးပါတယ်။ အဲဒါကိုတော့ ကျနော်တို့ဘက်က အဓိကဆွေးနွေးဖို့ စဉ်းစားထားပါတယ်။

ထက်အောင်။ ။ ဒီ သမ္မတ ကတိသစ္စာပြုတာကို NLD ဘက်က လွှတ်တော်မှာလုပ်ဖို့ သူတို့က ဆန္ဒရှိကြပါတယ်။ ဆိုတော့ အဲဒီပွဲကိုရော သမ္မတ ဦးသိန်းစိန် အပါအဝင်ပေါ့လေ ဒီ ဝန်ကြီးချုပ်အစိုးရအဖွဲ့တွေ လာဖို့ အစီအစဉ်ရှိပါသလားခင်ဗျာ။

ဦးရဲထွဋ်။ ။ လွှတ်တော်မှာ ကတိသစ္စာပြုတာကတော့ ကျနော်တို့ ၂၀၁၁ တုန်းက အစဉ်အလာအတိုင်းဆိုရင်တော့ သမ္မတ အသစ်နဲ့ သူ့ကို ရွေးချယ် လိုက်တဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေ ကျနော်တို့ဒါ တခြား ဖိတ်ကြား ထားတဲ့ ဧည့်သည်တွေ တက်ရောက်ဖို့ရှိပါတယ်ခင်ဗျာ။ ကျနော်တို့ သမ္မတကတော့ အဲဒီမှာ သွားပြီးသူက တက်ဖို့မရှိပါဘူး။ သူကတော့ အိမ်က စောင့်ဆိုင်းပြီးတော့မှ ကတိသစ္စာပြုပြီးလို့ သမ္မတအသစ်တာဝန် စတင်ထမ်းဆောင်မယ့် သမ္မတကို တာဝန်လွှဲပြောင်း ဖို့အတွက် စောင့်ဆိုင်းနေ မှာဖြစ်ပါတယ်။

ထက်အောင်။ ။ ဟုတ်ကဲ့။ ဝန်ကြီးတို့ဘက်က ဒီသမ္မတ အာဏာလွှဲပြောင်းရေးနဲ့ ပတ်သက်လို့ အိမ်တော်မှာလုပ်ဖို့အတွက် အဓိက ဆွေးနွေးသွားမယ်ပေါ့လေ။ ဆိုတော့ အဲဒီဆွေးနွေးပွဲအဆိုကိုရော သူတို့ဘက်က NLD ဘက်ကရော လက်ခံပါရဲ့လားခင်ဗျာ။ ဒီအိမ်တော်မှာပဲလုပ်ဖို့ရော သူတို့ သဘောတူ ပါရဲ့လားခင်ဗျာ။

ဦးရဲထွဋ်။ ။ အခမ်းအနားကို အိမ်တော်မှာ လုပ်မယ်ဆိုတာ သူတို့လည်း သဘောတူ တယ်။ တာဝန်လွဲတဲ့အခမ်းအနားကို သို့သော် အဲဒီအခမ်းအနားကို ဘယ်လိုပုံစံ ၊ ဘယ်လိုအဆင့်နဲ့ ကျင်းပမယ်ဆိုတာတော့ ကျနော်တို့ကြားမှာ ကွဲလွဲမှုတွေ ရှိနေတော့ ပြန်ညှိရဦးမယ်။

ထက်အောင်။ ။ ဟုတ်ကဲ့။ ဘယ်လိုတွေများ ကွဲလွဲမှုတွေ ရှိနေတာပါလဲ ခင်ဗျာ။

ဦးရဲထွဋ်။ ။ အဓိကတော့ ဟိုဟာပါပဲ ကျနော်တို့က ဂုဏ်ပြုတပ်ဖွဲ့လိုမျိုး ထည့်မလားပေါ့၊ ကျနော်တို့ကတော့ ဂုဏ်ပြုတပ်ဖွဲ့လိုမျိုးထည့်ချင်တာပေါ့နော်။ ဒါက နိုင်ငံရေးအရလည်း အနှစ်သာရရှိတယ်။ ဂုဏ်ပြုတပ်ဖွဲ့ဆိုတာက တပ်မတော်နဲ့ နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ တပ်ဖွဲ့ပေါ့။ ဒါမျိုးထည့်ဖို့ သူတို့ဘက် ကတော့ အဲဒါမျိုးတွေကို ထည့်သင့်၊ မထည့်သင့် ပြန်စဉ်းစားမယ်ဆိုတဲ့ သဘောမျိုးတော့ ရှိတယ်။ ဒါမျိုးတွေ ကွဲလွဲတာပါ။

ထက်အောင်။ ။ ဝန်ကြီးတို့ဘက်ကရော ဒီသမ္မတ အာဏာလွှဲပြောင်းရေးနဲ့ပတ်သက် လို့ ဒီထက် ဘာတွေများ အဓိကထား ဆွေးနွေးဖို့ရှိပါသလဲ ခင်ဗျာ။

ဦးရဲထွဋ်။ ။ မရှိပါဘူးခင်ဗျာ။ အရင်တုန်းကလည်း ကျနော်တို့က သူတို့ကို power point တွေနဲ့ ရှင်းပြထားပြီးသားပါ။ အခုတော့ ကျနော်တို့ နောက်ဆုံး အသေးစိတ်ပြန်ညှိရမယ့် သဘောပေါ့။ ဒီနေရာမှာတော့ဗျာ ခင်ဗျားတို့ရော၊ သူတို့ အားလုံးနားလည်ထားဖို့လိုတာက ဒါ ဦးသိန်းစိန်အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တဲ့ အစိုးရ ၂ ခုတည်းနဲ့ဆိုင်တဲ့ အခမ်းအနား မဟုတ်ဘူး။ နောင်မှာအစဉ်အဆက် လုပ်ဖို့လိုအပ်တဲ့ အတွက်ကြောင့်မို့လို့ ပါသင့်ပါထိုက်တဲ့အစီအစဉ်တွေအားလုံး ပါဖို့အတွက် ကျနော်တို့အားလုံး စဉ်းစားဆောင်ရွက်နေတာပေါ့။ နောက်တခုကလည်း အကုန်အကျများမယ်၊ ဘာညာ ပြောတာရှိပါတယ်။ တကယ်ကျတော့ ကျနော်တို့လုပ်မယ့်အခမ်းအနားလည်း ဘာမှ ကုန်ကျစရာမရှိပါဘူး။ ဂုဏ်ပြုတပ်ဖွဲ့ဆိုတာလည်း အသင့်ဖွဲ့စည်းပြီးသားဖြစ်တယ်။ အခြားနိုင်ငံတကာ ခေါင်းဆောင်တွေကလည်း သူတို့ အလေးပြု ကြိုဆိုနေကြဖြစ်တယ်။ နောက်တခါ အိမ်တော်ထဲမှာလုပ်မယ့် သီဟာသနပလ္လင် ပုံတူရှေ့မှာလုပ်မယ့် အခမ်းအနားဆိုရင်လည်း ဘာမှ ငွေကြေးကုန်ကျ စရာမရှိပါဘူး။ နောက်တခါ ဧည့်ခံပွဲတွေ၊ ဧည့်ခံပွဲကြီးတွေလည်း ပါမှာမဟုတ်ပါဘူး။

ထက်အောင်။ ။ ဆိုတော့ တကယ်လို့များပေါ့နော် အိမ်တော်မှာ အဲလိုမျိုး အခမ်းအနားပေါ့နော် ဝန်ကြီးတို့ပြောသလိုများ တကယ်လို့ လုပ်ဖြစ်မယ်ဆိုရင် ဘယ်ရက်မှာများလုပ်ဖို့ရှိပါသလဲခင်ဗျာ။

ဦးရဲထွဋ်။ ။ဒါတွေကတော့ ကျနော်တို့က သမ္မတသစ် ကတိသစ္စာပြုတဲ့ သမ္မတကြီး ဦးသိန်းစိန်လုပ်ခဲ့တဲ့ဟာကိုမူတည်ပြီးပြောရရင်တော့ မတ်လ ၃၀ ပေါ့ဗျာ။ အဲဒီဟာမျိုးပြီးတဲ့အချိန်မှာ လွှတ်တော်ကနေ ဒီကိုထွက်လာပြီးတော့ ဆက်လုပ်မှာပေါ့ဗျာ။ တကယ်ကျတော့ အပိုင်း၂ ပိုင်းပေါ့ ။ ဒါပေမယ့် ကျင်းပတာကတော့ တဆက်တည်းဖြစ်ဖို့ များပါတယ်။

ထက်အောင်။ ။ သမ္မတ အာဏာလွဲပြောင်းရေးအပါအဝင်ပေါ့လေ အစိုးရ တခုနဲ့တခု အပြောင်းအလဲမှာဆိုရင် ဒီ ၂၀၀၈ အခြေခံ ဥပဒေအရဆိုရင် တိတိကျကျ ပြဌာန်း မထားဘူးဆိုပြီးတော့ တချို့ကပြောဆိုနေကြပါတယ် ဝန်ကြီးခင်ဗျာ။ အဲဒါနဲ့ ပတ်သက်လို့ ဝန်ကြီးတို့ကရော အာဏာလွှဲပြောင်းရေးမှာ တခုနဲ့တခု၊ တဖက်နဲ့ တဖက် အဆင်ပြေချောချောမွေ့မွေ့ဖြစ်အောင် ဘာတွေများ အဓိကထား စီစဉ်ထား ပါသလဲခင်ဗျာ။

ဦးရဲထွဋ်။ ။ အဓိကဗျာ ကျနော်တို့လွှတ်တော် ဒီ အာဏာလွဲပြောင်းတာနဲ့ ပတ်သက်ပြီးတော့ တာဝန်လွဲပြောင်းတာနဲ့ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တိတိကျကျဖော်ပြ ထားခြင်းမရှိတဲ့ အတွက်ကြောင့် နောင်ကို အစဉ်အလာကောင်း တခုဖြစ်အောင် ကြိုးစားပြီးဆောင်ရွက်နေတာပေါ့။ ဒါကြောင့်မို့လိုလဲ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့တဲ့အချိန်မှာ ၂ ဘက် ကော်မတီတွေ ဖွဲ့ပြီးတော့ ပူးပြောင်းဆောင်ရွယ်မယ် ဆိုပြီးလုပ်ခဲ့တာရှိတယ်။ နောက်တခါ ဝန်ကြီးဌာန တခုချင်းအလိုက်လည်း စနစ်တကျ တာဝန်လွဲပြောင်းနိုင်အောင် ကျနော်တို့ စီစဉ်နေတယ်။ ဘာတွေလုပ်နေသလဲလို့ပြောရင်တော့ ၁ ကတော့ ကျနော်တို့ ကော်မတီဖွဲ့တယ်။ ၂ ကတော့ ကျတော်တို့ ဝန်ကြီးဌာန တခုချင်း အလိုက်ပြင်ဆင်တယ်။ ၃ ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါတဲ့ ကိစ္စတခု နောင်ရေရှည်တည်တံ့မယ့် အစဉ်အလာကောင်း တခု ဖြစ်အောင် နိုင်ငံ့ ဂုဏ်သိက္ခာနဲ့ညီအောင် ဆောင်ရွက်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။

ထက်အောင်။ ။ ဟုတ်ကဲ့ပါ ခင်ဗျာ။ ဝန်ကြီး ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

ဦးရဲထွဋ်။ ။ကောင်းပါပြီ ခင်ဗျာ။

XS
SM
MD
LG