သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်စခန်းမှ အမေရိကန် နပန်းလောကကို လှမ်းနိုင်ခဲ့တဲ့ ကရင်အမွှာညီအစ်ကိုနှစ်ဦး


ဆားကီးနဲ့ ဆားလာ(credit: CBS)
ဆားကီးနဲ့ ဆားလာ(credit: CBS)

အမေရိကန်ပြည်ထောင်စု မင်နီဆိုးတားပြည်နယ်မှာကျင်းပနေတဲ့ ပြည်နယ်အဆင့် အထက်တန်းကျောင်းနပန်းပွဲတွေထဲမှာ မြန်မာနိုင်ငံက ပြောင်းရွှေ့လာကြတဲ့ ကရင်ဒုက္ခသည် အမွှာညီအကိုလည်း ပါဝင်ယှဉ်ပြိုင်နေပါတယ်။ သူတို့ညီအကိုနှစ်ဦးကို အားပေး နေသူတွေလည်းအများအပြားရှိနေပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

ဆားကီးနဲ့ဆားလာ ဆိုတဲ့ ကရင်အမွှာညီအကို၂ဦးဟာ လသားအရွယ်လောက်မှာ မြန်မာနိုင်ငံကနေထွက်လာပြီး ထိုင်း မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှာနေခဲ့ကြပါတယ်။ သူတို့အသက်၉နှစ်လောက်ရောက်လာတဲ့အခါမှာတော့ အမေရိ ကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေချခဲ့ကြပါတယ်။ အခုတော့ မင်နီဆိုးတားပြည်နယ် မာရှလ်မြို့မှာသူတို့နေထိုင်ကြ ပြီး အဲဒီမြို့ကအထက်တန်းကျောင်းမှာပညာသင်နေကြပါတယ်။ အဲဒီကျောင်းက Tiger လို့ခေါ်တဲ့ နပန်းအသင်းမှာ ဆားကီးနဲ့ဆားလာတို့က နာမည်ကြီးတွေပါ။

အခုလောလောဆယ် အထက်တန်းကျောင်းတွေရဲ့ ပြည်နယ်အဆင့် နပမ်းပြိုင်ပွဲမှာ ဆာကီးနဲ့ဆာလားတို့ညီအကိုဝင်ပြိုင် နေကြတာကို မာရှယ်မြို့ခံတွေက အကြီးအကျယ်အားပေးနေကြပါတယ်။

ဒီကရင်အမွှာညီအကိုအကြောင်းကို CBS ရုပ်သံသတင်းဌာနကရိုက်ကူးထုတ်လွှင့်ခဲ့တဲ့အထဲမှာ သူတို့ရဲ့ဘဝနောက်ခံ အကြောင်းကို ဆာကီးနဲ့ဆာလာတို့က ရှင်းပြကြပါတယ်။

"နို့ဖိုးဒုက္ခသည်စခန်းမှာကျနော်တို့နေခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုကို ကျနော်တို့အသက် ၉နှစ်-၁၀နှစ်လောက်မှာပြောင်းလာပါတယ်။ ဒီမှာက ကျနော်တို့နေခဲ့တဲ့နေရာနဲ့ လုံး၀ တခြားစီပါပဲ။ ရာသီဥတုလည်းတခြားစီပဲ။ ဒီမှာက နှင်းတွေကျတယ်"လို့ပြောသွားခဲ့တာပါ။

ဆာကီးက ကိုယ်အလေးချိန် ၁၁၃ပေါင်တန်းမှာ ဝင်ယှဉ်ပြိုင်နေတာဖြစ်ပြီး ဆာလာကတော့ ပေါင် ၁၂၀တန်းမှာ ဝင်ပြိုင် နေပါတယ်။ သူတို့ညီအကိုနှစ်ဦးရဲ့ ကြိုးပမ်းမှုတွေကို အနီးကပ်အားပေးကူညီနေတဲ့ မာရှယ်မြို့ခံတွေလည်းရှိပါတယ်။ အဲဒီ အထဲမှာ Al Roth နဲ့သူ့ရဲ့ဇနီး Mary တို့က သူတို့ရဲ့ မွေးစားမိဘတွေလို ကူညီအားပေးနေကြတာပါ။ Al Roth က သူတို့ ညီအကိုရဲ့ တိုးတက်လာမှုတွေကို ရှင်းပြပါတယ်။

"သူတို့ညီအကိုတွေဒီကိုရောက်လာတုန်းက ဒုတိယတန်းပဲရှိပါသေးတယ်။ အင်္ဂလိပ်လိုမပြောတတ်သေးပါဘူး။ ကျောင်း မှာ သူတို့ တော်တော်ကြိုးစားကြပြီး အခြေအနေကောင်းပါတယ်။ သူတို့ညီအကိုနဲ့ ကျောင်းက သူတို့ရဲ့ဆရာဆရာမ တွေကို ချီးကျူးရမှာပါပဲ။အခုလိုသူတို့ထူးချွန်လာတာက အံ့သြဖို့ကောင်းပါတယ်။ "

လောလောဆယ်ပြိုင်ပွဲတွေမှာ ဆာကီးက တပွဲရှုံး တပွဲနိုင်နဲ့ဆက်ပြီးယှဉ်ပြိုင်နေပြီး ဆာလာကလည်း တပွဲရှုံးနဲ့ဆက်ပြိုင် နေပါတယ်။ မကြာခင်ရက်ပိုင်းတွေမှာ အကြိုဗိုလ်လုပွဲရောက်လာပါတော့မယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG