သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်သမ္မတနေရာ ဦးဝင်းမြင့် ဖြစ်နိုင်ချေများ


 ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်
ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ လက်ရှိ အလုပ်တာဝန်ကနေ အနားယူလိုတာကြောင့် သမ္မတရာထူးကနေ နုတ်ထွက်ကြောင်း ဒီကနေ့ မနက်ပိုင်းမှာ နိုင်ငံတော်သမ္မတရုံးကနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပြည်သူ တွေကြားမှာ သမ္မတအသစ် ဘယ်သူဆက်ခံမလဲဆိုတာ စိတ်ဝင်စားနေချိန်မှာပဲ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က လက်ရှိတာဝန်က နုတ်ထွက်ကြောင်း ထွက်ပေါ်လာပါတယ်။ နိုင်ငံရေးလေ့လာသူတွေ ကတော့ ဦးဝင်းမြင့်ဟာ သမ္မတဖြစ်လာဖွယ်ရှိကြောင်း သုံးသပ်ကြပြီး ဒီအပြောင်းအလဲဟာ မြန်မာနိုင်ငံရေးမှာ ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ ။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကာလအတော်ကြာတည်းက ကျန်းမာရေးယိုယွင်းလာတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ဒီကနေ့ မနက်မှာပဲ နုတ်ထွက်လိုက်တာဖြစ်ပါတယ်။

ဦးထင်ကျော်နုတ်ထွက်ကြောင်းကို သမ္မတရုံးက ထုတ်ပြန်ရာမှာ လက်ရှိ အလုပ်တာဝန်က အနားယူလို တာကြောင့်လို့ ဖော်ပြပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၇၃၊ ပုဒ်မခွဲ(ခ)အရ လစ်လပ်သွားတဲ့ နိုင်ငံတော် သမ္မတ ရာထူးကို အလုပ်လုပ်ရက် ၇ရက်အတွင်း ဖြည့်စွက်နိုင်ရေးအတွက်လည်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန် ထားပါတယ်။

နိုင်ငံတော် သမ္မတနုတ်ထွက်ကြောင်း သတင်းထုတ်ပြန်ပြီး မကြာခင်မှာပဲ လက်ရှိ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးတီခွန်မြတ်က ဥက္ကဌ နုတ်ထွက်ကြောင်း အခုလို ကြေညာခဲ့ပါတယ်။

“ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ ဒီနေ့ အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်များ ကို အသိပေးရန်ရှိပါတယ်။ ပြည်သူ့လွှတ်တေ်ာဥက္ကဌ ဦးဝင်းမြင့် တာမွေ မဲဆန္ဒနယ်မှ လွှတ်တော်ဥက္ကဌ တာဝန်မှ နုတ်ထွက်ကြောင်း ၂၀၁၈ခုနှစ် မတ်လ ၂၁ရက်ရက်စွဲဖြင့် လက်မှတ်ရေးထိုးတင်ပြလာပါတယ်။ ”

ဦးတီခွန်မြတ်က ဦးဝင်းမြင့်ရဲ့ နုတ်ထွက်စာကို ဖတ်ကြားပြခဲ့သလို လစ်လပ်သွားတဲ့ လွှတ်တော် ဥက္ကဌနေရာကို လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်သွားမယ်လို့ ပြောကြားပြီး လွှတ်တော်အစည်းအဝေးကို ရပ်နားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတနုတ်ထွက်ကြောင်းကြေညာပြီးချိန်မှာပဲ ပြည်သူ့လွှတ်တော်ဥက္ကဌ နုတ်ထွက်လိုက်တဲ့အတွက် နိုင်ငံရေးလေ့လာသူတွေက နောက်ဆက်ခံမယ့် သမ္မတဟာ ဦးဝင်းမြင့်ဖြစ်နိုင်ကြောင်း သုံးသပ်နေကြပါတယ်။

“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်တွေ အနေနဲ့ ၅၉(စ)လုံးနဲ့ မငြိတာဆိုရင် ဦးဝင်းမြင့် ရှိမှာပေါ့နော်။ ဆိုလိုတာကတော့ ဦးဝင်းထိန်၊ (ဒေါက်တာ) ဇော်မြင့်မောင်၊ ဦးဝင်းမြင့် အတွင်းရေးမှုး အဖွဲ့ဝင် ထဲမှာ နောက် ဒီဘက်က ဦးဉာဏ်ဝင်း၊ ဆရာဦးဟံသာရှိမယ်ပေါ့လေ။ အတွင်းရေးမှုးအဖွဲ့ထဲကို ကြည့်လိုက်လု့ိ ရှိရင် ဒီ စနစ်ထဲမှာ အတွေ့အကြုံရှိခဲ့တဲ့လူတွေထဲက တယောက်ကို ကြည့်မယ်ဆိုရင်တော့ ဆရာဦးဝင်းမြင့် က အသင့်တော်ဆုံးဖြစ်တာပေါ့နော်။ ဆရာဦးဝင်းမြင့်က သမ္မတဖြစ်မယ်ဆို ဖြစ်နိုင်ချေက အများဆုံးပါပဲ။ ”

ဒါကတော့ နိုင်ငံရေးလေ့လာသူ သင့်ဘဝမဂ္ဂဇင်း အယ်ဒီတာဟောင်း ဦးတင်မောင်သန်းက သုံးသပ်တာပါ။

မြန်မာနိုင်ငံရေးသုံးသပ်သူ တဦးဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်းကလည်း သူ့အမြင်ကို အခုလို ပြောပါတယ်။

“ ဦးဝင်းမြင့်ဟာ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်လည်းဖြစ်တယ်ပေါ့။ နောက်ပြီးတော့ လက်ရှိ လွှတ်တော်ဥက္ကဌ တဦးလည်းဖြစ်တဲ့ အခါကျတော့ သူ လွှတ်တော်ဥက္ကဌ တာဝန်ကနေ နုတ်ထွက်တယ်ဆိုကတည်းကိုက ဒါဟာ သမ္မတ ရွေးကောက်ခံဖို့အတွက် ဦးတည်ပြီး နုတ်ထွက်တာလို့ ယူဆလို့ ရပါတယ်။”

ဦးဝင်းမြင့်အနေနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်စဉ်က တခါတရံ တင်းတင်းမာမာပြတ်ပြတ် သားသား ဆောင်ရွက်တတ်တာကြောင့် သမ္မတဖြစ်လာရင် အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးအပေါ်မှာ တစုံတရာ သက်ရောက်နိုင်မလားဆို ဝေဖန်တာတွေ လည်း ရှိနေပါတယ်။ ဒီအပေါ်မှာတော့ ဦးတင်မောင်သန်းက အခုလို သုံးသပ်ပါတယ်။

“ တပ်မတော်နဲ့ ဆက်ဆံရေးက အဓိက လုပ်နေတာတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်တယ်လို့ ထင်တယ်။ ဦးဝင်းမြင့်ကတော့ သမ္မတဖြစ်လာရင် အုပ်ချုပ်ရေးကိစ္စတွေမှာပဲ အဓိက ဖြစ်လောက်တယ်လို့ ထင်တယ်။ ဆိုတော့ ဆရာဦးဝင်းမြင့်က ထက်ထက်မြက်မြက် နဲ့ ပြောတတ် ဆိုတတ်လုပ်တတ်တယ်။ အလုပ်လုပ်တဲ့ နေရာမှာ စနစ်ကျတယ်လို့ သိကြတယ်ပေါ့လေ ပါတီတွင်းမှာ။အဲဒီအရည်အသွေးတွေ အားလုံးကို အစိုးရအဖွဲ့ အတွင်းထဲမှာ ယူလာပြီးတော့ ပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆိုရင် မကြာခဏ ဆိုသလို မီဒီယာတွေမှာ ဝေဖန်နေကြတဲ့ အပြောင်းအလဲ တခုများ ဖြစ်မလားဆိုတဲ့ မှန်းဆချက်တွေကိုလည်း ဆရာဦးဝင်းမြင့်က ဦးဆောင်သွားနိုင်တဲ့ လူမျိုးဖြစ်တယ်လို့ ကျနော်က အဲလို ထင်တယ်။ ”

ဒေါက်တာရန်မျိုးသိမ်း ကလည်းနိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးအပေါ် အလေးထားဆောင်ရွက်နေတာကြောင့် ကြီးကြီးမားမား စိုးရိမ်ဖို့ မရှိနိုင်ကြောင်း ပြောပါတယ်။ တဆက်တည်း မှာပဲ သမ္မတသစ်အဖြစ်ရွေးခြယ် ခံရဖွယ်ရှိတဲ့ ဦးဝင်းမြင့်အပေါ် မျှော်လင့်ချက်ကို အခုလို ဆက်ပြောပါတယ်။

“ကျနော့ အမြင်ကတော့ တကယ်လို့ ဦးဝင်းမြင့်အနေနဲ့ နိုင်ငံရဲ့ စီးပွားရေးအပိုင်းပေါ့။ စီးပွားရေး ပြုပြင်ပြောင်းလဲရေးအပိုင်း၊ နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအပိုင်း အဲဒီအပိုင်းကဏ္ဍတွေကို ထိထိရောက်ရောက်နဲ့ပေါ့လေ တိတိကျကျ တင်းတင်း ကျပ်ကျပ်ဆောင်ရွက် လာနိုင်မယ်ဆိုရင်တော့ ဒါဟာ ပိုပြီးတော့ ကောင်းတဲ့ အလားအလာတွေ ကို မြင်တွေ့ရနိုင်တယ်လို့ မြင်ပါတယ်။ ”

သမ္မတအဖြစ် ရွေးခြယ်ခံရဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်နေသူ ဦးဝင်းမြင့်ဟာ ၁၉၉၀ပြည့် ရွေးကောက်ပွဲမှာ လွှတ်တေ်ာကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ် သလို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်ပါတယ်။

သမ္မတ ဦးထင်ကျော် ရာထူးကနေ အနားယူသွား တာ ကျန်းမာရေးမကောင်းတာကြောင့် လို့ပဲ အများက ယူဆထားကြပေမယ့် ဘာကြောင့်လဲဆိုတာကိုတော့ တရားဝင် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ လစ်လပ်နေတဲ့သမ္မတနေရာမှာ ဖွဲ့စည်းပုံအရ ဒုသမတဖြစ်သူ ဦးမြင့်ဆွေက ယာယီ တာဝန်ယူရမှာဖြစ်ပြီး နိုင်ငံခြားခရီးစဉ်ကနေ ဒီကနေညပိုင်းမှာ ပြန်လည် ရောက်ရှိဖွယ်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG