သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်ပြီး ပွင့်လင်းတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဘန်ကီမွန်း တိုက်တွန်းဆဲ


လွတ်လပ်ပြီး ပွင့်လင်းတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဘန်ကီမွန်း တိုက်တွန်းဆဲ
လွတ်လပ်ပြီး ပွင့်လင်းတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဘန်ကီမွန်း တိုက်တွန်းဆဲ

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံနိုင်လောက်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ကို လွှတ်ပေးရမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ပြောကြားလိုက်ပါတယ်။

“ဒီနေ့ ကျနော်တို့ဟာ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ရဲ့ တတိယအကြိမ်မြောက် အစည်းအဝေးကို ကျင်းပကြပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေမှုတွေကို ဆန်းစစ်ပြီး အသွင်ကူးပြောင်းရေး ချောမွေ့ အောင်မြင်ဖို့၊ အရပ်သား ဒီမိုကရေစီ အစိုးရတရပ် ပေါ်ထွန်းစေဖို့၊ မြန်မာအစိုးရနဲ့ ပြည်သူတွေကို ကူညီဖို့ သိပ်အရေးကြီးတယ် ဆိုတဲ့အကြောင်း ကျနော်တို့ ဆွေးနွေးကြပါတယ်။

“နှစ်ပေါင်း ၂၀ အတွင်း ပထမဦးဆုံး ကျင်းပမယ့် ရွေးကောက်ပွဲဖြစ်တဲ့ နောင်လာမယ့်လဟာ အင်မတန် အရေးကြီးပါတယ်။ လက်ရှိ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒီအဖွဲ့ရဲ့ အဖွဲ့ဝင်တွေ အားလုံးက အားပေးမှု၊ စိုးရိမ်မကင်းမှု၊ မျှော်လင့်မှုတွေ ရှိနေကြပါတယ်။ ရွေးကောက်ပွဲမှာ လူတိုင်း ပါဝင်နိုင်ဖို့၊ ပွင့်လင်းမြင်သာမှုရှိဖို့ ဆိုတာကို အားလုံးက ထပ်မံ ဖော်ပြကြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အထိန်းသိမ်းခံတွေ အားလုံး လွတ်မြောက်ဖို့ လိုအပ်ကြောင်းကိုလည်း အားလုံးက ဖော်ပြကြပါတယ်။ ဒါဟာ ရွေးကောက်ပွဲ အောင်မြင်ဖို့၊ မြန်မာနိုင်ငံ တည်ငြိမ်ဖို့၊ တိုးတက်ဖို့ အင်မတန် အခရာကျတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။

“ဒါ့အပြင် မြန်မာ့မိတ်ဆွေတွေ အားလုံးဟာ မြန်မာနိုင်ငံ ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးမှာ ကူညီ အားပေးဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့ ဆိုတာလည်း ထပ်မံ အတည်ပြု ပြောကြားကြပါတယ်။ ကျနော့်ရဲ့ အားထုတ်မှုကို ပူးပေါင်း ကူညီကြဖို့ ပြောကြားကြတာကိုလည်း ကျနော်က ကြိုဆိုပါတယ်။ အထူးသဖြင့် မြန်မာ့အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံ အစိုးရအနေနဲ့ နိုင်ငံတကာရဲ့ ဆန္ဒနဲ့အညီ တုံ့ပြန် ဆောင်ရွက်ဖို့ လိုအပ်တယ် ဆိုတာကိုလည်း ကျနော်က ပြောကြားလိုပါတယ်။”

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ ဆွေးနွေးပွဲအပြီးမှာ မစ္စတာ ဘန်ကီမွန်းက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေ စုံစမ်းစစ်ဆေးမယ့် ကိစ္စနဲ့ ပတ်သက်လို့ ပြောစရာ တစုံတရာ မရှိသေးကြောင်းနဲ့ ဒီနှစ်အတွင်း မြန်မာနိုင်ငံကို သွားဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်တဲ့အတွက် ဝမ်းနည်းကြောင်းလည်း အတွင်းရေးမှူးချုပ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဗြိတိန်၊ အမေရိကန်၊ သြစတြေးလျအပြင် တရုတ်၊ ရုရှား စတဲ့ နိုင်ငံပေါင်း ၁၄ နိုင်ငံ ပါဝင်ကြတဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများ ဆွေးနွေးပွဲဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေရာ နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ မကြာခင်ကပဲ ပြီးဆုံးသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့လည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလီယံ ဟေ့ဂ် (William Hague) က တနင်္လာနေ့ကပဲ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေအပေါ် ဗြိတိန်နိုင်ငံက စိုးရိမ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ ရွေးကောက်ပွဲမှာ အတိုက်အခံတွေ အားလုံး ပါဝင်နိုင်ရေးအတွက် နိုင်ငံတကာက အပြင်းထန်ဆုံး ဖိအားတွေပေးပြီး စစ်အစိုးရကို တိုက်တွန်းစေချင်တဲ့အကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG