သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဖိအားပေးဖို့် ဘန်ကီမွန်း အစည်းအဝေးခေါ်


မြန်မာ့အရေး ဖိအားပေးဖို့် ဘန်ကီမွန်း အစည်းအဝေးခေါ်
မြန်မာ့အရေး ဖိအားပေးဖို့် ဘန်ကီမွန်း အစည်းအဝေးခေါ်

နယူးယောက်မြို့မှာ ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပနေတဲ့ အထွေထွေ ညီလာခံကြီးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မြန်မာ့အရေးကို သူ့ရဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများ အဖွဲ့နဲ့ ဒီနေ့ အမေရိကန်စံတော်ချိန် ညနေ ၅ နာရီမှာ သီးခြား အစည်းအဝေး ခေါ်ယူဖို့ ရှိပါတယ်။ ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လတ်တလော အရေးတကြီး ဆွေးနွေးရမယ့် ကိစ္စဟာ နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကိစ္စဖြစ်ပြီး ဒီရွေးကောက်ပွဲဟာ အများလက်ခံနိုင်လောက်တဲ့ ရွေးကောက်ပွဲမျိုး မဟုတ်တဲ့အတွက် အသိအမှတ် မပြုဖို့အပြင် မြန်မာစစ်အစိုးရဟာ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်နေတဲ့အတွက် မြန်မာစစ်အစိုးရကို နိုင်ငံတကာမှာ ခုံရုံးတင်ဖို့ ဆွေးနွေးသင့်တယ်လို့ သုံးသပ်နေကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်နေတဲ့ မြန်မာစစ်အစိုးရနဲ့ ပတ်သက်ပြီး နိုင်ငံတကာက တနေ့ထက်တနေ့ ဝေဖန်မှုတွေ တိုးပြီး လုပ်လာနေတာ တွေ့ရပါတယ်။ စက်တင်ဘာလ ၂၄ ရက်နေ့ အာဆီယံနိုင်ငံတွေနဲ့ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲမှာလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြောင်းလဲရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးသာမက အခုကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတပြီး အားလုံး ပါဝင်စေဖို့ ကိစ္စဟာ အရေးတကြီး လိုအပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ လူသားချင်း စာနာမှုဆိုင်ရာနဲ့ တခြား တိုးတက် ပြောင်းလဲမှုတွေ ဖြစ်လာစေဖို့အတွက် အာဆီယံနိုင်ငံတွေက သူ့ကို ကူညီကြဖို့လည်း ပန်ကြားခဲ့ပါတယ်။ မြန်မာစစ်အစိုးရနဲ့ ပတ်သက်ပြီး အာဆီယံ နိုင်ငံတွေက အမြဲတစေ ပျော့ပျော့ပြောင်းပြောင်း ကိုင်တွယ်တတ်တာမို့ ရေရှည်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာနိုင်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သတိပေးခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုထိ ဖမ်းဆီးထားတဲ့အပြင် ဖိနှိပ်ချုပ်ချယ် ခံနေရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး မြန်မာစစ်အစိုးရကို အထူးစိတ်ပျက်ကြောင်း ပြောဆိုခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ နယူးယောက် စံတော်ချိန် တနင်္လာနေ့ ညနေ ၅ နာရီမှာ သူ့ရဲ့ မြန်မာ့မိတ်ဆွေများ အဖွဲ့နဲ့ မြန်မာ့အရေးကို ဆွေးနွေးဖို့ ရှိပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ခေါင်းဆောင်တဦးလည်းဖြစ်၊ ဝါရင့် သတင်းစာ ဆရာကြီးလည်း ဖြစ်တဲ့ ဆရာ ဦးဝင်းတင်ကတော့ ဒီဆွေးနွေးပွဲမှာ လူ့အခွင့်အရေး ကြီးကြီးကျယ်ကျယ် ချိုးဖောက်နေတဲ့ မြန်မာအစိုးရကို ထိထိရောက်ရောက် အရေးယူဖို့အတွက် ဆွေးနွေးသင့်တယ်လို့ ဆိုပါတယ်။

“မြန်မာပြည်ထဲမှာ မစ္စတာ ဘန်ကီမွန်းက လုပ်ပေးဖို့ ကောင်းရဲ့သားနဲ့ မလုပ်သေးတာတွေ အများကြီးရှိတယ်။ အာရှတိုက်သား၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်တဲ့အတွက်လည်း ကျနော်က အားကိုးတယ်။ ကျနော်တို့ အနေနဲ့ကတော့ အားကိုးစရာရှိတဲ့ အထဲမှာ တခြားနေရာတွေက နိုင်ငံတွေဖြစ်ပြီး ကုလသမဂ္ဂ ဆိုတာတော့ ကမ္ဘာ့အဖွဲ့အစည်း ဖြစ်တဲ့အတွက် ကျနော်က အားကိုးတယ်။

“အဲဒီလို အားကိုးသော်ငြားလည်း မစ္စတာ ဘန်ကီမွန်းက စိုးရိမ်တယ်၊ စိုးရိမ်တယ် ဆိုတာမှအပ ဘာဆို ဘာမှကို လုပ်ကိုင်ခြင်း မရှိဘူးလို့ ကျနော်တို့ တဖြည်းဖြည်း အဲဒီလိုပဲ ပြည်တွင်းမှာ သတ်မှတ်လာကြတယ်။ ဒါ ကျနော်တို့ NLD က ကာကယံရှင်မို့ ပြောတာ မဟုတ်ပါဘူး။ ကျနော်တို့ အဲဒီလိုပဲ သတ်မှတ်တာပဲ။ အဲဒါကြောင့် ကျနော်က မစ္စတာ ဘန်ကီမွန်းက ပြောင်းသင့်တယ်၊ Action တော့ ယူသင့်တယ်၊ ဘယ်လို Action မျိုး ယူမလဲဆိုတော့ အနိမ့်ဆုံးအားဖြင့် အလုပ်ပါတဲ့ အရေးယူမှု၊ ဆောင်ရွက်မှု၊ အဆိုပြုချက်တွေ ပြဋ္ဌာန်းသင့်တယ်၊ အစီအမံတွေ လုပ်သင့်တယ်။

“နောက်ဆုံးကျတော့ ICC လိုဟာမျိုးမှာ အခု အမေရိကန်တို့ ဘာတို့ အပါအဝင် နိုင်ငံတော်တော်များများက စပြီး ထောက်ခံနေပြီ။ အဲဒါတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂကနေပြီးတော့ တနည်းနည်းနဲ့ မြန်မာပြည် အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အလွန် ပြင်းထန်တဲ့အခါမှာ ဒါတွေနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ အရေးယူမှု အဆင့်အထိ ရောက်အောင် မစ္စတာ ဘန်ကီမွန်း အနေနဲ့ တိုက်တွန်းသင့်တယ်လို့ ထင်ပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေများ အဖွဲ့နဲ့ ဆွေးနွေးပွဲမှာ နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒီရွေးကောက်ပွဲဟာ အများလက်ခံနိုင်လောက်တာ မဟုတ်တဲ့အတွက် အသိအမှတ် မပြုဖို့အပြင် ဟန့်တားနိုင်ဖို့ပါ ဆွေးနွေးသင့်တယ်လို့ ဆိုပါတယ်။

“Friends of Burma နဲ့ ဆုံတွေ့ကြမယ်ဆိုတဲ့ အခါမှာ ဒီအဖွဲ့အစည်းရဲ့ အမည်ဟာ Friends of Burma လို့ ဆိုတဲ့အတိုင်း၊ နောက်တခါ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးတော့ ပြုပြင်မှုတွေ၊ ပြောင်းလဲမှုတွေ၊ တိုးတက်မှုတွေ ဖြစ်စေချင်တဲ့ ဆန္ဒရှိမယ် ဆိုတာလည်း ကျနော်က ယုံမှတ်ထားတဲ့ အတိုင်းပဲ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးတော့ ထိရောက်တဲ့ ဆုံးဖြတ်ချက်များ၊ အကျိုးသက်ရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်များ၊ သြဇာသက်ရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်များကို အခု ဒီဆွေးနွေးပွဲကနေ ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။

“အဲဒီထဲကနေ ဘယ်အချက်ကို ဇောင်းပေးပြီးတော့ ပြောချင်သလဲ ဆိုရင်တော့ မကြာမီ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုမှကို တိုင်းသူပြည်သားတွေက လက်ခံနိုင်တဲ့ ရွေးကောက်ပွဲလည်း မဟုတ်ပါဘူး။ တရားမျှတ၊ လွတ်လပ် သန့်ရှင်းမယ့် ရွေးကောက်ပွဲလည်း လုံး၀ မဟုတ်ပါဘူး။ ပြီးတော့ ကမ္ဘာက တောင်းဆိုနေတဲ့၊ ကုလသမဂ္ဂ တောင်းဆိုနေတဲ့ အလုံးစုံ ပါဝင်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်မှာမဟုတ်ဘူး။

“အဲဒါကြောင့် ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲကို တနည်းနည်းနဲ့ ဟန့်တားတဲ့သဘော၊ ဝေဖန် ပြစ်တင်တဲ့သဘော၊ ရှုတ်ချတဲ့သဘော၊ သို့မဟုတ်ရင်လည်း ဒီအတိုင်းသာ ဆက်ပြီးတော့ ဇွတ်တရွတ် ကျင်းပမယ် ဆိုရင်တော့ ဒီရွေးကောက်ပွဲက ပေါ်ပေါက်လာမယ့် ရလဒ်များကို အသိအမှတ် မပြုဘူးဆိုတဲ့ သဘောထားတွေကိုလည်း လမ်းကြောင်းပြီးတော့ ဆွေးနွေးချက်တွေ ပေါ်စေချင်တယ်၊ ဝေဖန်ချက်တွေ ပေါ်စေချင်တယ်။ ကျနော် အဲဒီလိုပဲ ဆန္ဒရှိပါတယ်။”

ဆရာဦးဝင်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG